ondragstart="return false" onselectstart="return false"

Thursday, April 15, 2010

ကရင်ပါတီနှစ်ခုမှ ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ်အသုံးပြုပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေမှုအပေါ် ကရင်အမျိုးသားတစ်ဦး၏ သုံးသပ်ချက်

ရက်စွဲ။ ။ဧပြီလ (၁၅)ရက် (၂၀၁၀)ခုနှစ်
သတင်း-စောကျော်ခွီး



အကြောင်းအရာ။ ။ ကရင်ပါတီနှစ်မှ ကရင်အလံကို ၄င်းတို့၏ ပါတီအလံအဖြစ် အသုံးပြုပြီး ရွေး ကောက်ပွဲဝင်ရန် ပြင်ဆင်နေမှုအပေါ် ကရင်လူမျိုးတစ်ဦး၏သုံးသပ်ချက်

လေးစားအပ်ပါသော ကရင်ပြည်သူလူထုခင်ဗျား………
ကျနော်တို့ ကရင်လူမျိုးတို့၏တော်လှန်ရေးခရီးလမ်းတွင် သူ့လူ ကိုယ်ဖက်သား လမ်းလွဲချော်သွားသော၊ မိမိကိုယ်ကို မိမိ ဗမာနအဖတို့၏ထောင်ချောက်ထဲသို့ ရောက်မှန်းမသိရောက်နေကြသော၊ ဘေးကြပ် နံကြပ် အကြပ်အတည်းကြားက ကရင်ပြည်သူတို့၏ ဘဝကိုစာနာသယောင်နှင့် မိမိကိုယ်ကိုမိမိ ကယ်တင်ရှင် ထလုပ်ရာမှ ကရင်တမျိုးသားလုံး၏ အပြစ်ပယ်ခံအဖြစ်ကိုရောက်ရှိသွားတတ်ကြသည့် လွန်ခဲ့သော အနှစ်(၆၀)ကျော်က အဖြစ်အပျက်များသည် ယခုအခါတွင် တကျော့ပြန်လည်လာပြီလောဟု ကျနော် တွေးနေမိပါသည်။

(၂၀၁၀)ခုနှစ် ဧပြီလ( ၁၀ )ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတွင် ကြော်ညာထားသော “ကရင်ပါတီနှစ်ခုမှ ကရင်အလံကို ၄င်းတို့၏ ပါတီအလံအဖြစ် အသုံးပြုပြီး (၂၀၁၀) ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်မှုအပေါ်ကန့်ကွက်လိုက (၇)ရက် တစ်ပတ်အတွင်း အချက်အလက် အခိုင်အမာနှင့်ကော်မရှင်ထံအသိပေးကန့်ကွက်နိုင်သည်” ဟုဆိုသည့် ပြည်တွင်းမှလာသော၊ မိတ်ဆွေ သူငယ်ချင်းများ ဆီမှလာသော သတင်းကိုဖတ်ရ၍ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါသည်။ ဤကဲ့သို့ ကြော်ညာထားခြင်းသည်က ကရင်တမျိုးသားလုံးတို့အပေါ်မရိုးသားမှုများနှင့် အကွက်ဆင်ဖန်တီးပြီး ထောင်ချောက် ဆင်ထားခြင်းများသာဖြစ်ပေသည်။

ကရင်ပြည်သူများက ထိုပါတီနှစ်ခုမှ ကရင်အလံသုံးပြီး ပါတီမှတ်ပုံတင်ရန် လျောက်ထား အရွေးခံမှုကို ရွေးကောက်ပွဲကော်မရှင်ထံ အသေအချာကန့်ကွက်စာတင်ပါက (၂၀၁၀)ရွေးကောက်ပွဲကို ကျနော်တို့ကရင်ပြည်သူလူထုမှ လက္ခံနေသယောင်ယောင် ယူဆခံရပေလိမ့်မည်။ ထို့အပြင် နအဖစစ်အာဏာရှင်တို့၏ မတရားသော (၂၀၀၈)အခြေခံဥပဒေများကို၎င်း၊ ဗမာနအဖ စစ်အစိုးရကို၎င်း၊ ရွေးကောက်ပွဲကော်မရှင်ကို၎င်း၊ ရလဒ်များကို၎င်း အသိအမှတ်ပြုရာကျသဖြင့ှ် ထိုအရာများကို ကျနော်တို့မှ သဘောတူနေသယောင်ယောင် ထင်မှတ်ခံရပေလိမ့်မည်။

သည့်အပြင် ကရင်တွေ အချင်းချင်း မညီမညွတ်ကွဲကြပြန်ပြီး။ တစ်ဦးနှင့်တစ်ဦး ရန်လိုမုန်းထားစေကာ လူမျိုးရေးအဓိကရုဏ်းကို ဖန်တီးပေးနေသည့် နအဖ၏မျက်လှည့်ကွက်ထဲသို့ အလိုလို ရောက်နေစေသဖြင့် ကန့်ကွက်စာလဲမတင်ရန်၊ ၄င်းတို့အားလည်း အသိအမှတ်မပြုရန် မိမိတို့၏ ရပ်တည်မှု သဘောတရား များကို ကြေညာချက်များထုတ်ပြီး တမျိုးသားလုံးနှင့်ဆိုင်သော ကရင်အမျိုးသားအလံကို မိမိပါတီအလံပြုပြီး ရွေးကောက်ပွဲဝင်ရန်ပြင်နေကြသော (KPP)နှင့် (UKL)ပါတီနှစ်ခုကို နိုင်ငံရေးအရ မှားယွင်းကြောင်း၊ မတရားသောဥပဒေများနှင့် ဗမာနအဖစစ်အစိုးရအား သက်ဆိုးရှည်ရေးအတွက် အုတ်တချပ်၊ သဲတပွင့် အဖြည့်ခံပေးရာကျနေကြောင်းဆိုတာတွေကို ကြေညာချက်များထုတ်လျက် ထိုကြေညာချက်ထဲတွင် ထဲတွင် ဖော်ပြထားပေးသင့်သည်။

ပြည်သူများကလည်း ဤအရာကို လက္ခံနိုင်မှာမဟုတ်ဘူး။ သည့်အတွက်ကြောင့် ၄င်းတို့ သည်လိုလုပ်ခြင်းဟာလဲ မိမိတို့ လူတစ်စု အကျိုးစီးပွားအတွက်ဘဲဖြစ်စေ၊ စစ်အစိုးရ လက်ဝေခံအဖြစ် လုပ်ရာကျနေပါတယ်။ အဲဒီအတွက်ကြောင့် ၄င်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြီး စဉ်းစားဖို့လိုအပ်ပေသည်။
နောက်ပြီး မည်သည့် ကရင်အမျိုးသားအဖွဲ့အစည်းတွေကလဲ ရွေးကောက်ပွဲဝင်မည်ဆိုလျင် ဤအရာများကို အလေးအနက်ထားစဉ်းစားကြဖို့နှင့် ကရင်တမျိုးသားလုံး၏ အကျိုးစီးပွားကို ဘာမျှ မလုပ်ဆောင်နိုင်တဲ့အပြင် မိမိလူမျိုးအားလုံးအပေါ် သစ္စာဖောက်ရာကျပါပေတယ်ဟုလည်း နားလည်ထားသင့်ပါသည်။
ကရင်ပြည်သူလူထု အနေနဲ့လည်း သည်ရွေးကောက်ပွဲမှာ ပါဝင်မှု မလုပ်ကြဖို့လိုအပ်သည်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲဝင်တာသည်လည်း မှားတယ်၊ စစ်အစိုးရ သက်ဆိုးရှည်အောင် အားပေးရာလည်းကျသဖြင့် ပြည်သူလူထု အနေနဲ့လည်း သည်ရွေးကောက်ပွဲမှာ ပါဝင်မှုများ မလုပ်ကြဖို့ လိုအပ်တယ်ဆိုတာ ကျနော့အနေနဲ့ တိုက်တွန်းချင်ပါသည်။

မည်သူမဆို မည်သည့်အဖွဲ့အစည်းဘဲဖြစ်ဖြစ်၊ တသီးပုဂလဘဲဖြစ်ဖြစ် တမျိုးသားလုံးရဲ့အလံကို မိမိတို့ပါတီရဲ့အလံအဖြစ် သုံးပိုင်ခွင့်လဲမရှိဘူး။ တမျိုးသားလုံးကလဲ လက္ခံနိုင်မှာမဟုတ်ဘူးဆိုတာကို နားလည်ထားရမယ်။ ဒီလိုမှမဟုတ်ဘဲ တမျိုးသားလုံးရဲ့ကိုယ်စားပြုအလံကို မိမိကိုယ်ပိုင်အလံအဖြစ် သုံးမည်ဆိုပါက တမျိုးသားလုံး၏ စက်ဆုတ်ရွံရှာခြင်း၊ အပြစ်ပေးစီရင် ဒဏ်ခတ်ခြင်းကိုခံယူရမှာဖြစ်တယ်။ နောင်လာမယ့် အကျိုးဆက်များကိုလည်း သူတို့တွေကသာ တာဝန်ယူရမှာဖြစ်တယ်။
မည်သည့် ပါတီမဆို ရွေးကောက်ပွဲဝင်ရန်အတွက် မှတ်ပုံတင်ချင်ပါက ဗမာ နအဖစစ်အစိုးရက မတရားသဖြင့် ရေးဆွဲချမှတ်ထားတဲ့ (၂၀၀၈)အခြေခံဥပဒေကို လေးစားလိုက်နာ၊ ခံယူ၊ ကာကွယ်၊ ကျင့်သုံးလုပ်ဆောင်မည်ဆိုသည့် အချက်တွေကို ဂတိခံဝန်ပေးပြီးမှသာ ပါတီမှတ်ပုံတင် လိုင်စင်ရရှိနိုင်မယ်။ ထို့ကြောင့် နအဖစစ်အစိုးရကို သစ္စာခံသည့်သဘော သက်ရောက်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်ကို ကရင်ပြည်သူလူထု ကိုယ်စားမပြုသော ဤနှစ်ပါတီအတွက် ကန့်ကွက်စာတင်မိပါက ထိုရွေးကောက်ပွဲကော်မရှင်သို့ အသိအမှတ်ပြုရာကျသဖြင့် ထိုသို့ပြုလုပ်ခြင်းသည် မလိုလားအပ်သော အရာဖြစ်သည်။

ဤအရာအားလုံးကိုပြန်ကြည့်လျင် ကျနော်တို့ဟာ ဒါတွေကို တခုမှ အသိအမှတ်မပြုနိုင်ဘူး။ ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာပေးပို့လျင်လည်း ထောင်ချောက်က(၂)ခုရှိနှင့်ပြီးဖြစ်တယ်။ သူ့ကော်မရှင်ကို ထောက်ခံလို့၊ အလေးထားဦးထိပ်တင်လို့၊ အသိအမှတ်ပြုထားလို့ ဒီလို တကူးတက ကန့်ကွက်ပြောဆိုတာက တစ်ခုဖြစ်တယ်။ နောက်တခုက ကန့်ကွက်လိုက်လျင် ကရင်အချင်းချင်း မကျေနပ်လို့ တိုက်ကြ၊ ခိုက်ကြ၊ ကွဲကြ ပြဲကြ နဲ့အဲ့လို ရန်ပြန်ဖြစ်ရတာကိုလည်း နအဖက လိုလားနေပုံရတယ်။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာများ ပေးပို့စရာလည်းမလိုအပ်ပါဘူးလို့ ကျနော်ပြောချင်ပါတယ်။

ကရင်အဖွဲ့စည်းများက မိမိတို့၏ ရပ်တည်မှု သဘောထားကြေညာချက်များ ထုတ်ပြန်၍ ထိုကြေညာချက်ပါ သဘောထားများကို BBC, RFA ,DVB, VOA စသဖြင့် သတင်းဌာနကြီးများ၊ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီး အပြည်ပြည်ဆိုင်ရာနှင့် ကမ္ဘာကြီးသို့တင်ပြနိုင်ခဲ့ကြပါလျင် ပိုမိုထိရောက်နိုင်ပါလိမ့်မည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပ ပြည်သူများသို့လည်း အသံသတင်း၊ စကားသတင်း၊ ဗွီဒီယိုသတင်း အချက်အလက်များ ရောက်ရှိ ပေးပို့ နိုင်မှာဖြစ်သည်။

ထို့ကြောင့် ကရင်ကိုချစ်မြတ်နိုးသော ကရင်မျိုးချစ် ခေါင်းဆောင်များအနေနှင့် သဘောထား ကြေညာချက်များ ထုတ်ပြန်ကြ၍ ရှင်းလင်းတင်ပြ နိုင်ကြရန်အထူး လိုအပ်လှပေသည်။ တိုက်ပွဲ တစ်ပွဲရှုံးလျင် အနည်းအကျဉ်းသာ ဆုံးရှုံးနိုင်ပြီး၊ နိုင်ငံရေးတစ်ကွက်ရှုံးလျင် တစ်မျိုးလုံး ပေးဆပ် ဆုံးရှုံးရမှမို့ နိုင်ငံရေးအမြင်ကျယ်ကြရန် ကရင်လူမျိုးကို ချစ်တဲ့စိတ်နဲ့ ကျနော် ရင်ဖွင့်လိုက်ရပါသည်။

အဝေးရောက် ကရင်ပြည်သူတစ်ဦး

No comments:

Post a Comment