ondragstart="return false" onselectstart="return false"

Thursday, July 1, 2010

ဦးစောအေးကို - ကရင်ပြည်သူ့ပါတီ (Karen Peoples Party)

ပါတီပြောခွင့်ရပုဂ္ဂိုလ်နှင့် ဒု ဥက္ကဋ္ဌ (၂)

ကရင်ပြည်သူ့ပါတီ (Karen Peoples Party)


အမည် ဦးစောအေးကို

ရာထူး ပါတီ ပြောရေးဆိုခွင့်ရှိသူနှင့် ဒု ဥက္ကဋ္ဌ (၂)

မိဘအမည် ဦးစောဝင်းမောင်၊ နော်အန်ဒုကေ (Naw Ah Du Kai)

မွေးသက္ကရာဇ် ၁၂. ၁၂. ၁၉၄၁

မွေးရပ်ဇာတိ ဓနုဖြူမြို့၊ ဧရာဝတီတိုင်း

မွေးချင်း မောင်နှစ်မ ၅ ဦးအနက် အကြီးဆုံး

ဇနီးအမည် နော်ခင်သီတာ (၁၉၆၅ ခုနစ်တွင် အိမ်ထောင်ကျခဲ့)

သားသမီး ၄ ဦး၊ သမီးတဦး သား ၃ ဦး

(သားအလတ်တဦးမှာ ကွယ်လွန်ခဲ့သဖြင့် လက်ရှိတွင် သားသမီး ၃ ဦး)

လက်ရှိလိပ်စာ အမှတ် ၁၅/၅၁၊ တော်ဝင်လမ်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း။

ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်မည့်နယ်မြေ

ရန်ကုန်တိုင်း တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်

ပညာ အရည်အချင်း

အင်းစိန် အ.ထ.က (အလွတ်ပညာသင်ကျောင်း) မှ ၁၉၆၁ ခုနှစ်တွင် အထက်တန်း အောင်မြင်ခဲ့။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်သို့ ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ပံ ဘာသာရပ်အဓိကတို့ဖြင့် ဆက်လက်တက်ရောက်ခဲ့။ ၁၉၆၃ ခုနှစ်တွင် ၀ိဇ္ဖာတန်း တတိယနှစ် တက်ရောက်နေစဉ် စစ်တက္ကသိုလ် ဗိုလ်လောင်း (O.D.S) အပတ်စဉ် ၂၉ စာမေးပွဲ ၀င်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သဖြင့် ရန်ကုန်တိုင်း မှော်ဘီမြို့တွင် သင်တန်း တက်ရောက်ပြီးနောက် ၁၉၆၄ အောက်တိုဘာ ၁၇ တွင် ဒု ဗိုလ်တာဝန်ဖြင့် ပဲခူးတိုင်း ရွှေကျင်မြို့အခြေစိုက် သနက - ၆ တွင် စတင်တာဝန် ထမ်းဆောင်ခဲ့။

ထမ်းဆောင်ခဲ့ဖူးသည့် ရာထူးတာဝန်များ

၁၉၆၄ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ စစ်ထောက်လှမ်းရေးမှူး၊ စစ်ဦးစီးမှူး တတိယတန်း G – 3 ၊ တပ်ခွဲမှူး၊ ဗိုလ်မှူး၊ စစ်ဦးစီးမှူး ဒုတိယတန်း G – 2 ၊ ဒု တပ်ရင်းမှူး၊ တပ်ရင်းမှူး၊ စစ်ဦးစီးမှူး ပထမတန်း G – 1၊ ဒု ဗိုလ်မှူးကြီး၊ နည်းဗျူးဟာမှူး၊ ဒု တိုင်းမှူး၊ ဗိုလ်မှူးကြီး တာဝန်များကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ၀ နယ်၊ ကရင်ပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့။

ကရင်ပြည်သူ့ပါတီကို ၀င်ရောက်ဖြစ်ခဲ့ပုံ

တနိုင်ငံလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခေတ်မှီတိုးတက်စေချင်တယ်။ တိုင်းရင်းသားတွေ ပြန်လည် စည်းလုံးစေချင်လို့ ကရင်ပြည်သူ့ပါတီကို ၀င်ရောက်ပါဝင်ခဲ့တာပါ။ ပါတီတခုအနေနဲ့ ရပ်တည်ပြီးတော့ ကျရာကဏ္ဍကနေ ပါဝင်လှုပ်ရှားသွားမှာပေါ့။

တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်မှ ၀င်ရောက်ရသည့် အကြောင်းရင်း

''အဲဒီဒေသမှာက ၀င်ပြိုင်ဖို့က လူငယ်အများစုပဲရှိတယ်ဆိုတော့ အားဖြည့်ပေးတဲ့သဘောပါ။ ဒေသက ကိုယ့်ဒေသလည်း မဟုတ်ပါဘူး။ အဓိကကတော့ ပါတီတခု ဖြစ်သွားအောင်၊ ဖလက်ဖောင်းလေးတခု ရအောင် နောက်လူငယ်တွေအတွက် ရပ်ပေးတာပါ။ အရွေးခံရတာ မခံရတာ အရေးမကြီးပါဘူး။ ပါတီတခု ရပ်တည်သွားပြီဆိုရင် ပြောနိုင်ဆိုနိုင် အကြံပေးနိုင်တဲ့ အခြေအနေရှိသွားမှာပေါ''

ရွေးကောက်ပွဲမှတဆင့် တိုင်းပြည်ကို ပြောင်းလဲနိုင်မည့် မျှော်လင့်ချက်

''ချက်ချင်းကြီးတော့ ပြောင်းလဲနိုင်မယ့် အနေအထားတော့ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတော်တော်များများက ဒီလိုခက်ခဲတဲ့ အခြေအနေကြားကပဲ ဒီမိုကရေစီစနစ်ဆီကို တဖြည်းဖြည်းချင်း ကူးပြောင်းသွားတာပဲလေ။ အဲတော့ ဒီနိုင်ငံမှာလည်းပဲ ရုတ်ချည်းပြောင်းလဲဖို့တော့ အခက်အခဲရှိမှာပဲ။ တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူလူထုရဲ့ အခြေအနေက ချက်ချင်းပြောင်းလဲမှုတခုဖြစ်ဖို့ မလွယ်သေးဘူး။ တဖြည်းဖြည်း ပြောင်းလဲယူသွားရမယ်''

မဲဆန္ဒရှင်များကို ဤအချက်များဖြင့် ဆွဲဆောင်စည်းရုံးမည်

၁။ တိုင်းပြည်ကို အေးအေးချမ်းချမ်း စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်သွားမယ်။

၂။ အခြေခံလူတန်းစား တွေ၊ အလုပ်သမား၊ လယ်သမားတွေရဲ့ ဘ၀တွေ၊ အသိပညာတွေ တိုးတက်ရေးကို လုပ်ဆောင်ပေးမယ်။

၃။ Peace and Development ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးကို အဓိကထား လုပ်ဆောင်သွားမယ်။

၎။ တိုင်းရင်းသားတွေရဲ့ တဦးနဲ့ တဦး အထင်အမြင်လွဲမှားနေမှု၊ အပြန်အလှန် မယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးမယ်။

မြန်မာပြည်၏ လက်ရှိ ပညာရေးစနစ်အပေါ်အမြင်နှင့် ပြောင်းလဲလိုသည့် ပုံစံ

''လက်ရှိပညာရေးစနစ်ဟာ လုပ်ငန်းခွင်ကို ပြောင်းလဲရာမှာ အံဝင်ခွင်ကျ မဖြစ်ဘူး။ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ်ကူးတဲ့ လုပ်ငန်းခွင်က အဆက်အစပ်မရှိတာမျိုးတွေ ဖြစ်နေတယ်။ သင်ကြားရေးစနစ်ကလည်း လုပ်ငန်းခွင်အတွက် အထောက်အကူပေးနိုင်တာ နည်းနေတယ်။ နောင်တချိန်မှာတော့ လုပ်ငန်းခွင်ကို အထောက်အကူပြုမယ့် ပညာရေးစနစ်၊ သင်ကြားရေးစနစ်မျိုးကို ပြောင်းလဲပစ်မယ်''

''နောက်ပြီးတော့ မူလတန်း၊ အလယ်တန်းအဆင့်တွေကို မသင်မနေရသတ်မှတ်ပြီးတော့ မူလတန်းဆိုရင် လုံးဝအခမဲ့ဖြစ်အောင် လုပ်ဖို့စိတ်ကူးရှိတယ်။ ကလေးသူငယ်ဘ၀ကနေ ပြန်လည် ပျိုးထောင်ပေးရမယ်။ ကျနော်တို့ခေတ်တုန်းက မူလတန်းမှာ ပြည်သူ့နီတိ သင်ရတယ်။ အခုခေတ်တော့ သင်တာမတွေ့ဘူး။ နောင်တချိန်မှာတော့ ကလေးတွေကို စိတ်ကောင်းရှိဖို့ ကိုယ်ကျင့်တရားကောင်းဖို့ သင်ကြားပေးတဲ့ ပြည်သူ့နီတိကို သင်ရိုးညွှန်းတန်းထဲမှာ ပါအောင်ပြန်လုပ်ဖို့ စိတ်ကူးရှိတယ်''

''အခုက ပညာတတ်ဖို့ကို ဦးစားပေးပြီး စိတ်ဓာတ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်းကို အားပေးတာ နည်းနေတယ်။ အဲဒါကို လမ်းကြောင်း ပြန်တည့်ရမယ်။ အဓိကကတော့ စိတ်ကောင်းရှိဖို့ပေါ့။ ပညာတတ်ပြီး စိတ်ကောင်းမရှိရင် အလကားပဲလေ''

လက်ရှိ စီးပွားရေးစနစ်အပေါ် အမြင်သဘောထားနှင့် ပြောင်းလဲလိုသည့် ပုံစံ

''စီးပွားရေးစနစ်ကတော့ အခုက ဗဟိုချုပ်ကိုင်စနစ်ပဲလေ။ ဒါကိုတော့ မဝေဖန်လိုပါဘူး။ နောင်တချိန်မှာ လုပ်သလောက် အကျိုးခံစားခွင့်ရအောင် လုပ်ပေးမယ်။ တံခါးဖွင့် စီးပွားရေးပေါ့။ ဒါတွေ လုပ်ပေးရမယ်။ အိန္ဒိယဆိုလည်း ဒီမိုကရေစီနိုင်ငံပေမယ့် ကုမ္ပဏီကြီး ၆ ခု၊ ၇ ခုလောက်က ဦးဆောင်လုပ်ကိုင်နေတာမျိုးတွေ ရှိတာပါပဲ။ ဒါပေမယ့် နောင်တချိန်မှာ အငယ်စား လုပ်ငန်းလေးတွေ လုပ်ကိုင်နိုင်အောင် ဖော်ဆောင်ပေးသွားရမယ်။ ပညာပေးသွားရမယ်။ ကိုယ်ပိုင်အရင်းအနှီး ဘယ်လိုထူထောင်မလဲ စသဖြင့် ပညာပေးရမယ်။ အဲလိုပေါ့။ ပူးပေါင်းလုပ်ဆောင် သွားရမှာပါ။ ပါတီအနေနဲ့လည်း စီးပွားရေးနဲ့ ပက်သက်လို့ ပြုပြင်ပြောင်းလဲမယ့် စီမံကိန်း ပရောဂျက်တွေ ရေးဆွဲနေတာ ရှိပါတယ်။ အခြေခံကနေ စပြီးတော့ ပြုပြင်ပြောင်းလဲရမှာပါပဲ''

''နိုင်ငံတော်ကနေ ချမှတ်ပေးထားတဲ့ မူဝါဒဘောင်တွေထဲကနေ လုပ်ဆောင်ကြရမှာပဲ။ အဲဒီဘောင်ထဲကနေ လုပ်မယ်ဆိုရင် မငြိမ်မသက်မှုတွေ၊ တိုင်းပြည် မတည်ငြိမ်မှုတွေ မဖြစ်တော့ဘူး။ ဒါတွေ ဖြစ်နေရင် တိုင်းပြည်တိုးတက်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ အဲတော့ နိုင်ငံတော်က ခွင့်ပြုတဲ့အထဲမှာ အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်း လုပ်ဆောင်ကြမယ်၊ တဦးနဲ့တဦး နားလည်မှုရှိကြမယ်ဆိုရင် မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ တိုင်းပြည်မှာ သယံဇာတတွေရှိတယ်။ မြေနေရာလည်း ကျယ်တယ်။ ကမ္ဘောဒီးယားတို့ဘာတို့ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့က အများကြီးသာပါတယ်။ အကောင်းဆုံးလုပ်သွားဖို့ မျှော်လင့်ထားပါတယ်''

ကျန်းမာရေး စောင့်ရှောက်မှုနှင့်ပက်သက်၍ လုပ်ဆောင်သွားမည့် အခြေအနေ

''ကျနော်တို့ပါတီမှာ ပါမောက္ခ ဒေါက်တာစောဆိုင်မွန်သာတို့လည်း ပါဝင်ပါတယ်။ အခုသူက ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစီအစဉ်တွေ ရေးဆွဲနေပါတယ်။ ဒါကိုလည်း ပါတီအနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်သွားဖို့ရှိပါတယ်''

၂၀၀၈ အခြေခံဥပဒေအပေါ် အမြင်သဘောထား

''ရွေးကောက်ပွဲ ကျင်းပမယ့် ၂၀၀၈ အခြေခံဥပဒေမှာ အားနည်းချက်ရှိသလို အားသာချက်လည်း ရှိပါတယ်။ ဒါကိုလက်ခံခဲ့လို့လည်း ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဖွဲ့စည်းပုံက အားနည်းချက်တွေ လိုက်ထောက်နေလို့လည်း ရှေ့ဆက်သွားစရာမရှိတော့ဘူးလေ။ အဆိုးတွေကို လျှောက်တွက်နေရင် သိပ်အဆင်မပြေဘူး။ အဲတော့ အကောင်းဆုံးဝိုင်းဝန်းပြီး လုပ်သွားဖို့ပဲ စိတ်ကူးရှိပါတယ်''

အနာဂါတ် လွှတ်တော်အတွင်း ဖြစ်လာနိုင်မည့် အခြေအနေပေါ် သုံးသပ်ချက်

''ကျနော်တို့လည်း တပ်ကနေ ဖြတ်သန်းလာခဲ့တာပါ။ ပြန်ကြည့်မယ်ဆိုရင်လည်း ဆိုးသွမ်းမိုက်မဲနေတာမျိုးလည်း မရှိပါဘူး။ အကုန်လုံးက ပညာတတ်တွေ၊ စဉ်းစား တွေးခေါ် တတ်တဲ့လူတွေပါ။ တိုင်ပင်ဆွေးနွေးညှိုနှိုင်းလို့ ရမယ်လို့ပဲ ယုံကြည်တယ်။ တက်လာတဲ့ အစိုးရမှာလည်း လူပေါင်းစုံဖြစ်သွားမှာပဲ။ လူမျိုးစုတွေ၊ စစ်သားတွေ၊ အရပ်သားတွေ ပါမယ်ဆိုတော့ ညွန့်ပေါင်းပုံစံ ဖြစ်သွားမှာပဲ။ ညွန့်ပေါင်းဖြစ်သွားမယ်ဆိုရင် တဦးကောင်း တယောက်ကောင်းနဲ့တော့ ဆုံးဖြတ်လို့မရပါဘူး။ ပြောကြဆိုကြ၊ ငြင်းကြ ခုန်ကြရင်းနဲ့ လုပ်သွားမယ်ဆိုရင် လုပ်ပျော်ကိုင်ပျော် ဖြစ်လာမှာပါ။ အဲလိုပဲ ယုံကြည်တယ်''

ရွေးကောက်ပွဲ အနိုင်မရခဲ့ရင် ဘာဆက်လုပ်မလဲ

''အနိုင်မရလည်း ပြဿနာမဟုတ်ပါဘူး။ ပါတီတခု ကျန်သွားမယ်လေ။ ကရင်ပြည်သူ့ပါတီဆိုတာ ကျန်သွားမယ်။ ပလက်ဖောင်းတခု ကျန်သွားမယ်ပေါ့။ ဒီပလက်ဖောင်းကိုရောက်ဖို့ တော်တော်လေး ရုန်းကန်လာခဲ့ရတယ်လေ။ ကရင်အများစုဆိုရင် အကြောက်တရား တအားလွှမ်းမိုးနေတယ်။ မနည်းကို ပြောဆိုပြီးတော့ စည်းရုံးနေရတယ်။ လျှောက်သာတဲ့ ပလက်ဖောင်းတခု ရသွားရင်ပဲ အမြတ်တခုပါပဲ''

၉၀ ရွေးကောက်ပွဲ ရလဒ်အပေါ် သဘောထား

''၁၉၉၀ ရွေးကောက်ပွဲဟာ ပြီးသွားပါပြီ။ ပြီးသွားတာကို ပြန်လည်သုံးသပ်နေတော့လည်း သိပ်အကျိုး မထူးပါဘူး။ အတိတ်ကို မကြည့်ချင်တော့ပါဘူး။ အနာဂါတ်ကိုပဲ အကောင်းဆုံး မျှော်လင့်ပါတယ်။ အတိတ်ကိုပြောမယ်ဆိုရင် တဦးနဲ့တဦး ထိခိုက်စရာ အကြောင်းရှိမယ်လေ''
http://www.mizzimaburmese.com/election2010/people-profile/5622-2010-06-30-17-33-24.html

2 comments:

William phan said...

၁၉၉၀ ရွေးကောက်ပွဲက မပြီးသေးဘူးဗျ၊ သန်းရွှေက အာဏာမအပ်ပေးတာ ဘယ်လိုမြင်လဲ။ ဒီမိုကရေစီစနစ်ဆီကို ဘယ်လောက်ကြာကြာအချိန်ဆွဲပြီး ပြောင်းလဲဘို့ အစီအစဉ်ရှိပါသလဲဗျာ။ နောက်နှစ်ပေါင်း ၁၀၀ တောင် စစ်အာ ဏာရှင်ဒေါက်တိုင်ရှိနေသ၍ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ဘာ ကြောင့်လဲဆိုတော့ ပြောင်းလဲမှုကို မလိုလားလို့ပေါ့ဗျာ။ တိုင်းပြည်လည်းမငြိမ်းချမ်းနိုင်ဘူး။ ခင်ဗျားတို့ ဒေါက်တိုင်လုပ်ပေးလေ စစ်အစိုးရက သက်ဆိုးရှည်လေဘဲ ဦးစောအေးကိုရေ။ ခင်ဗျားက မဆလထွက်ဆိုတော့ ဒီလမ်းဘဲသွားမှာပေါ့ဗျာ။ ဒီပုပ်ထဲကဒီပဲပါပဲဗျာ။

Anonymous said...

ဒီနအဖ စစ်ထွက်တွေ တစ်ကောင်မှ မယုံရပါဘူးကွာ

Post a Comment