ondragstart="return false" onselectstart="return false"

Monday, July 5, 2010

မူခါးဝီးကျိုး



ရွှေအိမ်စည်

“ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ်
ကြယ်တွေတကယ်ဆုံတဲ့ည လှနေမှာပေါ့ကွယ်”

(ထူးအိမ်သင်၏ ကြယ်တွေဆုံတဲ့ညမှ)


(က)

‘ထီးမူခီး’ စခန်းကျဆုံးခန်းက၊ လျှပ်ပြက်သကဲ့သို့ မြန်ဆန်လွန်းလှ၏။ ကျဆုံးမှုသည် အပြိုပြိုအလဲလဲနှင့် ဖရိုဖရဲနိုင်လွန်းလှ၏။ မုန်တိုင်းမွှေ့၍ တစစီ လွှင့်စင်ပြိုပျက်သွားသကဲ့သို့။

လက်နက်ကိုင် စစ်သည်အင်အား ၁ဝဝ ကျော်ရှိသည့် ခံစစ်စခန်း၊ ဆုတ်ခွာခွင့် လုံးဝမရှိသည့် စခန်းကြီးသည် ၁၅ မိနစ်အတွင်းမှာပင် ကျဆုံးခဲ့ရသည်။ ခြံစည်းရိုး ၃ ထပ် ကာထား၏။ ညှောင့်နှင့် မိုင်းများ ခင်းထား၏။ ဆက်သွယ်ရေး လျှောက်မြောင်းများအား ပတ်လည်ခံစစ် သေနင်္ဂဗျူဟာအရ တူးထား၏။ အိုဗာဟတ်ဘန်ကာများလည်း ရှိသည်။ ဤသို့သော ခိုင်ခံ့သည့်ခံစစ် စခန်းကြီးသည် ခဏငယ်အတွင်း၌ အပြိုပြိုအကွဲကွဲနှင့် ကျဆုံးခဲ့ရ၏။

‘မူသယ် - ဗျက်ကော ’စခန်းက ထီးမူခီးစခန်းနှင့် အနီးဆုံးစခန်းတခု ဖြစ်သည်။ ‘ မူသယ် - ဗျက်ကော ’ တွင် တပ်ရင်းမှူးနှင့် စစ်ကြောင်း ၁ ရှိ၏။ ထီးမူခီးက ‘မူသယ် - ဗျက်ကော ’ ရှိ စစ်ကြောင်း ၁ သို့ စစ်ကူတောင်းရန် ဆက်သွယ်ရေးစက်ကိုပင် မဖွင့်နိုင်ရှာခဲ့၊ လျှပ်တပြက်အတွင်း ကျဆုံးခဲ့ရ၏။

၁၉၉၂ ခုနှစ် ဇူလိုင်။

(ခ)

ထီးမူခီးစစ်ဆင်ရေးတွင် ကျနော်တို့စစ်ကြောင်းသည် အရံအနေဖြင့်သာ ပါဝင်ခဲ့ရ၏။ စခန်းသို့ တက်သည့် အဖွဲ့များက မာနယ်ပလောမှ ဆင်းလာသည့် ‘ ကွန်မန်ဒို ’ နှင့် ‘ ပြောက်ကျား ’ တပ်ဖွဲ့များ ဖြစ်သည်။ သူတို့၏ လက်မောင်းတွင် ‘ အရိုးခေါင်း ’ တံဆိပ်များ၊ ‘ သော့တံ ’ တံဆိပ်များ တပ်ထား၏။ စစ်ရည်ဝပြီး ကြံ့ခိုင်သန်စွမ်းသည့် စစ်သည်တော်များ၏ ဟန်က အပြည့်။

ထီးမူခီစခန်းက ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၏ တပ်မဟာ ၃ နယ်မြေအတွင်း ရှိသည်ဖြစ်၍ တပ်မဟာ ၃ လက်အောက်ရှိ KNLA တပ်ရင်း ၇ ၊ တပ်ရင်း ၈ နှင့် တပ်ရင်း ၉ တို့သည် နယ်မြေခံအဖြစ်နှင့် ထီးမူခီး စစ်ဆင်ရေးတွင် ပါဝင်ကြရ၏။

ကျနော်တို့အဖွဲ့က ထုတ်နုတ်အင်အား တပ်စိတ် ၂ စိတ်ဖြင့်၊ KNLA ရင်း ၉ နှင့် ပေါင်း၍ ရင်း ၉ စစ်ကြောင်းတွင် ပါဝင်ရ၏။ ရင်း ၉ စစ်ကြောင်းတွင် ရင်း ၉ မှ တပ်ခွဲ ၂ ခွဲ။ ပြီးလျှင် ရင်း ၉ နှင့်အတူ လှုပ်ရှားနေသည့် ‘သုခိုဝင်းကို’ ဦးစီးသည့် မြစ်ဝကျွန်းပေါ်အဖွဲ့တို့ ပါ၏။ မြစ်ဝကျွန်းပေါ်အဖွဲ့တွင် အင်အား ၅ဝ ခန့် ရှိမည်။ ရှစ်လေးလုံး အရေးတော်ပုံအပြီး တောခိုလာခဲ့ကြသည့် မြစ်ဝကျွန်းပေါ်သား ကရင်လူငယ်လူရွယ်များနှင့် စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။ ထိုစဉ်က သူတို့တွင် တပ်မဟာဟူ၍ မရှိ။ တပ်ရင်းဟူ၍ သတ်သတ်မှတ်မှတ် မရှိကြ။ လက်မောင်းတံဆိပ်နှင့် ရင်ဘတ်တံဆိပ်များကိုလည်း မတပ်ဆင်ထား။ ဝတ်ဆင်ကြသည့် ယူနီဖောင်းကလည်း စုံသည်။ အချို့က ပြောက်ကျား အစိမ်းပုတ်ရောင်နှင့် အချို့က ဗီယက်နမ်စစ်ဝတ်စုံ၊ အချို့က ကမ္ဘောဒီယား ခမာတို့၏ ယူနီဖောင်းနှင့်။

ကရင်လူမျိုးများဖြစ်ကြသော်လည်း ကရင်လို မပြောကြ၊ မြစ်ဝကျွန်းပေါ်၏ မြို့ပြများတွင် ကြီးပြင်းခဲ့ရသည့်အတွက် ဗမာစကားကိုသာ ပြောကျင့်များပြီး၊ ဗမာလိုသာ ပြောကြ၏။ သူတို့အားလုံးက အသက် ၂ဝ နှင့် ၃၅ နှစ်အကြား အရွယ်များ ဖြစ်သည်။ သူတို့အဖွဲ့၏ ခေါင်းဆောင် ‘သုခိုဝင်းကို’ သည်ပင် အသက်အစိတ်မျှသာ ရှိမည်။ သုခိုဝင်းကိုက ဟင်္သာတကောလိပ်မှ ကောလိပ်ကျောင်းသား ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး၊ တောခိုခဲ့သည့် ကျောင်းသားတဦး ဖြစ်သည်။

ကျနော်တို့အဖွဲ့အား ရင်း ၉ စစ်ကြောင်းမှူးက စစ်ကြောင်းတွင် ဗမာရည်လည်သည့် ‘မြစ်ဝကျွန်းပေါ်’ အဖွဲ့နှင့် ပူးပေါင်းပြီး တပ်ခွဲ ၁ ခွဲအဖြစ် ဖွဲ့ပေး၏။ ဤအတွက် ရင်း ၉ စစ်ကြောင်းသည် ထီးမူခီး စစ်ဆင်ရေးတွင် ၃ ခွဲ တကြောင်းဖြင့် စုဖွဲ့ပါဝင်ခဲ့၏။ စစ်ကြောင်းမှူးက ရင်း ၉ တပ်ရင်း၏ ဒုရင်းမှူး ဗိုလ်မှူးကြင် ဖြစ်ပြီး၊ ဒုစစ်ကြောင်းမှူးမှာမူ ရင်း ၉ မှ တပ်ခွဲမှူး ‘သုခိုပိုးလို’ ဖြစ်သည်။

(ဂ)

ကျနော်တို့စစ်ကြောင်းက ထီးမူခီးစခန်းမှ လန်ကျလာမည့် ရန်သူအား ချေမှုန်းရန် တာဝန်ယူရ၏။ စစ်ကြောင်းအား ‘မူခါးဝီးကျိုး’ တောင်ခြေနှင့် ‘မူသယ်-ဗျက်ကော’ လမ်းအားဖြန့်၍ နေရာချ၏။ ကျနော်တို့နှင့် မြစ်ဝကျွန်းပေါ်အဖွဲ့အား ပေါင်းထားသည့် တပ်ပေါင်းစုတပ်ခွဲက ‘မူခါးဝီးကျိုး’ တောင်စွယ်အစွန်းရှိ ရိုးချောင်းငယ်လေးအတိုင်းစီ၍ နေရာယူထား၏။ သုန်းနေသည့် လယ်ကွင်းငယ်သည် ချောင်းရိုး၏ တဖက်တွင် မြက်ရိုင်းရှည်များနှင့် စိမ်းညို့၍ နေသည်။ မြက်ရိုင်းများက ရင်စို့မျှ ရှိမည်။ ရန်သူသည် မြက်ရိုင်းတောအား ဖြတ်လာလျှင် ကျည်ကွယ်မရှိ။ သတ်ကွင်းအတွင်း တိုးဝင်သကဲ့သို့ ဖြစ်မည်။ ရန်သူအနေနှင့် လာရန်နည်းမည့်လမ်း။ သို့သော် စခန်းပျက်၍ ဆုတ်လာရသည့် ရန်သူသည် အစီအစဉ်တကျ ဆုတ်ခွာလာနိုင်မည်မဟုတ်၊ စဉ်းစားချိန်မရ၊ တွေးချိန်မရ၊ ဖရိုဖရဲ ဆုတ်ခွာလာမည့် ရန်သူသည် မျက်ကွယ်သာရမည့် မြက်ရိုင်းတောကိုလည်း တဇွက်ထိုး၊ တိုးလာနိုင်မည်။

တပ်သားသစ်တဦး၏ ရန်သူအလာအား စောင့်ဆိုင်းနေရစဉ်၊ ရင်ခုန်ရသည့် ရင်ခုန်မှုသည် ကျနော်၏ ရင်တွင် နွေးတလှည့်၊ အေးတလှည့်။ ခြုံထားသည့် မိုးကာစပေါ်သို့ ကျနေသည့် မိုးရေစက်များ၏ အသံသည်ပင်၊ ကျယ်လောင်လွန်းလှသည်ဟု စိတ်အတွင်း၌ ထင်မိ၏။ မြက်ရိုင်းတောအား တိုးဝင်လာမည့် ရန်သူများ၊ ကြားသွာလေမည်လားဟူ၍ အတွေး၌ ပူပန်မိသေး၏။

RPJ ပစ်ခတ်မှုများအောက်၌ ထီးမူခီးသည် ဝပ်စင်း၍နေ၏။ ရန်သူသည် အလစ်အငိုက် ခံလိုက်ရပြီး ပြန်လည်၍ ပစ်နိုင်မှုပင်မရှိ။ စခန်းမှ လန်ကျလာသည့် ရန်သူသည် ကျနော်တို့စောင့်နေသည့် ဘက်ဆီသို့ ဆုတ်ခွာ၍မလာ။

ထီးမူခီး စခန်းအား ကျနော်တို့မှ ခဏငယ်အတွင်း၌ သိမ်းပိုက်ရရှိလိုက်သော်လည်း ကျနော်တို့ စစ်ကြောင်းသည် ရန်သူနှင့် ထိတွေ့မှု မရှိခဲ့။ ထီးမူခီး စခန်းကကျပြီ၊ ကျနော်က သေနတ်တချက်မျှပင် မပစ်ဖောက်လိုက်ရ။

(ဃ)

ထီးမူခီး စခန်းအား သိမ်းယူရရှိခဲ့ပြီးသည့်နောက် ဆုတ်ခွာထွက်ပြေးသွားကြသည့် ရန်သူအား ထီးမူခီး၊ မူခါးဝီးကျိုး၊ ပနာပခို၊ မူသယ် - ဗျက်ကော တခွင်တပြင်လုံးအနှံ့ ကွက်ပြည့်နင်း၍ ရှင်းလင်းချေမှုန်းရန် ရင်း ၉ စစ်ကြောင်း၊ ရင်း ၈ စစ်ကြောင်း၊ ရင်း ၇ စစ်ကြောင်းနှင့် ‘တာတိုးဝါး’ စစ်ကြောင်းတို့အား တာဝန်ပေး၏ စုစုပေါင်း အင်အား ၅ဝဝ ခန့်ရှိမည်။

မြက်ရိုင်းတောစိမ်းစိမ်း၊ လယ်ကွင်မြမြ၊ တောင်တန်းညို့ညို့၊ တောအုပ်မှိုင်းမှိုင်း၊ ချောင်းရေဖွေးဖွေးအနှံ့၊ တကွက်ချင်း ရင်ဘောင်တန်း၍ ကျနော်တို့ ရှင်းကြရ၏။ မူသယ်-ဗျက်ကောရှိ ရန်သူသည် သူ့စခန်းအတွင်း၌ ငြိမ်၍ဝပ်နေသည်။ သူ့စခန်း မကျရေးအတွက် အဓိကထားနေဟန်ရှိ၏။ ခြံစည်းရိုး အပြင်သို့ပင် မထွက်။ ကျနော်တို့က စခန်းစည်းရိုးမှစ၍ စိတ်ကြိုက်ကွက်ပြည့် နင်းနေကြသည်။ တောခြောက်နေသည့်အလား။ ထိတွေ့တိုက်ခိုက်မှုက မရှိ။ အချို့အား ဒဏ်ရာနှင့် အရှင်မိ၏။ အချို့က လက်နက်ချကြ၏။

ရက်သတ္တတပတ်ခန့် ကွက်ပြည့်နင်းပြီးသည့်နောက် ကျနော်တို့၏ ရင်း ၉ စစ်ကြောင်းသည် လက်နက်ချလာသည့် ရန်သူ့သုံပန်း ၄ ဦး၊ လက်နက်ငယ် ၅ လက်နှင့် သေဆုံးနေသည့် အလောင်းတလောင်းအား ရ၏။ အလောင်းက အရာရှိငယ်တဦး၏ အလောင်းဖြစ်သည်။ ၂ ပွင့်နှင့် တပ်စုမှူး ဖြစ်မည်။ ဒဏ်ရာက သေလောက်သည့် ဒဏ်ရာများမဟုတ်၊ သွေးလွန်၍ ကွယ်လွန်ခဲ့ရခြင်း ဖြစ်ဟန်ရှိ၏။ ဝရုန်းသုန်းကားနှင့် ဆုတ်ပြေးလာကြရသည်မှာကား ထင်ရှား၏။ သုံ့ပန်းများအတွင်းမှ တပ်ကြပ်ကြီးတဦးသည် ကာဘိုင်သေနတ်အား ကိုင်ထားပြီး၊ သူ့ခါး၌ ပတ်ထားသည့် အီကွေးမင့်တွင်က BA-63 ကျည်ဘောက်များနှင့်။

(င)

ထီးမူခီးစခန်းကျပြီး ၇ ရက်ခန့်အကြာတွင် ရန်သူသည်လှုပ်ရှားမှုအား ပြန်၍စတင်လာ၏။ ကျောက်ကြီးမြို့သို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံဗျူဟာတခုနှင့် တပ်မ ၆၆ လက်အောက်ခံ နည်းဗျူဟာတခုတို့အား ပို့၏။ ထီးမူခီးစခန်း ပြန်လည်ထိုးစစ်ဆင်ရေးအတွက် ၂ ဗျူဟာနှင့် စစ်ဆင်မည့်ဟန် ရှိသည်။ စစ်ဆင်ရေးမှူးက ဗိုလ်မှူးကြီး ဇော်ထွန်းဖြစ်သည်။ ကျောက်ကြီးတွင် ထိုင်ပြီးကွပ်ကဲ၏။

မူသယ်-ဗျက်ကောသို့ ကျောက်ကြီးမှ စစ်ကြောင်းများပို့၏ ရိက္ခာများပို့သည်။ ရန်သူ့လေတပ်မှ ကင်းထောက်လေယာဉ်တစင်းသည် နေ့စဉ် နေသာသည့်အချိန်တိုင်း ကျနော်တို့အပေါ်မှ ဝဲ၍ ကင်းထောက်နေ၏။

ဗိုလ်မှူးကြီး လောဝါဒီသည် ထီးမူခီးစခန်းအား သိမ်းပိုက်၊ ရှင်းလင်းချေမှုန်းဟူသည့် သေနင်္ဂဗျူဟာမှ၊ ရန်သူ့ဘက်မှ ပြန်လည်ထိုးစစ်ဆင်လာမည့် စစ်ဆင်ရေးအား ခံစစ်သေနှင့် ခုခံရိုက်ချိုးရေး သေနင်္ဂဗျူဟာသို့ ပြောင်းလိုက်ဟန်တူ၏။ ဗဟို ‘သ.ဝ.ခ’ တပ်များအား ထီးမူခီး စခန်းကုန်းတွင် တပ်စွဲ၍ ထိုင်စေသည်။ ရင်း ၇၊ ရင်း ၈၊ ရင်း ၉ စစ်ကြောင်းများအား ထီးမူခီး၏ အရှေ့ဘက်ရှိ ကာကုန်းများတွင် နေရာချ၏။

ကျနော်တို့၏ ရင်း ၉ စစ်ကြောင်းက ‘မူခါးဝီးကျိုး’ တောင်ကြောတွင် နေရာယူရသည်။ မူခါးဝီးကျိုးက ထီးမူခီးထက် မြင့်၏။ ပထဝီအရ ထိုဒေသတွင်း၌ စိုးမိုးကုန်းအဖြစ်နှင့် တည်ရှိသည်။ ကျနော်တို့ စစ်ကြောင်းနှင့်အတူ မူခါးဝီးကျိုး တောင်ကြောပေါ်သို့ ဗဟိုလက်နက်ကြီး တပ်ဖွဲ့တဖွဲ့ကိုလည်း တင်ထား၏။ ၇၅ နောက်ပွင့်ရိုင်ဖယ်၊ ၈၁ မီလီမီတာ၊ ၈၂ မီလီမီတာနှင့် ပွိုင့် ၅ စက်သေနတ်ကြီး ၂ လက် တို့အား မူခါးဝီးကျိုး တောင်ကုန်းပေါ်၌ ဆင်ထား၏။ ကျနော်တို့၏ ရင်း ၉ စစ်ကြောင်းက လက်နက်ကြီး လုံခြုံရေးနှင့် မူခါးဝီးကျိုး စိုးမိုးကုန်းအား ထိန်းသိမ်းထားရေး တာဝန်ယူရ၏။

မူခါးဝီးကျိုး တောင်ကြောအတိုင်း ဆက်သွယ်ရေးမြောင်းများအား တူးကြ၏။ ကတုတ်ကျင်းများအား ၁ဝ ကိုက်စီခြား၍ တူးကြရ၏။ ကတုတ်ကျင်းအပေါ်မှ ပေါင်လုံးခန့်ရှိသည့် သစ်လုံးများအား ထပ်၍တင်၏။ သစ်လုံးများပေါ်မှ မိုးကာစနှင့် တဖက်ရပ်တဲထိုး၍ မိုးထား၏။ ကတုတ်ကျင်းများက ၂ ဦး တကျင်း ထိုင်ရမည့် ကတုတ်ကျင်းများ ဖြစ်သည်။ ပြီးလျှင် ရန်သူတက်လာနိုင်မည့် ပစ်ကွင်းအား မျက်ကွယ်၊ ကျည်ကွယ်မရှိစေရန် ရှင်းကြ၏။ ညှောင့်များ ထောင်၏။ မှိုင်းများ ခင်း၏။

ရန်သူ၏ ကင်းထောက်လေယာဉ်လာလျှင်မူ ကျနော်တို့ အလုပ်များအားလုံးအား ရပ်ထားကြ၏။ လှုပ်ရှားမှုမရှိ။ သစ်တောအုပ်အတွင်း၌ ကျနော်တို့ ပျောက်နေကြသည်။ မီးခိုး လုံးဝထွက်ခွင့်မပြု။ ထမင်းချက်ပြုတ်ရေးအား မူခါးဝီးကျိုး တောင်ခြေမှ မိနစ် ၃ဝ ခန့် သွားရမည့် မူခါးဝီးကျိုးရွာအနီးရှိ လျှိုလေးတခုအတွင်း၌ ချက်ကြသည်။ ရွာသားများက ချက်ပေးကြခြင်း ဖြစ်သည်။ နံနက်စောစောမှာပင် ထမင်းထုပ်များက တောကြောပေါ်သို့ ရောက်လာပြီဖြစ်သည်။ တဦးကို တနေ့အတွက် ထမင်းထုပ် ၂ ထုပ်ရ၏။ မျှင်ငါးပိထောင်း၊ မျှင်ငပိဖုတ်၊ မျှင်ငပိကြော်၊ တခါတရံတွင်မူ မျှင်ငပိကြော်တွင် ဝက်သားတုံးလေးများ ပါ၏။ တို့စရာက ဒညင်းသီး။ ဒညင်းပင်များက မူခါးဝီးကျိုး တောင်ကြောတလျှောက် အလေ့ကျပေါက်နေကြသည်။ ကျနော်တို့က ဒညင်းသီးအား ချူ၍မဆွတ်၊ အပင်ပေါ်တက်၍မခူး။ အပင်ငယ်လျှင် အပင်လိုက်လှဲလိုက်၏။ အပင်ကြီးလျှင် အကိုင်းလိုက်ခုတ်၍ ခူးကြ၏ မတတ်နိုင်။

ကျနော်တို့ စစ်ဆင်ရေးတခုလုံး၏ ဆက်သွယ်ရေးနှင့် ထောက်ပို့လမ်းကြောင်းက သံလွင်မြစ်ဘေးရှိ ‘စောထ’ စခန်းမှ ‘ညှာပလိုတဲ’ ၊ ‘တံတားတဲ’ ၊ ‘ထီးမူခီး’ လမ်းကြောင်း ဖြစ်သည်။ ဆန်၊ ငပိ၊ ငရုတ်သီးစသည့် ရိက္ခာများမှအစ စောထမှပင် သယ်ရ၏ ဆင်များဖြင့် သယ်ခြင်းဖြစ်သည်။

ရန်သူသည်လည်း ကျောက်ကြီး၊ မူသယ်-ဗျက်ကော လမ်းကြောင်းအား လုံခြုံရေးချ၍ အထမ်းသမား ပေါ်တာများဖြင့် ရိက္ခာနှင့် ခဲယမ်းမီးကျောက်များအား မူသယ်-ဗျက်ကော စခန်းသို့ ပို့နေသည့် သတင်းများ ကြားနေရ၏။

ရန်သူနှင့် ထိတွေ့မှုဖြစ်မည့် ဒီ-ဒေး နှင့် န-နာရီက တရက်ပြီး တရက်။ တနာရီပြီး၊ တနာရီ နီးကပ်၍လာပြီ။ ဖြတ်ကနဲ အတွေးက ‘အင်းဝနှင့်ဟံသာဝတီ’ စစ်ဆီသို့ရောက်၏။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှ မင်းရဲကျော်စွာ၏ မိန့်တော်မူသည့် စကားအား အမှတ်ရမိ၏။

“စစ်ထိုးရန် သည်တကြိမ် ငါချီခဲ့သည်။ ယခုမှ သူနှင့် တိုက်ရတော့မည်။ ငါ့အလိုဆန္ဒ ပြည့်ဝပြီ။ သူနှင့် စစ်ထိုးရန် အချိန်းအချက် ပြုထားပြီးပြီ။ ချိန်းဆိုထားသည့်အတိုင်း မထွက်ဘဲ နေခဲ့ပါမူ ငါ့စကား ပျက်ချေတော့မည်။ ယခု ငါမတိုက်ခဲ့သော် နောင်ဘယ်သောအခါကျမှ သူနှင့် စစ်ထိုးခွင့် ရပါဦးမည်နည်း”

မိုးနှင်းများက မူခါးဝီးကျိုးတောင်ကြော တခုလုံးအား စိုးမိုး၍ သိမ်းယူထား၏ ဖွဲ၍မစဲတော့။ လက်နက်ကြီးတပ်ဖွဲ့မှ ကရင်ရဲဘော်များသည် ၇၅ နောက်ပွင့်ကြီးကို တပ်ဆင်၍နေသည်။ မိုးနှင်းများအောက်၌ ၇၅ နောက်ပွင့်ကြီးက မဲပြောင်၍ စိုစိုစွတ်စွတ်။ မလှမ်းမကမ်းတွင် ပွိုင့် ၅ စက်သေနတ်ကြီး ၂ လက်က ကျောချင်းကပ်လျက်။ ပွိုင့် ၅ ကျည်သေတ္တာအား ထမ်းလာသည့် ကရင်ရဲဘော်လေး၏ ပခုံးမှ ဖြာထွန်းနေသည့် နေဝန်းနီတံဆိပ်သည် မိုးနှင်းမြူများအကြား၌ပင် တောက်ပ၍ နေလေသည်။ ရာသီက စိမ့်၍အေး၏။ ကျနော်တို့အားလုံး၏ နှလုံးသွေးများက ပူ၍နွေး၏။

“ကြယ်တွေစုံတဲ့ည…ထပ်ကြုံရဦးမယ်
ကြယ်တွေတကယ်ဆုံတဲ့ည လှနေမှာပေါ့ကွယ်”

(ထူးအိမ်သင်၏ ကြယ်တွေဆုံတဲ့ည)
http://www.mizzimaburmese.com/edop/songpa/5648-2010-07-05-08-33-42.html

No comments:

Post a Comment