ondragstart="return false" onselectstart="return false"

Monday, April 12, 2010

၂၀၁၀ ရွေးကောက်ပွဲ နှင့်ကျနော်အမြင်

၂၀၁၀ ရွေးကောက်ပွဲ နီးလာနှင့်အမျှ နအဖ သည် မိမိအနာဂတ်ရေးတွက် အားသွန်ခွန်စိုက် ကြိုးစားနေပါသည်။ အချိန်ဆွဲပြီး ၁၇ နှစ်ကြာ စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေ ကို အသက်သွင်းရန် ပွဲချိန် နီးလာလေ နအဖ ဗိုလ်ချုပ်များရင်ခုန်လေ ဖြစ်နေမှာမလွဲပါ။ ရွေးကောက်ပွဲအတွင်း (တရားသောနည်းဖြင့်သော၎င်း၊ မတရားနည်းဖြင့်၎င်း) သေချာစွာ အနိုင်ရရှိအောင် ကြိုးစားပြင်ဆင်နေသလို၊ ကံအကြောင်းမလှလို့ ရှုံးခဲ့လျှင် သူတကျုံးငါတစ်ပိုက် ပိုင်ဆိုင်နိုင်ရန် ဌာနဆိုင် ရာ လေလံပစ်ခြင်း၊ ဌာနပိုင် မြေကွက်/ အဆောက်အဦးများရောင်းချခြင်း၊ ပါမစ်များ စီပွါးလုပ်ကွက်များကို အပြိုင်အဆိုင်
ချပေးသလို နယ်ရောက် တပ်မတော်အရာရှိများလည်း မှောင်ခိုလုပ်ငန်းဖြင့် တစ်ပိုင်တစ်နိုင် ကြိုးစားရှာဖွေနေပုံမှာ “ တိုင်းပြည်တာဝန်နှင့် နှင့်လူမျိုးပေါ် မည်မျှတန်ဖိုထားနေကြောင်း” ပေါ်လွင်ထင်ရှားနေပါသည်။

အတိုက်ခံအဖွဲ့များကြား နှင့် တိုင်ရင်းသားအဖွဲ့များမှ နှစ်ရှည်လများ မြုပ်ထားသော မိမိလူများကိုပင် အဖေါ်ခံပြီး ရွေး ကောက်ပွဲ ဖြစ်မြောက်ရေးတွက် ကြိုးပမ်းနေပုံကို ထောက်ခြင်းဖြင့် ရွေးကောက်ပွဲသည် နအဖဗိုလ်ချုပ် တွေအတွက်အလွန်ရေးကြီးကြောင်းပေါ်လွင်နေပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အင်မတန်ကြောက်နေသော တပ်မတော်ကြီးကရွေးကောက်ပွဲ ဥပဒေဖြင့် ပ ထုတ်လိုက်ခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို အတိုင်းအတာ မည်လောက်ထိ ထိခိုက်သည်ကို တပ်မတော်သားများအားလုံး ဆန်းစစ်သင့်ပါသည်။

ပါတီမှတ်ပုံမတင်ရန် NLD ၏ဆုံးဖြတ်ချက်သည် မှန်ကန်သော ရွေးချယ်မူ့ အဖြစ် သုံးသပ်မိပါသည်။ လုံးဝ အလျှော့မပေးရေးမူ ကို တပ်မတော်က ဆွဲကိုင်ထားသော်လည်း NLD မှ များစွာအလျှော့ပေးနေခဲ့ပါသည်။ သို့သော်တပ်မတော်သည်နားမလည်တတ်သေးပေ။

ရွေးကောက်ပွဲဥပဒေထုတ်ပြန်ပြီး အဖွဲ့အစည်းများမှ ဆွေးနွေးပွဲများ၊ အစည်းဝေးမျာခေါ်ယူကာ အမြင်ချင်းဖလှယ်ခဲ့ပါ သည်။ အချို့က ရွေးကောက်ပွဲကို သပိတ်မှောက်သင့်သလို အချို့ကလည်း ရွေးကောက်ပွဲဝင်ရန် ဆန္ဒရှိနေပါသည်။ထူးခြားမူ့တစ်ခုမှာ ရွေးကောက်ပွဲဝင်မ၀င် အမြင်သဘောထားခြင်းကွဲနေပေမဲ့လည်း တူညီသော သဘောထားတစ်ခုမှာအ
“ စစ်အစိုးရဖြင့် စစ်မှန်သော ဒီမိုကရေစီလုံးဝမရနိုင်” ကြောင်းအားလုံးက ယုံကြည်လက်ခံထားပါသည်။

ရွေးကောက်ပွဲကိုဝင်လိုသောအဖွဲ့များ၏ ယုံကြည် မျှော်လင့်ချက်မှာ-
- ရွေးကောက်ပွဲဝင်ခြင်းဖြင့် အတိုင်းတာတစ်ခုထိ ပြောဆိုပိုင်ခွင့်ရှိလာမည်ဖြစ်သောကြောင့် တိုင်းပြည်အကျိုးပို၍ ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းပိုလာခြင်း။
- တစ်ချို့ကလည်း ပြသာနာဖြေရှင်းရန် နိုင်ငံရေးနည်းလမ်းပွင့်လာသည်ဟုသဘောထားခြင်း။
- လုံးဝမရတာနဲ့ယှဉ်ရင် နည်းနည်းရတာ အရင်ယူထား၊ ပြီးမှဆင့်ကာဆင့်ကာ များများရအောင်ဆက်လုပ်။
- လွှတ်တော်အစည်းအဝေးသည် အဓိက၊ လွှတ်တော်အမတ်နေရာဖြင့် ပြောရေးဆိုခွင့်ပိုရ၊ လွှတ်တော် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး မည်သူမျှဆောင်ရွက်ခွင့်မရှိသဖြင့် ဒီမိုကရေစီအခွင့်အလှမ်းပိုရနိုင်။ ထို့ကြောင့်မိမိရည်မှန်းချက် အ ကောင်ထည်ဖေါ်ရန် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်တော်အစည်းဝေးတွင်အနိုင်ရအောင်ကြိုးစားရမည်။

မည်သို့ပင်ဆိုစေ တိုင်းပြည်နှင့်လူမျိုး တိုးတက်ရန်အတွက် ရွေးကောက်ပွဲဝင်လိုသော ညီအစ်ကိုအဖွဲ့စည်းများအားလုံးကို ကျွန်တော်လေးစားပါသည်။ ရွေးကောက်ပွဲဆန့်ကျင်မည့် ညီအစ်ကို၊ အဖွဲ့အစည်းများကိုလည်း အပြစ်မမြင်ပါ။ သို့သော် စိတ်မကောင်း ဖြစ်မိသည်မှာ ၀င်သောအဖွဲ့ နှင့် မ၀င်သော်အဖွဲ့များသည် ယခင်က ရေစီးကြောင်းတစ်ခုထဲတွင် ဦးတည်ချက်
တစ်ခုတည်းဖြင့် ခရီးကြမ်းအတူတူ နှင်ခဲ့သူများဖြစ်ပါသည်။

နှစ်ရှည်လများ ဒီခရီးကြမ်းမှာ လျှောက်လှမ်းခဲ့ရတဲ့သူတစ်ဦးအနေဖြင့် နှစ်ဖက်အခြေအနေကို လက်လှမ်းမှီသလောက် လေ့လာတင်ပြခြင်ပါသည်။ ဤကြမ်းတမ်းသောခရီးမှာ နှစ်ရှည်လများ ကူးခတ်လျှက် လက်ပန်းကျသွားသောသူများကို နားလည်သလို မမောနိုင်မပန်းနိုင် မြုပ်လိုက်ပေါ်လိုက် ကူးခတ်နေသူများကိုလည်းလေးစားမိပါသည်။

သာလိကာ ကို လူစကားပြောသင်ပေးလျှင် ဖြစ်နိုင်ခြေရှိပြီး ကျီးးကန်းဌက် ကို လူစကားပြောသင်ပေးလျှင် လုံးဝ မဖြစ်နိုင်ကြောင်း လူအများလက်ခံမည်ဟု နားလည်ပါသည်။ ထို့အတူ စစ်အစိုးရနှင့်ပူးပေါင်းပြီး ဒီမိုကရေစီ ထူထောင်ရေးသည်သာလိကာ ကို လူစကားပြောသင်ပေး ခြင်းလား၊ သို့မဟုတ် ကျီးးကန်းဌက် ကို လူစကားပြောသင်ပေး ခြင်းလား ဆိုသောစဉ်းစားချက်များ ခေါင်းထဲဝင်လာပါသည်။

လက်ရှိအနေအထားတွင် နအဖ သည် ပြည်သူမှရွေးကောက်တင်မြှောက်ထားသောအစိုးရ မဟုတ်သဖြင့် တရားဝင် အစိုးရ မဟုတ်ပါ။ ရွေးကောက်ပွဲတွင် နအဖ အဖွဲ့မှ အနိုင်ရသွားပါက ဗိုလ်ချုပ်မူးကြီး သန်းရွှေ ဦးဆောင်သော အဖွဲ့သည်တရားဝင်အစိုးရဖြစ်လာတော့မည်။ ဒီမိုကရေစီရရှိရန် တရားမ၀င် အစိုးရနှင့် အားပြိုင်တိုက်ပွဲဝင်သည့်လမ်းကိုရွေးမလား၊ သို့မဟုတ်တရားဝင် အစိုးရနှင့်ယှဉ်ပြိုင်ပြီး ဒီမိုကရေစီတောင်းမည့် လမ်းကိုရွေးမလား၊ လမ်း ၂ လမ်းကို ရွေးဖို့ အချိန် ကျရောက် လာပါပြီ။ နည်းလမ်း ၂ ခု၏ အားနည်းအားသာချက် များကို ယှဉ်လျှက် မိတ်ဆွေတို့ ရွေးချယ်ဆုံး ဖြတ်ရတော့မည်။

ဒုတိယအနေဖြင့် မဲပေးစနစ် နှင့် မဲရေတွက်မူ အပိုင်းသည် နိုင်ငံတကာ နှင့် အများပြည်သူ၏ ယုံကြည်မူ့အတိုင်းအတာမည်မျှ ရှိနိုင်သနည်း။ အခြေခံဥပဒေ အတည်ပြုရေးတွင် ကန့်ကွက်မဲပေးခဲ့သော တိုင်းရင်းသားတစ်ဦးကို နအဖ စစ်ဗျုဟာမှုး က ဆုံးမခဲ့ဘူးပါသည်။ မိမိရွေးချယ်သော ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် အများပြည်သူဆန္ဒတိုင်း မဲပေးခွင့်မရှိသော အခြေအနေကို ရွေးကောက်ပွဲဝင်မည့် ပါတီအနေ နှင့်၎င်း မဲရုံကိုသွားမည့်ပြည်သူများ အလေးနက်ထားသင့်ပါသည်။ လူပေါင်းသိန်း နှင့်ချီသေပြီး သန်းချီ ဒုက္ခရောက်သော နာဂစ်ကာလ အခြေခံဥပဒေ အတည်ပြုချိန်ကို လည်းသတိရသင့်ပါသည်။

တတိယအဆင့်အနေဖြင့် ရွေးကောက်ပွဲ တွင် အနိုင်ရလာမည့် ပါတီသည် တပ်မတော်၏ အာဏာစက် အောက်တွင် ရှိနေပါသဖြင့် ဒီမိုကရေစီ၏အဓိကအခန်းကဏ္ဍဖြစ်သော တရားဥပဒေရေးဆွဲရေး၊ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေးများကိုတရားမျှတစွာ မည်သို့ဖေါ်ဆောင်နိုင်ပါသနည်း။

နည်းနည်းရတုန်းယူထား နောက်မှများများရအောင်ကြိုးစားခြင်း အတွေးအခေါ်သည် မမှားသလို ကိုယ်ကနည်းနည်းရချိန်တွင် စစ်အစိုးရမှ အဆမတန်များများယူပြီး ခိုင်မာသောအခြေအနေ တည်ဆောက်နေသည်ကို သတိမူသင့်ပါသည်။

ရွေးကောက်ပွဲသည် တိုင်းပြည်နှင့်လူမျိုးတွက် ပေးဆပ်ရန် အခွင့်အရေးဟု မြင်သောညီအစ်ကိုများအနေဖြင့် ရွေးကောက် ပွဲသည် နအဖ ၏ ထွက်ပေါက်ဖြစ်ပြီး၊ နအဖ ၏ ထွက်ပေါက်သည် ဒီမိုကရေစီ တိုက်ပွဲဝင်နေသူများအတွက် ထောင်ချောက်ဖြစ်နိုင်သည်ကို မြင်တတ်ဖို့လိုပါသည်။ တစ်ဖက်တွင်လည်း လွှတ်တော်မှတဆင့် အချိန်အတိုင်းတာတစ်ခုတွင်းရရှိနိုင်သော ဒီမိုကရေစီပမာဏ ကိုမိမိထင်မြင်ချက်ထက် လက်တွေ့ရရှိမည့် ပမာဏ နှင့် ခိုင်ခန့်မူ့ကို ရွေးကောက်ပွဲဝင် မည့် ပါတီများ မှ ရှင်းပြနိုင်ရမည်။

မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲဝင်ရန် သံဓိဌာန်ချထားသော ညီအစ်ကိုများကိုမေတ္တာ ရပ်ခံလိုသည်မှာ- အလျှော့မပေးရေးဆိုသည့်အာဏာရှင်ဝါဒသည် ဒီမိုကရေစီ နှင့် ဒွန်တွဲ ၍ မရသည့်အတိုင်း မိမိပါတီမှ ၄င်းဝါဒစနစ်ကို ဆန့်ကျင်ပြီး ပုံသက်သေကောင်းပြလျှက် နအဖ ကို အလျှော့ပေးလာအောင်ဖိအားပေး နိုင်ရမည်။ တရားမျှတသောရွေးကောက်ပွဲဆိုသည့်အတိုင်းအကန့်အသတ်မရှိသော လူထုနှင့် တွေ့ဆုံစည်းရုံးခွင့်ကို တောင်းနိုင်ရမည်။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို အတိုင်း
တာတစ်ခုထိရရှိမည်။ လက်ရှိတွင် ရွေးကောက်ပွဲ ကိုဆန့်ကျင်ရေးသားခွင့်မရှိသော်လည်း ရွေးကောက်ပွဲဝင်မည့် အခြားပါတီများအကြောင်းကို လွတ်လပ်စွာ ပြောဆိုရေးသားဖေါ်ပြခွင့် ရှိရမည်။

ရွေးကောက်ပွဲဝင်မည့် ကရင်ညီအစ်ကိုတော်များနှင့် တိုင်းရင်းသားအဖွဲ့များကို ထပ်ပြီးမေတ္တာရပ်ခံလိုသည်မှာ တိုင်းပြည် နှင့်လူမျိုးတွက်ဆိုပြီး ကြေညာထားသည့်အတိုင်း လက်တွေ့ကြိုးပမ်းမူ့အနေဖြင့် နယ်များတွင် နအဖတပ်၏ အနိုင် ကျင့် မူ့ဖြင့် ဒုက္ခရောက်နေသော မိမိ လူမျိုးများအခြအနေကို တိုးတက်လာအောင် ဆောင်ရွက်သင့်ပါသည်။ ၄င်းကြိုးပမ်းမူ့၏ရလဒ်ကို နအဖ အားတိုင်းတာမည့် ဒီမိုကရေစီ ပေတံဖြင့် အသုံးပြုသင့်ပါသည်။

ဖူးဒို
ဧပြီလ ၉ ရက်၊ ၂၀၁၀

No comments:

Post a Comment