ondragstart="return false" onselectstart="return false"

Thursday, April 1, 2010

မွန် (၁၅) ဦးကော်မတီ ပါတီမဖွဲ့၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်

ဝီရ/ ၁ ဧပြီ ၂ဝ၁ဝ

မွန်ပြည်သူတို့အား ကိုယ်စားပြု၍ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် ဖွဲ့စည်းထားသော မွန် (၁၅) ဦး ကော်မတီတို့က ရွေးကောက်ပွဲကို ပါတီဖွဲ့၍ ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ယမန်နေ့က ဆုံးဖြတ်လိုက်သည်။

“ဒါ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ရောက်ဖို့ မနေ့က အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်။ ပါတီမဖွဲ့တော့ဘူး။ မှတ်ပုံတင်တာလည်း မလုပ်တော့ဘူး” ဟု (၁၅) ဦး ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

မတ်လ (၃၁) ရက်က မော်လမြိုင်မြို့တွင် ကျင်းပခဲ့သော အဆိုပါ (၁၅) ဦး ကော်မတီ အစည်းအဝေးသို့ ကော်မတီ၏ နာယကအဖွဲ့ဝင် ဆရာတော်များနှင့် ဝါရင့်နိုင်ငံရေးသမားများဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အမ်အန်ဒီအက်ဖ်) ဥက္ကဋ္ဌ နိုင်ထွန်းသိန်းနှင့် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်းတို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“မွန်ပါတီအသစ်တရပ်အနေနဲ့ မဖွဲ့စည်းတော့ဘူး။ ကျန်တဲ့အပိုင်းက ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်။ ဒါပေမယ့် ဒီ (၁၅) ဦး ထဲက တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ့်သူရှိတယ်လို့ ခုအချိန်ထိ ကျနော် မကြားမိပါဘူး” ဟု အဆိုပါကော်မတီဝင်တဦးက ပြောသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချနိုင်ရန် ထို (၁၅) ဦး ကော်မတီကို ၂၀၀၉ ခုနှစ် ဇွန်လကုန်ပိုင်းက စတင်ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီမှ အနားယူထားသော နိုင်တင်အောင် (ဗဟိုအလုပ်မှုဆောင်ဟောင်း)၊ နိုင်မြင့်ဆွေ (ဗဟိုကော်မတီဝင်ဟောင်း)၊ ဒေါက်တာ ဗညားအောင်မိုး၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြစ်သော အမ်အန်ဒီအက်ဖ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း၊ အတွင်းရေးမှုး ဒေါက်တာ မင်းကြည်ဝင်းနှင့် အငြိမ်းစား ပြည်နယ်ကျန်းမာရေးမှူးဟောင်း ဒေါက်တာ မင်းနွယ်စိုးတို့လည်း ကော်မတီတွင် ပါဝင်ကြသည်။

မွန် (၁၅) ဦးကော်မတီသည် ပါတီဖွဲ့၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အားပေးထောက်ခံရာ ရောက်သည်မှတပါး မွန်ပြည်သူတို့အတွက် အကျိုးမရှိသောကြောင့် ယခုကဲ့သို့ ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ယူဆကြသည်။

ထိုင်း-မြန်မာနယ်စပ်မှ မွန်ပြည်သစ် အရာရှိတဦးက “ဒီ (၁၅) ဦး ကော်မတီက ဒီလိုဆုံးဖြတ်တာ ကြိုဆိုရလိမ့်မယ်။ အာမခံချက် တစုံတရာမှ မရှိတဲ့ ဒီရွေးကောက်ပွဲကို ဝင်ဖို့ဆုံးဖြတ်ရင်လည်း ကိုယ့်ဘက်က ဘာအကျိုးမှရှိတာ မဟုတ်ဘူးလေ။ အခုလို မဝင်ဖို့ ဆုံးဖြတ်လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ” ဟု ပြောကြားသည်။

မွန် (၁၅) ဦး ကော်မတီ ရွေးကောက်ပွဲမဝင်ရခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ဆုံးဖြတ်ချက်ကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ မွန်သံဃာတပါးက မိန့်ဆိုသည်။

၎င်းက “အန်အယ်လ်ဒီက ပါတီမှတ်ပုံတင်မှာ မဟုတ်ဘူး၊ ရွေးကောက်ပွဲ ဝင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တာက ပါတီဖွဲ့ဖို့ စိုင်းပြင်းနေတဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ်မှာ သက်ရောက်မှုတွေရှိတယ်။ အန်အယ်လ်ဒီက ရွေးကောက်ပွဲ မဝင်တာကြောင့် ဒီမွန်တွေရဲ့ (၁၅) ဦးအဖွဲ့က ဒီလိုဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်” ဟု မိန့်ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ပြည်သူတို့အား ကိုယ်စားပြု ဝင်ပြိုင်မည့်သူများ ရှိသင့်ကြောင်း မွန်နိုင်ငံရေးသမား အသိုင်းအဝိုင်း အတွင်း ယူဆကြသူအချို့ ရှိသော်လည်း တရားမျှတမှု ရှိမည်မဟုတ်သော ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ ပြတ်သားသော ရပ်တည်ချက်ဖြင့် သပိတ်မှောက်တိုက်ပွဲဝင်ရန် ဆန္ဒရှိသူတို့လည်း ရှိကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ် လက်မခံကြောင်း၊ ရွေးကောက်ပွဲ ဝင်ပြိုင်မည်မဟုတ်ကြောင်း၊ မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုလျှင် လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည် မဟုတ်ကြောင်း အသီးသီး ကြေညာထားကြသည်။
ခေတ်ပြိုင်မှ

No comments:

Post a Comment