ondragstart="return false" onselectstart="return false"

Thursday, April 1, 2010

ကရင် နိုင်ငံရေး ပါတီသစ် မှတ်ပုံတင်လျှောက်

မှတ်ချက်။ ။ ဧရာဝတီသတင်းမှရယူတင်ဆက်ပြီး ဓါတ်ပုံများကို ပေးပို့ လာသော ရဲဘော်မောင်ထူး အား သောသီခိုအဖွဲ့ သားများမှ အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

သတင်း - သန်းထိုက်ဦး Thursday, April 01, 2010

ကရင်တိုင်းရင်းသားများ ပါဝင်ဖွဲ့စည်း ထားသည့် နိုင်ငံရေး ပါတီသစ် တခုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန် နေ့က မှတ်ပုံတင်ရန် လျှောက်ထားကြောင်း ၎င်း ပါတီဝင်များက ပြောသည်။
ညောင်နှစ်ပင် ညီလာခံ၌ ဒေါက်တာစိုင်မွန်သာ - ၀ဲ (ဒုတိယ) ဓါတ်ပုံ - အမည်မသိ



ညောင်နှစ်ပင်ညီလာခံမှ ဓါတ်ပုံ(အမည်မသိ) - ၀ဲမှယာသို့  ( (၁)ဒေါက်တာစိုင်မွန်သာ (၂) ကရင်နီအမျိုးသားတစ်ဦး (၃) ဗမာအမျိုးသားတစ်ဦး (၄)ကရင်သူဌေး စောပလာထူး (၅) အမည်မသိကရင်အမျိုးသားတစ်ဦး)

ကရင်ပြည်သူ့ပါတီ (Kayin People's Party – KPP) ကို ထင်ရှားသည့် ကရင်ဆေးပညာရှင် ဒေါက်တာ စောဆိုင်မွန်သာ အပါအ၀င် ကော်မတီဝင် ၁၅ဦးခန့်ဖြင့် လွန်ခဲ့သည့်မတ်လဆန်းပိုင်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ကရင်အမျိုးသား အလံကို ပါတီ အလံ အဖြစ် အသုံးပြုမည် ဖြစ်သည်။

ယင်း ပါတီ အနေနှင့် ကရင်လူမျိုး အများအပြား နေထိုင်သော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် မဲ ဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

စောဆိုင်မွန်သာသည် ကရင်လက်နက်ကိုင် အဖွဲ့များနှင့် မြန်မာစစ်အစိုးရ အကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ကျော်ကြား လာခဲ့သူဖြစ်ပြီး ရန်ကုန်အခြေစိုက် ကရင် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ ဥက္ကဌလည်း ဖြစ်သည်။

ထို့အပြင် ၂၀၀၄ ခုနှစ်တွင် ရန်ကုန်၌ကျင်းပသော ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ဦးဆောင်သည့် ကရင်အမျိုးသား အစည်း အရုံး (KNU) ကိုယ်စားလှယ်အဖွဲ့နှင့် ထိုအချိန်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်သည့် စစ်အစိုးရ ကိုယ်စား လှယ်အဖွဲ့ တို့၏ ငြိမ်းချမ်းရေး စကားဝိုင်းကို ၎င်းတို့က စီစဉ်ပေးခဲ့သည်။

ကရင်ပြည်နယ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)၊ ဗိုလ်မှူးကြီး သူမူဟဲ ဦးဆောင်သော ကရင် ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ ဗိုလ်မှူးချုပ်ထိန်မောင် ဦးဆောင်သော KNU/ KNLA ငြိမ်းချမ်း ရေးကောင်စီနှင့် ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ နေစိုးမြ ဦးဆောင်သော အဖွဲ့ အပါအ၀င် ခွဲထွက် အဖွဲ့ ၆ ဖွဲ့ တို့က နိုင်ငံရေး ပါတီဖွဲ့စည်းရန်နှင့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒမရှိကြောင်း သိရသည်။

စစ်အစိုးရကို ထောက်ခံသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအ သင်း (USDA) သည် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း များ အတွက် ကရင်လူမျိုးများကြား မဲဆွယ် စည်းရုံးနိုင်ရန် သြဇာရှိ၍ လူအများ လေးစားသော ကရင်ဘာသာရေး ခေါင်းဆောင်များ ၏ အကူအညီကို ရယူလျှက်ရှိကြောင်း ရန်ကုန်အခြေစိုက် ကရင်သတင်းရပ်ကွက်များ က ဆိုသည်။

လူအများလေးစားခံရသည့် ကရင်အမျိုးသား လည်း ဖြစ်သူ အငြိမ်းစား ဗိုလ်မှူးကြီးဟောင်း စောခင်စိုးသည် ကရင်ပြည်နယ်အတွင်း USDA အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူခဲ့ပြီးဖြစ်ကြောင်း DKBA နှင့် နီးစပ်သည့် သတင်းရပ် ကွက်တခုက ဧရာဝတီသို့ ပြောပြသည်။

စောခင်စိုးသည် မြန်မာစစ်အစိုးရက ယုံကြည်ရသူဟု ဝေဖန်မှုများရှိနေပြီး DKBA အဖွဲ့ဝင်များ အပါအ၀င် ကရင် လူထုကြား၌
လေးစား အသိအမှတ် ပြုခံရသူဖြစ်ကြောင်းလည်း သိရသည်။ သူသည် တချိန်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၌ စစ်သံမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ ကာလအတွင်း ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ ချုပ်(UKL) နှင့် ကရင်အမျိုးသားဒီမိုကရေစီကွန်ရက် (KNCD) စသည်ဖြင့် ကရင်နိုင်ငံရေးပါတီ ၃ ခု ဖွဲ့စည်းခဲ့ပြီး ယင်း တို့အနက်
KSNO သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေတခု၌ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထိုရွေးကောက်ပွဲ၌ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ ၁၄ ခု အနက် ၁၀ ခုတွင် အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်၊ ၈၈ မျိုး ဆက် ကျောင်းသားလူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ဒီမိုကရက်တစ်ပါတီ ( မြန်မာနိုင်ငံ) နှင့် တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ ( တစည) တို့လည်း လျှောက်ထားပြီး ဖြစ်သည်။

စစ်အစိုးရက ၂၀၁၀ အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟုကြေညာခဲ့ပြီး ယခုလအတွင်း၌ပင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ထားသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

No comments:

Post a Comment