ondragstart="return false" onselectstart="return false"

Friday, July 23, 2010

ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို


ဓါတ်ပုံ - CIDKP
ကျော်ခ သောကြာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း တောင်ငူခရိုင် အရှေ့ဘက်ခြမ်းရှိ တောတောင်များအတွင်း ပုန်းအောင်း နေထိုင်ကြရသည့် IDP ခေါ် ကရင်ရွှေ့ပြောင်း စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော်အတွက် ငှက်ဖျားရောဂါဆေးများ အရေးပေါ် လိုအပ်နေကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းများမှ သိရသည်။

အရေးပေါ် ဆေးဝါးလိုအပ်နေသူများသည် တောင်ငူခရိုင် ထန်းတပင်နှင့် သံတောင်မြို့နယ်များအတွင်း ရွှေ့ပြောင်းနေထိုင်ကြသည့် စစ်ပြေးဒုက္ခသည် ဦးရေ စုစုပေါင်း ၇၅ဝဝ ကျော်ထဲမှ ဖြစ်ပြီး၊ ယင်းဒေသအတွင်း၌ ငှက်ဖျားရောဂါ ဖြစ်ပွားမှုမှာ ယခင်လမှစ၍ သိသာစွာ များပြားလာကြောင်း ၎င်းတို့ကို ကူညီနေသည့် The Committee For Internally Displaced Karen People - CIDKP က ပြောဆိုခြင်း ဖြစ်သည်။

ဓါတ်ပုံ CIDKP

“ပြီးခဲ့တဲ့လက သူတို့တွေရှိတဲ့ နေရာကို လိုက်ပြီး ကျန်းမာရေး စစ်ဆေးချက်တွေ လုပ်တဲ့အခါ ၁ဝ ယောက်မှာ ၇ ယောက်လောက်က ငှက်ဖျားပိုး တွေ့ရတယ် ဆိုတော့ ၁ဝဝ မှာ ၇ဝ လောက် ဖြစ်နေတာပေါ့လေ။ ငှက်ဖျားကြောင့် အသေအပျောက်တွေလည်း ရှိပါတယ်” ဟု CIDKP သတင်းထုတ်ပြန်ရေး တာဝန်ခံ စောအယ်ဝါးသူက မဇ္ဈိမကို ပြောသည်။

“သံတောင်ဘက်မှာ ခြင်တော်တော်ပေါတယ်။ သတ်လို့တောင် မနိုင်ဘူး။ အိပ်မရလောက်အောင်ကို ကိုက်တာ။ ညနေ နေဝင်ချိန်လောက်ကတည်းက ကိုက်လိုက်တဲ့ခြင်က မိုးလင်းတဲ့အထိ ကိုက်နေတာ။ အဲလောက်ကို ပေါတာ။ ဒါကြောင့်မို့လည်း ငှက်ဖျား အလွယ်တကူ ဖြစ်နေတာပေါ့” ဟု သူက ဆက်ပြောသည်။

ငှက်ဖျားဖြစ်နေသည့် အဆိုပါ ဒုက္ခသည်များကို CIDKP ၊ နယ်လှည့်ကျောပိုးအိတ်အဖွဲ့ BPHWT နှင့် ကရင်အမျိုးသား အစည်းအရုံး KNU ဆေးတပ်ဖွဲ့တို့မှ ကုသမှုများ ဆောင်ရွက်ပေးနေသော်လည်း နိုင်နင်းမှု မရှိသဖြင့် ကူးစက်မှုနှုန်း တိုးပွားလာနေသည်။

တောင်ငူ အပါအဝင် ညောင်လေးပင်၊ ဖာပွန်နှင့် သထုံ စသည့် ခရိုင် ၄ခရိုင်တွင် ရွှေ့ပြောင်းစစ်ပြေးဒုက္ခသည် စုစုပေါင်း ၅ သောင်းကျော်ရှိကြောင်း ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးအဖွဲ့ထံမှ သိရသည်။

ညောင်လေးပင်၊ ဖာပွန်နှင့် သထုံ ခရိုင်များတွင်လည်း ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ကူးစက်ရောဂါများ ဖြစ်ပွားနေကြောင်းနှင့် လူနာဦးရေ စာရင်းကိုမူ ပြုစုနေဆဲဖြစ်ကြောင်း နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးအဖွဲ့ ဒါရိုက်တာ ဦးမန်းမန်းက မဇ္ဈိမကို ပြောသည်။

“သူတို့က နအဖ စစ်တပ်လှုပ်ရှားမှုကို ကြည့်ပြီးနေရတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဆိုတော့ နေအိမ် အတည်တကျ မရှိသလို ခြင်ထောင်တို့၊ စောင်တို့ ဘယ်အပြည့်အစုံ ရှိမလဲ။ တချို့လည်း မီးဖိုပြီး အိပ်တယ်။ တချို့လည်း ဒီတိုင်း ပေပြီး အိပ်တယ်။ ဒီလိုခြင်ပေါတဲ့ ကာလဆိုတော့ ဘယ်နိုင်မလဲဗျာ” ဟု သူက ပြောသည်။

ရွှေ့ပြောင်းဒုက္ခသည်များသည် တောတောင်များအတွင်း ယာယီဝါးတဲများဖြင့် ဖြစ်သလိုနေထိုင်ကြရပြီး ယခုလို မိုးတွင်းကာလ စိုစွတ်သည့် နေရာများ၊ ရေအိုင်စပ်များ၊ ခြုံနွယ်များမှ ခိုအောင်းပေါက်ဖွားကြသည့် ခြင်များကိုက်ခြင်းကို ခံရသဖြင့် အဆိုပါ ကူးစက်ရောဂါများ ဖြစ်ပွားရသည်ဟု သူက ဆိုသည်။

အဆိုပါ ခရိုင် ၄ ခရိုင်ရှိ ရွှေ့ပြောင်းဒုက္ခသည်များသည် အစားအသောက်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်နှင့် ပညာရေး အကူအညီများ လိုအပ်နေကြောင်း ဒုက္ခသည်များကို ကူညီနေသည့် အဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

တောင်ငူခရိုင်ရှိ တောင်ငူ၊ ထန်းတပင်၊ သံတောင်၊ အုတ်တွင်း၊ ကျောက်ကြီး၊ ဖြူး၊ ရေတာရှည် စသည့် မြို့နယ်အားလုံးတွင် ယခုနှစ် ဇန်နဝါရီလမှစ၍ ငှက်ဖျားကူးစက်သူ စုစုပေါင်း ၇ဝ၁ ဦးရှိပြီး သေဆုံးသူ မရှိကြောင်း စစ်အစိုးရ ခရိုင်ကျန်းမာရေးဦးစီးဌာနက မဇ္ဈိမကို ပြောသည်။ ယင်းတွင် တောတောင်များ အတွင်း ငှက်ဖျားကူးစက်ခံနေသည့် ရွှေ့ပြောင်းဒုက္ခသည်များ မပါရှိပေ။

တောင်ငူခရိုင်တွင်း၌ ဗိုလ်မှူးချုပ်မျိုးအေး ဦးဆောင်သည့် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ) ၇ လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ ၁ဝ၂၊ ၂၅ဝ၊ ၂၆၁ အပါအဝင် ခြေမြန်တပ်ရင်း ခမရ ၃၃၆၊ ၄၂၁၊ ၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆၊ ၄၂၇ စသည့် တပ်များ လှုပ်ရှားနေပြီး ယခုနှစ် မတ်လက သံတောင်မြို့နယ်တွင်း ဒေသခံ ကရင်လူမျိုးများ ပိုင်ဆိုင်သည့် ဖာလာခြံနှင့် ဒူးရင်းခြံများ ရာနှင့်ချီ၍ မီးရှို့ဖျက်ဆီးကာ မြေမြှုပ်ဗုံးများ ထောင်ခဲ့ကြသည်ဟု CIDKP က ဆိုသည်။

“အများစုက သူတို့ရွာတွေကို နအဖ တပ်တွေက မီးရှို့လို့ ထွက်ပြေးနေကြရတဲ့သူတွေ။ တချို့ကျတော့လည်း အိမ်တွေ ကျန်ခဲ့ကြတယ်။ ဒါပေမဲ့ ရွာထဲနဲ့ ရွာအပြင်တွေမှာ စစ်တပ်က မိုင်းတွေထောင်ထားခဲ့တော့ မပြန်ရဲကြတော့ဘူး။ ပြန်လို့ သေတဲ့လူတွေ၊ စစ်တပ်နဲ့တိုးပြီး ပစ်သတ်ခံရတဲ့ လူတွေလည်း မနည်းဘူးလေ။ ဒါကြောင့် တောထဲမှာပဲ ပြေးနေကြတယ်” ဟု CIDKP မှ စောအယ်ဝါးက ပြောသည်။

ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းစစ်ပြေးဒုက္ခသည်များအရေးသည် ၁၉၇၄ ခုနှစ် ဖြတ်လေးဖြတ် စစ်ဆင်ရေး ကာလမှ စတင်ဖြစ်ပေါ်ခဲ့သည်ဟု စုံစမ်းသိရသည်။ KNU ကရင်လက်နက်ကိုင်အဖွဲ့ကို ကူညီနေသည်ဟု စွပ်စွဲကာ စစ်အစိုးရတပ်များက ကျေးရွာများနှင့် ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းတို့ကြောင့် ရွာသူရွာသားများမှာ တောတွင်းသို့ ထွက်ပြေးပုန်းရှောင်ခဲ့ရာမှ IDP များ ဖြစ်လာခဲ့ကြရခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/5743------cidkp-.html

No comments:

Post a Comment