ondragstart="return false" onselectstart="return false"

Friday, November 25, 2011

KIO နှင့် အစိုးရ သောင်မတင် ရေမကျ

ဖနိဒါ | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၁ ခုနှစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာအစိုးရ ကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တွေ့ဆုံခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် မရေရာသေးဘဲ ဖြစ်နေသည်ဟု KIO က ပြောသည်။

KIO အတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗဟိုကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဦးလဖိုင်လ၊ ဗိုလ်မှူးကြီးလအောင် သုံးဦး
တို့ ဝန်ကြီး ဦးအောင်မင်းနှင့် နိုဝင်ဘာ ၁၉ နှင့် ၂ဝ ရက်များတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ သို့သော် KIO ဘက်မှ အစိုးရက လိုလားနေသော အပစ်အခတ် ရပ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း မရှိခဲ့သလို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကိုသာ ဦးတည်ထားသည်။

“သူတို့ပြောနေတဲ့ အပစ်အခတ်ရပ်ရေး လုပ်မယ်။ ဆက်ဆံရေးရုံးတွေ ပြန်ဖွင့်မယ်။ တဘက်နဲ့ တဘက်သွားရင် နယ်ကျော်သွားရင် ခွင့်ပြုချက်ယူပြီးတော့ သွားမယ်။ ဒေသဖွံ့ဖြိုးရေး လုပ်ရမယ် ဆိုတာတွေက နိုင်ငံရေးမှာ မပါတဲ့ အချက်တွေဘဲ။ ဒီအချက်တွေက သဘောတူညီချက်မှာ ပါစရာမလိုတဲ့ ကိစ္စပါ။ နိုင်ငံရေး ဆွေးနွေးမှုပဲ အရေးကြီး တယ်။” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္စျိမကို ပြောသည်။

“အစိုးရဘက်က နိုင်ငံရေးဆွေးနွေးဖို့ ဆန္ဒရှိရမယ်။ ဘယ်လိုတွေ့ဆုံကြမယ်ဆိုတဲ့ စီမံချက်တွေ ချပေးရမယ်။” ဟုလည်း ဦလနန်က ပြောသည်။

အစိုးရဝန်ကြီး ဦးအောင်မင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများကို သမ္မတ ဦးသိန်းစိန်က မသိရကြောင်း ပြောဆိုသဖြင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဖွဲ့စည်းလိုက်သော ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေး ကိုယ်စားလှယ်များနှင့် ဇွန်လ ၃ဝ ရက်၊ သြဂုတ်လ တရက်နေ့နှင့် နှစ်ရက်နေ့များတွင် KIO ခေါင်ဆောင်းများနှင့် ပဏာမ တွေ့ဆုံဆွေးနွေးခဲ့သော ဗီဒီယိုမှတ်တမ်းများကို ပေးပို့လိုက်သည်ဟုလည်း သိရသည်။

အစိုးရ၏ ငြိမ်းချမ်းရေးအစီအစဉ်အတွင် အပစ်အခတ်ရပ်ရေး၊ သက်ဆိုင်ရာ ပြည်နယ်မြို့တော်များတွင် တွေ့ဆုံ
ဆွေးနွေးမှု ပြုလုပ်ရေး၊ သက်ဆိုင်ရာဒေသအလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းများ ရေးစွဲရန်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီး တိုင်းရင်းသားအားလုံး၏ သဘောတူညီ ချက်များ ရရှိပါက လွှတ်တော် ကိုယ်စားလှယ်များရှေ့တွင် သဘောတူညီချက် လက်မှတ်ရေးထိုးကာ ပင်လုံညီလာခံ ကဲ့သို့ လုပ်ဆောင်ရေးတို့ ပါဝင်သည်။

KIO အပါအဝင် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း SSA-S ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင် အမျိုးသား အစည်းအရုံး KNUနှင့် ချင်းအမျိုးသားတပ်ဦး CNFတို့နှင့် ဦးအောင်မင်းက သီးခြားဆီ ဆွေးနွေးခဲ့ကြသည်။ SSA-S နှင့် CNF တို့က အပစ်အခတ်ရပ်ရေးကို မူအားဖြင့် သဘောတူညီခဲ့ကြသော်လည်း ကျန်အဖွဲ့များကမူ အဖွဲ့တွင်း
ဆွေးနွေးမှုပြုမည်ဟု ဦးလနန်က ပြောသည်။

"လက်နက်ကိုင်ထားကြပါ။ ဆက်ဆံရေးရုံး ပြန်ဖွင့်ကြမယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ရအောင်ဆိုတဲ့ဟာမျိုး ကတော့ အရင် နဝတခေတ်မှာ သုံးနေတဲ့ နည်းလမ်းဟောင်းပါ။ ဒီပုံစံကတော့ အဆင်ပြေနေတဲ့ဟာမျိုး မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။

၁၉၉၄ ခုနှစ်မှသည် ၂ဝ၁၁ ခုနှစ်အထိ KIO နှင့် အစိုးရနှင့် အပစ်အခတ်ရပ်ခဲ့စဉ်က ဆက်ဆံရေးရုံးဖွင့်ခြင်း၊ ထိန်းချုပ်နယ်မြေ ခွဲခြားခြင်း၊ နယ်မြေ ကျော်ဖြတ်ရန် ခွင့်ပြုချက်ယူရခြင်း၊ ဖမ်းဆီးထားသူများကို ပြန်လွတ်ပေးခြင်း စသည့်အချက်များ ပါဝင်ခဲ့သည်။

ထိုအခိုက် ဗုဒ္ဓဟူးနေ့က မန္တလေး- နမ်းခမ်းလမ်းဘက်မှ မန်စီမြို့နယ် မန်ဝင်းကျေးရွာဘက် စစ်ကားအစီး ၄၉ စီးခန့်
မှ စစ်သည် အင်အား ၁,၄ဝဝ ကျော် ရောက်ရှိလာသလို၊ ဗန်မော်မြို့တွင်လည်း သင်္ဘော သုံးစီးစာ စစ်သားအပြည့် ဝင်ရောက်လာသည်ဟု KIO ဘက်က ပြောသည်။ ထို့အပြင် ရှမ်းပြည်နယ် မုန်ကိုမြို့နယ်အတွင်း KIO ၏ တပ်မဟာ ၄ နယ်မြေသို့ မြန်မာအစိုးရ၏ စစ်ကားအစီး ၂ဝ ကျော် ဝင်ရောက်လာမှု ရှိနေသည်ဟု ဆိုသည်။

KIO တပ်မဟာ ၅ ရှိရာ ဗန်မော်မြို့နယ်၊ မိုးမိတ်မြို့နယ်အတွင်း မြန်မာအစိုးရတပ်ဘက်မှ ၂,၀၀၀ နီးပါး ရှိနေပြီး ဆက်လက်ကာ တပ်တိုးချမှုများ ရှိနေသည်ဟုလည်း ဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/8675-kio----.html

No comments:

Post a Comment