ondragstart="return false" onselectstart="return false"

Monday, April 19, 2010

နယ်ခြားစောင့်တပ် လက်မခံရသည့်အကြောင်း ကေအိုင်အို လူထုအား အသိပေးပြောကြား

ခိုင်လင်း/ ၁၉ ဧပြီ ၂ဝ၁ဝ


နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က လူထုအား အသိပေးရှင်းလင်းသည့် အခမ်းအနားတခုကို ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၁၆) ရက်၌ ပြုလုပ်ခဲ့သည်။

ကေအိုင်အိုနှင့်နအဖအကြား နှစ်ဘက်တွေ့ဆုံဆွေးနွေးချက်များ၊ ကေအိုင်အိုဘက်က တင်ပြထားချက်များ၊ နအဖဘက်က ကမ်းလှမ်းထားချက်များနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်တို့ကို နံရံကပ်စာစောင်ဖြင့် ပြသထားသကဲ့သို့ ကေအိုင်အို အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ကချင်ဘာသာဖြင့်ပြောကြားပြီး တွဲဖက်အတွင်းရေးမှူးက မြန်မာဘာသာပြန်၍လည်းကောင်း၊ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မြန်မာ၊ ကချင် နှစ်ဘာသာဖြင့် လည်းကောင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းသွားခဲ့သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိတဦးက ပြောသည်။

၎င်းက “အရပ်သားတွေ၊ ကေအိုင်အိုဌာနဆိုင်ရာအရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ (၁,ဝဝဝ) ကျော်လောက် တက်တယ်။ မေးမြန်းချင်တာရှိရင် ပြန်မေးလို့ ဖိတ်ခေါ်တယ်။ ကချင်လိုကော၊ မြန်မာလိုကော အကျယ်တဝင့် ရှင်းသွားတယ်။ ပြီးတော့ နံရံကပ်စာစောင်မှာလည်း သူတို့ရှင်းလင်းပြောပြတာတွေကို ထုတ်ပြထားတယ်။ နယ်ခြားစောင့်တပ်ကို ဘယ်လို ဖွဲ့စည်းမယ်၊ လစာနဲ့ရိက္ခာ ဘယ်လိုထုတ်ပေးမယ် ဆိုတာကအစ ရေးထားတယ်။ အခုလို ရှင်းပြလိုက်တော့ လူထုတွေအနေနဲ့ ကေအိုင်အိုက နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဘာကြောင့် လက်မခံသေးသလဲဆိုတာ သိခွင့်ရပါတယ်” ဟု ပြောသည်။

အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ မပါဝင်ပုံ၊ နောင်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးကိစ္စဆွေးနွေးရန် နအဖဘက်က ၂ဝဝ၈ ခုနှစ်အထိ တစိုက်မတ်မတ်ပြောလာခဲ့ပုံ၊ အမျိုးသားညီလာခံအတွင်း ကေအိုင်အိုအဖွဲ့၏ တင်ပြချက်များ အလေးထား မခံခဲ့ရပုံ အပါအဝင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး နှစ်ဖက်ဆွေးနွေးချက်များကို ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်းက “ကျနော်တို့ နှစ်ဖက်ဆွေးနွေးနေတာ (၁၅) ကြိမ်ရှိပါပြီ။ (၁၅) ကြိမ်စလုံးမှာ တပ်မတော်အစိုးရက ကျနော်တို့ကို ပြောနေတာကတော့ ဘီဂျီအက်ဖ်ကို လက်ခံရေးပဲဖြစ်တယ်။ အဲဒီ (၁၅) ကြိမ်စလုံးမှာ ကေအိုင်အို ပြန်ပြောနေတာက ဘီဂျီအက်ဖ်မဟုတ်ဘဲနဲ့ တခြားသော နည်းလမ်းနဲ့ ကျနော်တို့ရဲ့ ပြဿနာကို ဖြေရှင်းရေးဖြစ်ပါတယ်” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖက ယခုလ (၂၈) ရက် နောက်ဆုံးရက် သတ်မှတ်ထားပြီး သူတို့အနေဖြင့် ပြည်ထောင်စုတပ်မတော်အတွင်း တိုင်းရင်းသားတပ်ဖွဲ့အနေဖြင့်သာ အသွင်ပြောင်းလိုကြောင်း ယခုလ (၁၅) ရက်က ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာရေးတင်ပြကမ်းလှမ်းထားသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ယခုရှင်းလင်းပွဲတွင် ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို အဘယ်ကြောင့် လက်မခံခြင်းဖြစ်ကြောင်း လူထုအား အသိပေးပြောကြားကာ နအဖဘက်မှ တဖက်သတ် လုပ်ဆောင်နေမှုများကိုလည်း ရှင်းလင်းပြခဲ့ကြောင်း စစ်ရေးအကဲခတ်တဦးက ပြောသည်။

၎င်းက “လျှို့ဝှက်ထားတဲ့ သူတို့ရဲ့ အပစ်ရပ်စာချုပ်တွေ၊ နအဖဆီကို ရေးတဲ့စာတွေ လူထုကို ပြသလာတာက နအဖက တဖက်သတ် အကျပ်ကိုင် ဆောင်ရွက်နေတာတွေကို သည်းမခံနိုင်တာလည်းပါတယ်။ တဖက်က သူတို့ ရပ်တည်ချက် မှန်တယ်ဆိုတာကို လူထုကို ရှင်းပြချင်တယ်။ တချိန်တည်းမှာ လူထုရဲ့ထောက်ခံမှုကို ရယူချင်တာလည်း ဖြစ်တယ်” ဟု ပြောသည်။

ခေတ်ပြိုင်သတင်းမှ

No comments:

Post a Comment