ondragstart="return false" onselectstart="return false"

Friday, April 9, 2010

မှော်ရုံတောကပြန်ခဲ့ပါ

ကြည့်စမ်းပါအုံး……..

ဒါ…မင်းတူ၊တူမတွေလေ
အဖေအမေနဲ့အတူ
မနိုင်နိုင်တာလေးထမ်းရင်း
ငိုရင်းပြေးရင်း၊ မိုင်းနင်းရင်း
သြော်..ဆင်းရဲတွင်းနက်နေကြတာတွေလေ။

ကြည့်စမ်းပါအုံး……..
ဗုံသံ၊ ယမ်းသံ၊ ငိုငြီးသံကြား
ပြေားလွားရှောင်ကွင်း၊ ခရီးပြင်းနှင်နေကြ
မုဆိုးမ အမေအိုတို့နဲ့
ကိုယ်ဝန်သည်တွေလဲ
မိုးထဲ ရေထဲ၊ ဝမ်းဆွဲမပါ
တောထဲမှာ မွေးလိုက်ရတာတွေလေ။

ကြည့်စမ်းပါအုံး……..
မုဆိုးမရွာလို့ဘဲခေါ်မလား
လင်ယောကျာင်္းတွေ
ပေါ်တာပါသွားပြီးနောက်
မိန်းမတွေ ရွာသူကြီးဖြစ်ပြန်တော့လဲ
အားနွဲ့မိန်းမသားဆိုပြီး
ညှာတာထားတာတွေဝေးစွ
ဒုက္ခက ရှုတ်ပွလှပါတယ်လေ။

ကြည့်စမ်းပါအုံး……..
ကူညီမဲ့သူ၊ ကယ်သူမျှော်နေကြတဲ့
ဆာလောင်နေကြ၊ သူတို့ခမျာ
ဘယ်တာမှာခရီးဆုံးမလဲ
တဝဲလည်လည်မေးခွန်းများနဲ့
မျှော်လင့်ချက်မဲ့နေကြပေါ့သားရယ်။

သားတို့ရေ ..အခုအခါ
မင်းရဲ့အကူအညီတခု
မင်းရဲ့အပြုအစု
မင်းရဲ့ကာကွယ်ပေးနိုင်မှု
မင်းရဲ့သွန်သင်မှုသာရှိခဲ့မယ်ဆိုရင်
မင်းဟာ သူတို့ရဲ့ အမေတို့ရဲ့
မြင့်မြတ်တဲ့ သူရဲကောင်းပေါ့။

အမေတို့မှာ
ထမီတိုတို၊ ရေစိုစိုနဲ့
ငိုယိုပြေးလွှားနေရ
ခောတ်သစ် မပဋာတယောက်လို
ဆောက်တည်ရာမဲ့နေတုန်းပါ။

တတိယနိုင်ငံမှာ
ပညာတွေသင်၊ စာတွေသင်လဲ
အရင်တခါက ဘဝတွေအတွက်
ထည့်တွက်စဉ်းစား မေ့မထားနဲ့နော်။

အဲဒီမှာ
ပကာသန၊ အလှအဖုံ
ရောင်စုံဆေးဆိုးဖော်ထားကြ
အပေါ်ယံအလွှာပါးက
အားကျစရာတွေမို့
မှင်သက်လို့နေသလား သားရေ။

အဲဒီမှာ
အမေတို့မျှော်လင့်တဲ့
မြင့်မြတ်တင့်တယ် ပန်းတိုင်မရှိဘူး။
ဆင့်ကဲပျက်စဉ်တွေပေး
အလှမ်းဝေးခြင်းတွေသာရှိတယ်။

အဖော်တွေအစုံနဲ့
အပျော်တွေစုံပါတယ်
အညှော်တွေစုံပါတယ်
မတော်တရော်တွေထုံတဲ့
မှော်ရုံတောကပြန်ခဲ့ပါတော့…သားရယ်။ ။

(လင်္ကာဒီပ)

မှတ်ချက်။ ။လမ်းမှားများပေါ်တွင်လျောက်နေကြသော၊ သိုးမဲဖြစ်မှန်းမသိဖြစ်နေကြသော အဝေးရောက် ကရင့်မျိုးဆက်ညီအစ်ကို မောင်မယ်အချို့ကို လက်ရှိကရင့်ဘဝအခြေအနေမှန် ချိန်ထိုးပြရင်း မပြီဆုံးသေးတဲ့တော်လှန်ရေး၊ မရောက်သေးတဲ့မျှော်လင့်ချက်ပန်းတိုင်အတွက် သတိတရားပြန်လည်ရရှိလားရေးအတွက်ရည်ရွယ်ရင်း၊ စွမ်းစွမ်းတမံနဲ့ တော်လှန်ရေးလမ်းပေါ်တွင် မမှိတ်မသုန်တန်းတူရေးတိုက်ပွဲဝင်နေသောကရင်အမျိုးသမီးခေါင်းဆောင်များကိုလေးစားသမှုထားရင်း (၂၅)နှစ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ငွေရတုသဘင်နေ့အတွက် ကျွန်ုပ်မှဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

No comments:

Post a Comment