ondragstart="return false" onselectstart="return false"

Thursday, November 17, 2011

သုံးပွင့်ဆိုင်မှ နှစ်ပွင့်ဆိုင်သို့

ညီညီလွင်
တန်ဆောင်မုန်းလဆုတ် ၆ရက်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၁

လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာမှာ ယေဘုယျအားဖြင့် ပြည်တွင်းစစ်နှင့် နိုင်ငံရေးမတည်ငြိမ်မှုဟု ရှုမြင်ခဲ့ကြသည်။ ၁၉၈၈ ခု ဒီမိုကရေစီရရှိရေး ဆန္ဒပြတောင်းဆိုမှုနောက်ပိုင်းတွင် နိုင်ငံရေးအခင်းအကျင်းသည် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် စစ်အာဏာရှင်များကြား သုံးပွင့်ဆိုင် ဖြေရှင်းရမည့် နိုင်ငံရေးအသွင်သို့ ကူးပြောင်းခဲ့ပေသည်။ သို့ရာတွင် ၂၀၁၀ ခု ရွေးကောက်ပွဲနောက်ပိုင်း အုပ်စိုးသူအစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများကြား နှစ်ပွင့်ဆိုင် (bilateral talk) နိုင်ငံရေးအသွင်သို့ ပြောင်းလဲစေခဲ့ပြန်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) သည် ထိုအပြောင်းအလဲကို “တိုင်းရင်းသားများ တသံတည်းထွက်ရေး” မူဖြင့် ကြိုးပမ်းခဲ့သည်။ လက်တွေ့ကျစွာ ကိုင်တွယ်နိုင်ခဲ့သည်ဟု ဆိုရပေမည်။ သို့ရာတွင် UNFC အဖွဲဝင်များ မဟုတ်သည့် ၀အမျိုးသားသွေးစည်းညီညွတ်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တို့တွင် နည်းဗျူဟာ ကွဲလွဲချက်များ ရှိနေပေသည်။

တိုင်းရင်းသားများ တသံတည်း ထွက်နိုင်မှသာလျှင် UNFC နှင့် ဦးသိန်းစိန်အစိုးရတို့ နှစ်ပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးနိုင်မည် ဖြစ်သည်။ တိုင်းရင်းသားများ တောင်းဆိုနေသည့် တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်၊ မိမိရိုးရာယဉ်ကျေးမှုစာပေများကို လွတ်လပ်စွာ ဖေါ်ထုတ်ခွင့် နှင့် ဒေသတွင်းဖွံ့ဖြိုးရေး လူထုအကျိုးပြုလုပ်ငန်းများလုပ်ကိုင်ခွင့်တို့ကို ရရှိကြမည် ဖြစ်ပေသည်။

၁၉၉၄ ခု ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို သုံးပွင့်ဆိုင် ဆွေးနွေးအဖြေရှာရန် ဆုံးဖြတ်ချက် ချခဲ့ကြပေသည်။ ၂၀၀၁ ခုတွင် ENSCC ကို ဖွဲစည်းကာ တိုင်းရင်းသားအင်အားများ တပွင့် ပါဝင်နိုင်ရန် ပြင်ဆင်ခဲ့ကြသည်။ ၂၀၀၄ ခုတွင် ENC ကို ရှမ်းပြည်နယ်မှအပ ကျန် ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်နှင့် ရခိုင်ပြည်နယ်များကို အခြေခံ ဖွဲစည်းကာ သုံးပွင့်ဆိုင်နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်စေရန် တွန်းအားပေးခဲ့ကြသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းတွင် ဦးသိန်းစိန်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားဆွေးနွေးကာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို တဖွဲ့ချင်းစီ ဆွေးနွေးလျက် ရှိပေသည်။ တနည်းဆိုရသော် သိန်းစိန်အစိုးရသည် (tripartite dialogue) သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ထိုရွေးကောက်ပွဲဖြင့် ခုန်ပျံကျော်လွှားခဲ့ပါသည်။

သို့ရာတွင် နှစ် ၂၀ ကျော် အပစ်အခတ် ရပ်စဲကာ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ငြင်းဆန်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ အခန်းကဏ္ဍသည် အစိုးရသစ်အတွက် ဦးစားပေး ကိုင်တွယ်ရမည့် စီမံကိန်း ဖြစ်လာခဲ့ပေသည်။ တနည်းအားဖြင့် လက်ရှိအာဏာရအစိုးရက တပွင်၊့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကို စုစည်းထားသည့် UNFC က တပွင့်၊ နှစ်ပွင့်ဆိုင် နိုင်ငံရေး စားပွဲတင် ဆွေးနွေးရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ပြီဖြစ်သည်။

လက်ရှိအစိုးရသည် ထိုနှစ်ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်ရေးကို မလိုလားပေ။ သက်ဆိုင်သည့် တိုင်းရင်းသားအဖွဲများနှင့် ဒေသအလိုက် ဆွေးနွေးကာ ငြိမ်းချမ်းရေး တည်ဆောက်လိုကြသည်။ UNFC ၏ ဗျူဟာကို သွေဖယ်စေခဲ့ပေသည်။ မိုင်းလာနှင့် ၀ အင်အားစုများကို သီးခြားဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း၊ မကြာသေးမီက DKBA နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ခြင်းတို့သည် သိန်းစိန်အစိုးရ၏ သိသာထင်ရှားသော သွေးခွဲစည်းရုံးခြင်းများပင် ဖြစ်သည်။

အလားတူ သွေးခွဲဖြိုခွင်းခဲ့သော အတွေ့အကြုံများကို လွန်ခဲ့သည့် ၃၅ နှစ်ကာလ National Democratic Front (NDF) ဖွဲစည်းစဉ်ကလည်း ကြုံခဲ့ရပါသည်။ NDF ပေါ်လစီသည် ယခု UNFC ပေါ်လစီနှင့် ထပ်တူပင် ဖြစ်သည်။ KIO သည် ၁၉၉၄ ခုတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပေသည်။ NDF မှ နှုတ်ထွက်ခဲ့ပေသည်။ ၁၉၉၅ ခုဇန်ဝါရီလတွင် KNU ဌာနချုပ် မာနာပလော ကျဆုံးခဲ့ပေသည်။ ထိုအချိန်မှ စ၍ KNU သည် ထိုးစစ်ဆင်နိုင်သည့်အနေအထားမှ ခုခံစစ်အသွင်သို့ ပြောင်းလဲကျင့်သုံးရသည်ကို တွေ့ရှိရပေသည်။

ယခုနှစ်ဆန်းပိုင်းကတည်းက ဦးသိန်းစိန်အစိုးရသည် KIO ကို ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိပေသည်။ တဖက်တွင်လည်း ကရင်၊ ရှမ်း၊ ၀ နှင့် မွန်တို့ကို ငြိမ်းချမ်းရေး ကမ်းလှမ်းကာ စစ်မျက်နှာများ ထပ်မံ မပေါ်ပေါက်စေရန်နှင့် KIO တခုတည်းကိုသာ အာရုံစူးစိုက် တိုက်ခိုက်နိုင်ရန် အားထုတ်လျက် ရှိပေသည်။ အခြား UNFC အဖွဲဝင်များက သိန်းစိန်အစိုးရ၏ စစ်ဗျူဟာကို တနည်းတဖုံအားဖြင့် အာရုံပြောင်းစေခြင်း၊ သူတို့၏ နိုင်ငံရေးဗျူဟာကို အခက်တွေ့စေခြင်း စသော စစ်ရေးနိုင်ငံရေးအခင်းအကျင်းများကို ချမှတ်ကာ အကောင်အထည် မဖေါ်နိုင်ခဲ့လျှင် အင်အားချင်း မမျှသော KIO သည် ၁၉၉၄-၉၅ ကာလတုန်းက KNU ရင်ဆိုင်ခဲ့ရသည့် ပုံစံနှင့် တထပ်တည်းကျ၍ အကြပ်အတည်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ တိုင်းရင်းသားများ အင်အားနည်းလျှင် နှစ်ပွင့်ဆိုင်နိုင်ငံရေးဆွေးနွေးရေးပွဲသည်လည်း အထမမြောက်နိုင်သည်ကို အထူးသတိချပ်ကြရပေမည်။

တိုင်းရင်းသားများ၏ နိုင်ငံရေးရေချိန်သည် ယခုကာလတွင် အနေအထားတခုထိ ရောက်ရှိနေပြီ ဖြစ်သည်။ အထူးသဖြင့် UNFC သည် ပြည်သူတို့အား ၎င်းတို့ပေါ်လစီကို ကျယ်ပြန့်စွာ ရှင်းလင်းထားရပေမည်။ ၀ အပါအ၀င် အခြားသော အင်အားစုများကို ဆက်သွယ်စုစည်းပြီး တသံတည်း ထွက်နိုင်အောင် ကြိုးစားရပါမည်။ ယခုအခါတွင် အမေရိကန်အစိုးရ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့က ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းချက်နှင့် UNFC ၏ နှစ်ပွင့်ဆိုင်ဆွေးနွေးပွဲမဟာဗျူဟာကို စိတ်ဝင်စားလျက် ရှိပေသည်။

နှစ်ပွင့်ဆိုင်ဆွေးနွဲပွဲ ဖြစ်ပေါ်လာစေရန်၊ နိုင်ငံတကာထောက်ခံမှု ရရှိရန် သံတမန်နည်းများဖြင့် အထူးကြိုးစား ချဉ်းကပ်ကြရပေမည်။ ပြည်တွင်းရှိ မဟာမိတ်တိုင်းရင်းသားညီနောင်ပါတီများကို ပွင်းလင်းစွာ ရှင်းပြကာ ထိုဆွေးနွေးပွဲ ဖြစ်ပေါ်စေရန် ၎င်းတို့လုပ်ပိုင်ခွင့်ဘောင်အတွင်းက ကူညီပေးနိုင်သည့် နည်းလမ်းများကို စုပေါင်း ရှာဖွေရပါမည်။ ၂၀၁၂ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် နှစ်ပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်ပေါ်ရန် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ယခုအချိန်မှ စ၍ အမေရိက၊ ဥရောပရှိ တိုင်းရင်းသားများကို စုစည်းပြီး သံတမန်ရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းကာ ပြင်ဆင်လှုပ်ရှားကြရပေတော့မည်။ အနောက်ဖက်စစ်မျက်နှာကို အမြန်ဆုံး ဖွင့်လှစ်ကာ ဗျူဟာအခင်းအကျင်းများ ပြောင်းလဲကျင့်သုံးကြရပေမည်။

တိုင်းရင်းသားများသည် အသက်ပေါင်းများစွာ စတေးပြီး ဘဝကို ပုံအပ်ကာ ရာစုနှစ်တ၀က်ကျော် လက်နက်ကိုင် တော်လှန်ရေးကို လုပ်နေကြရခြင်းမှာ လူမျိုးရေးပြဿနာ ရှိ၍ ဖြစ်ပေသည်။ ၁၉၄၈ ခု လွတ်လပ်ရေး ရပြီးချိန်ကတည်းက အုပ်ချုပ်သူ ဗမာလူမျိုးအများစုက တိုင်းရင်းသားတို့၏ နိုင်ငံရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်ခွင့် နှင့် စာပေယဉ်ကျေးမှုများကို ပိတ်ပင်ကာ ဗမာမှု ပြုရေးကို ဗဟိုအစိုးရက စီမံခန့်ခွဲ အကောင်အထည်ဖေါ်ရာမှ တိုင်းရင်းသားများနှင့် ဗမာလူမျိုးများကြား ပြဿနာများ ပေါ်ပေါက်ခဲ့ရပေသည်။ အင်အားသုံ၍လည်းကောင်း၊ စီပွားရေးမက်လုံးပေး၍လည်းကောင်း အရောင်ပြပြောင်းလဲစေရုံနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်၍ မရနိုင်ကြောင်း လွန်ခဲ့သည့် နှစ် ၅၀ ကျော် ဖြတ်သန်းမှုသမိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံတော်က တကယ့်စစ်မှန်သည့် ငြိမ်းချမ်းရေးကို လိုလားလျှင် တိုင်းရင်းသားပြဿနာအားလုံးကို နိုင်ငံရေးစားပွဲဝိုင်းတွင် ရိုးသားပွင့်လင်းစွာ ဆွေးနွေးအဖြေရှာမှသာလျှင် ရရှိနိုင်မည် ဖြစ်သည်။ တဖွဲချင်း ယာယီအပစ်အခတ် ရပ်စဲပြီး အပစ်ရပ်အင်အားစုများကို စီးပွားရေးခွင်အချို့၊ လွတ်လပ်ခွင့်တချို့ ပေးရုံဖြင့် ငြိမ်းချမ်းရေး တည်ဆောက်၍ မရပေ။

ထိုသို့ တည်ဆောက်ပါက ၁၉၉၃-၉၆ ခု ကာလက န၀တ စစ်အစိုးရ၏ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ချက်နှင့်သာ သဏ္ဍာန်တူနေပါလိမ့်မည်။ ပြည်သူများ ဆင်းရဲတွင်း နက်သထက် နက်လာခြင်း၊ နိုင်ငံခြားမှောင်ခိုလုပ်ငန်းရှင်များ ကြီးပွားလာခြင်း၊ နယ်စပ်ဒေသလူကုန်ကူးမှု များပြားလာခြင်း၊ လက်နက်မှောင်ခိုမှု မူးယစ်ဆေးဝါး ရောင်းဝယ်မှု ဒေသတွင်း လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရာဇ၀တ်မှု ထူးပြောလာခြင်းများသာ အဖတ်တင် ကျန်ရစ်ခဲ့သည်ကို သင်ခန်းစာ ယူကြရပါမည်။

(စာရေးသူသည် Arakan National Council (ANC) ၏ မဟာမိတ်နှင့် နိုင်ငံတကာဆက်ဆံရေး ကော်မတီ တာဝန်ခံ ဖြစ်ပါသည်။ ဖေါ်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)
http://www.kaowao.org/b/2011art-November-16.php

No comments:

Post a Comment