ondragstart="return false" onselectstart="return false"

Thursday, July 15, 2010

ရခိုင်နှင့်ကရင် တော်လှန်ရေးသမား ၃၄-ဦးကို ထောင်ဒဏ်(၈)လ ထပ်မံပြစ်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံရေးအရ ငြိမ်းချမ်းစွာတောင်းဆိုကြ။

နောက်ကြောင်းဖြစ်ရပ်အကျဉ်း-

၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ ၈-ရက်နေ့  အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုရှိ လန်း(ဒ)ဖေါ့ကျွန်းတွင် အိန္ဒိယစစ်တပ်နှင့် သဘောတူညီမူအရ ရေတပ်အထောက် စခန်းတည်ဆောက်ရန် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)၏ ကာကွယ်ရေးဌာနတာဝန်ခံရခိုင်ပြည်တပ်မတော်(Arakan Amy -AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာဦစီးသည့် ရခိုင်ရဲဘော်၂၃ဦး၊ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုကော်မတီဝင် နိုင်ငံရေးမှူး ဖဒိုမူးလွယ်ဦးစီးသည့် ကရင်ရဲဘော် ၁၁-ဦး စုစုပေါင်း ၄၂-ဦးတို့ ထိုင်း-မြန်မာနယ်စပ်တနေရာမှ စတင်ထွက်ခွာလာခဲ့ကြသည်။

ဗိုလ်မှူးကြီးစောထွန်းနှင့် ဗိုလ်ကြီးရန်နိုင်တို့ မှာ အိန္ဒိယစစ်ထောက်လှမ်းရေး အရာရှိ ဒု-ဗိုလ်မှူးကြီး VJS Grewal (IC-33049W)နှင့် အတူ ဖေေါ်ဝါရီလ ၆-ရက်နေ့ ဒေလီမှ ပိုဒ့် ဘလေးယာသို့ ကြိုတင်ရောက်ရှိနေကြပြီး ဖေဖေါ်ဝါရီလ ၉-ရက်နေ့ လန်း(ဒ)ဖေါလ်ကျွန်း၌ စောင့်နေခဲ့သည်။ ဖေဖေါ်ဝါရီလ ၁၀-ရက် နေ့ တွင် ဗိုလ်ချုပ်ခိုင်ရာဇာဦးစီးသော ရခိုင်ပြည်ရေတပ် (Arakan Marine)တပ်ဖွဲ့ သည် လန်း(ဒ)ဖေါလ်ကျွန်းသို့ ဆိုက်ရောက်ခဲ့သည်။ အိန္ဒိယစစ်ထောက် လှမ်းရေး ဒု-ဗိုလ် မှူး ကြီး JVC Grewal မှ ညစာ စားပွဲဖြင့် ကြိုဆိုခဲ့သည်။

ဖေဖေါ်ဝါရီလ ၁၁-ရက်နေ့ နံက်ပိုင်းတွင် အိန္ဒိယစစ်တပ်မှ အဆင့်မြင့်တာဝန်ရှိသူများလာမည်ဟုဆိုကာ ကြိုဆိုရန် ဗိုလ်ချုပ် ခိုင်ရာဇာ၊ ဖဒိုမူးလွယ်၊ ဗိုလ်မှူး ကြီးစောထွန်းနှင့် ဗိုလ်ကြီးရန်နိုင်၊ ဗိုလ်ကြီးလင်းဇံခိုင်တို့ အား ခေါ်ဆောင်သွားပြီးလုပ်ကြံသတ်ဖြတ်လိုက်သည့် သေနပ်သံများကိုကြားကြရသည်။ အထက် အမိန့် အရသေနပ်များကိုကိုင်ဆောင်ခွင့်မရှိသော ရဲဘော်များနှင့်အတူ ရှိခဲ့သော KNU ဗိုလ်ကြီးမြင့်ဆွေက သေနပ်သံကြားသည်နှင့် သေနပ်များစုပုံထား သောနေရာသို့ သေနပ်ယူရန်ပြေးသွားစဉ် အိန္ဒိယစစ်တပ်မှ ပစ်သတ်လိုက်သည်။ ကျန်ရခိုင်နှင့် ကရင်ရဲဘော်များမှာ လုံးဝ မမျှော်လင့်ဘဲ အဖမ်းခံလိုက်ရ သည်။ နှစ်အနည်းငယ်အကြာတွင် ရခိုင်ရဲဘော်တဦးနှင့် ကရင်ရဲဘော်တဦး ထွက်ပြေးရာမှ ပျောက်ဆုံးသွားသည်။ ယခု ရခိုင်ရဲဘော် ၂၄-ဦး၊ကရင်ရဲဘော် ၁၀-ဦး စုစုပေါင်း ၃၄-ဦး ကျန်နေခဲ့သည်။

ဤအစီအစဉ်ကို ၁၉၉၃-ခုနှစ်မှစ၍ ဗိုလ်မှူးစောထွန်းကစတင်ခဲ့ပြီး ၁၉၉၅-၉၆ ခုတွင် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)မှ ဆက်လက် တာဝန် ယူခဲ့သည်။ ၁၉၉၆-ခုမေလတွင် ပရ၀ါစခန်းတွင် စစ်ထောက်လှမ်းရေးရုံးစတင်ဖွင့်လှစ်ရာ၌ တာဝန်ကျလာသောစစ်ထောက်လှမ်းရေး (MI)ဗိုလ်မှုးအာချိဂျာ နှင့်၎င်း၊ ယင်းနှစ်တွင်ပင် NUPAဌာနချုပ်သို့ ရောက်ရှိလာသော ထောက်လှမ်းရေးဌာနအကြီးအကဲ ရာမတ်(ချ)ချားမားနှင့် ဒု-ဗိုလ်မှူးကြီး JVC Grewalတို့  နှင့်၎င်း ဆက်သွယ်မှု ရရှိခဲ့သည်။ ၁၉၉၇-ခု ဖေဖေါ်ဝါရီလတွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗိုလ်မှူးစောထွန်းအား အိန္ဒိယစစ်ဆက်ဆိုင်ရာနှင့် ဆက်သွယ်ရေးမှူး တာဝန်ကို ပါတီ၏ ဆုံးဖြတ်ချက်အရ ကာကွယ်ရေးဌာနတာဝန်ခံ ဗိုလ်ချုပ်ခိုင်ရာဇာက တာဝန်ပေးအပ်ခဲ့သည်။

လက်ရှိအခြေအနေ-

ယခု ကာလကတ္တားတရားရုံးတွင် တရားရင်ဆိုင်နေရသော ရခိုင်နှင့်ကရင်တော်လှန်ရေးရဲဘော်၃၄-ဦးမှာ အထက်ဖေါ်ပြခဲ့သောဖြစ်ရပ်မှန်များအရ ရေတပ် စခန်းတည်ဆောက်ရန်လာစဉ် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။ ဤအမှုနှင့်ပတ်သက်၍ အိန္ဒိယအစိုးရပိုင်းတာဝန်ရှိပဂ္ဂိုလ်တချို့ အပါအ၀င် ပထမဆုံး အကျိုး ဆောင်ပေးခဲ့သော ကွယ်လွန်သူဦးမောသီရိမှအစ ကိုစိုးမြင့်၊ ရှေ့ နေမကြီးမစ္စနန္ဒိတဟာ(က)ဆာ၊ ရာဗီနိုရ်၊ ဒေါက်တာတင့်ဆွေ၊အိန္ဒိယနှင့်ထိုင်းနိုင်ငံရှိ BLC နှင့် AAPP မှတာဝန်ရှိသူများ၊ ရခိုင့်မျိုးချစ်ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်များ၊ အနောက်ဘင်္ဂလားမှ Sunday Magazine၊ အကျဉ်းသားများလွတ်မြောက်ရေးအကျိုး ဆောင်အဖွဲ့ အစည်းများနှင့် BBCမှ သတင်းထောက်များ၊ တခြား RFA, DVB, VOA သတင်းဌာနများ၏ ကျေးဇူးကြောင့် ဤရဲဘော်များ၏အမှုသည် ယနေ့  အဆင့်သို့ ရောက်ရှိခဲ့ရသည်။

ရဲဘော်ဓညလင်း၏မှတ်တမ်းအရ [“Free Fighters” ခေါ် အင်္ဂလိပ်ကိုလိုနီကျွန်ဘ၀ကလွတ်မြောက်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော (အိန္ဒိ ယနှင့်တခြားကိုလိုနီဒေသများမှ) မျိုးချစ်သူရဲကောင်းများ၏ ရဲရင့်သန့် ရှင်းသော ၀ိဥာဏ်များကိန်းဝပ်ရာ ဤသမိုင်းဝင်ကျွန်းကြီးတွင် ၄င်းသူရဲကောင်းများ နှင့်အတူ တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ရေးနှင့် တန်းတူရေးတို့ အတွက် တိုက်ပွဲဝင်နေကြသော ရခိုင်-ကရင်တော်လှန်ရေးသမား ၃၄-ယောက်တို့ ကို နှစ် ရှည်လများဖမ်းဆီးထိမ်းသိန်း] ခဲ့သည်မှာ ၂၀၀၆-ခုနှစ်အထိဖြစ်သည်။

အန်ဒမန်ကျွန်းရှိ ပိုဒ့်ဘလေးယား အကျဉ်းထောင်တွင် တရားစစ်ဆေးမူတစုံတရာမရှိဘဲ ၈-နှစ်ကြာ ချုပ်နှောင်ခံခဲ့ရပြီး ၂၀၀၆-ခုနှစ်တွင်မှ လူ့အခွင့်အရေး တိုက်ပွဲဝင်ရှေ့ နေ မစ္စနန္ဒိတဟာ(က)ဆာနှင့် မြန်မာနိုင်ငံဒီမိုကရေစီတိုက်ပွဲဝင်မျိုးချစ်များ၊ လူ့ အခွင့်အရေးလူပ်ရှားသူများ၏ ကြိုးပမ်းမူကြောင့် ပိုဒ့်ဘလေး ယားအကျဉ်းထောင်မှ ကာလကတ္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ယူလာကာ အမူကို ကြားနာစစ်ဆေးနိုင်ခဲ့သည်။ ဤအမှုအတွက် ဘဏ္ဍာငွေကြေး သန်းနှင့်ချီ၍ ထောက်ပံ့ကူညီခဲ့ကြသော EBO အပါအ၀င် မဇ္ဈိမသတင်းဌာ၊ NCGUB နှင့် မျိုးချစ်ပြည်ချစ်လူပုဂ္ဂိုလ်များ၊အသင်းအဖွဲ့ များ၊ ဒီမိုကရေးစီဖက် တော်သားများကြောင့်လည်း ယခုကဲ့သို့  အမှုကိုရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ အပြီးသတ်လွတ်မြောက်သည့်အချိန်ထိလည်း ဘဏ္ဍာငွေအထောက် အပံ့များ သန်းနှင့်ချီ၍ ဆက်လက်ရှာဖွယ်ကြရဦးမည်ဖြစ်သည်။

မိမိတို့ ရဲဘော်များအတွက် သက်သေထွက်ဆိုခဲ့ကြသော ညွန့် ပေါင်းအစိုးရ(ပြည်ထောင်စုမြန်မာနိုင်ငံ)(NCGUB) ၀န်ကြီးဒေါက်တာတင့်ဆွေ၊ ဥရောပ-မြန်မာရုံး(EBO)ညွှန်ကြားရေးမှူး ဟန်ယောင်ရွှေ၊ ENCမှဒု-ဥက္ကဌဒေါက်တာလီယန်ဆခေါင်၊ ဘင်္ဂလားပြည်နယ်အားကစားကော်မတီဥက္ကဌတို့ ၏သက် သေထွက်ဆိုခဲ့နိုင်မှုများကြောင့်လည်းကောင်း၊ အနောက်ဘင်္ဂလားပြည်နယ်မှ အစိုးရနှင့်လူ့ အခွင့်အရေးနှင့်ဒီမိုကရေစီကိုမြတ်နိုးကြသူများ၏ ပူးပေါင်းပါ ၀င်ဆောင်ရွက်မှုများနှင့် ထိုင်းနိုင်ငံအပါအ၀င်နိုင်ငံတကာရောက်မြန်မာနိုင်င်ငံလူ့ အခွင့်အရေးနှင့်ဒီမိုကရေစီဖက်တော်သားများ၊ နိုင်ငံတကာရောက် ရခိုင် မျိုးချစ်များ၏ တိုက်ပွဲဝင်လှုပ်ရှားမှုများကြောင့်လည်းကောင်း ယနေ့ ၂၀၁၀-ခုနှစ် ဇူလိုင်လ ၁၂-ရက်နေ့တွင်မှ အမှုကို အောက်ပါအတိုင်း အပြီးသတ် စီရင် ချက်ချမှတ်နိုင်ခဲ့သည်။
(၁) နိုင်ငံခြားသားမူ (ပုဒ်မ -၁၄ -၁၉၄၆) ထောင်ဒဏ် ၁နှစ် ၃လ ဒဏ်ငွေ ရူပီ ၂၀၀၀၊ (၂) ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်း မီးကျောက်များ ပိုင်ဆိုင်မူ [ပုဒ်မ ၅ -၁၉၀၈] ထောင်ဒဏ် ၁နှစ် ၃-လ ဒဏ်ငွေ ရူပီ ၂၀၀၀
(၃) လက်နက်မူ တခု [ပုဒ်မ ၂၅/၂၇ -၁၉၅၉] ထောင်ဒဏ် ၆-လ ဒဏ်ငွေ ရူပီ ၂၀၀၀
စုစုပေါင်း -ထောင်ဒဏ် ၃-နှစ်၊ ဒဏ်ငွေ ရူပီ ၂၀၄,၀၀၀/-(ရူပီ နှစ်သိန်း လေးထောင်တိတိ) (တဦးစီဒဏ်ငွေ ရူပီ ၆၀၀၀/-) ကျခံရမည်ဖြစ်သည်။

သူတို့မှာ အိန္ဒိယထောင်ထဲတွင် ၁၂ နှစ်ကျော် ချုပ်နှောင်ခံထားရပြီးသူများ ဖြစ်သဖြင့် ယခု ချမှတ်လိုက်သော ထောင်ဒဏ် ၃-နှစ်မှာ သူတို့ ကျခံခဲ့ရသော ထောင်ကျသက်တမ်းတွင် အကျုံးဝင်သွားသဖြင့် ယခုစီရင်မူမှာ ပျက်ပြေသွားပြီဖြစ်သည်။ ဒဏ်ငွေများ မပေးဆောင်နိုင်မှုအပေါ် နောက်ထပ် ထောင်ဒဏ် (၈)လ ကျခံရဦးမည် ဖြစ်သည်။

ဆက်လက်လှုပ်ရှားရန်-

အိန္ဒိယဥပဒေကြောင်းအရ လက်ရှိအမှုသည် အတိုင်းအတာတခုထိ ပြီးခဲ့ပြီဖြစ်သည်ဟု ယူဆနိုင်သော်လည်း ဤရဲဘော်များ အပြီးပိုင်လွတ်မြောက်ရေးနှင့် လုံလုံခြုံခြုံ တတိယနိုင်ငံသိုရောက်ရှိရေးသည် အထူးအရေးကြီးလှပါသည်။ ဤအဆင့်သို့ မရောက်သေးသမျှ အပြီးပိုင်လွတ်မြောက်ရေးကို ဆက်လက် ကြိုးစားကြရဦးမည်ဖြစ်သည်။ ဥပဒေကြောင်းအရပြီးဆုံးပြီဟုဆိုနိုင်သဖြင့် ယခုနိုင်ငံရေးအရ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုရန် အထူးလိုအပ်လာသည်။

အခြေအနေတခုလုံးကိုသုံးသပ်ရလျှင် ကျွန်တော်တို့ ရဲဘော် ၃၄-ဦးသည် နောက်ထပ်ဒဏ်ငွေ (တဦးလျှင် ရူပီ ၆၀၀၀ စီဖြင့်) စုစုပေါင်းရူပီ ၂၀၄၀၀၀/- (ရူပီ နှစ်သိန်းလေးထောင်တိတိ) ကို ပေးဆပ်ရန်ထက် နိုင်ငံခြားသားများဖြစ်နေသဖြင့် အိန္ဒိယတွင်နေထိုင်ခွင့်မရှိ။ ထောင်ကလွတ်လျှင် အိန္ဒိယရဲများ၏ ထပ်မံ ဖမ်းဆီးမည်ကို စိုးရိမ်နေကြရသည်။ အခြားတဖက်တွင် UNHCR ဥပဒေအရ ဒေလီတွင်နေထိုင်သော ဒုက္ခသည်မဟုတ်လျှင် UNHCR ကတာဝန်မယူနိုင် သည့်သဘောရှိသော်လည်း ကျွန်တော်တို့ ရဲဘော်များအမှုကို တာဝန်ယူနေသော လူ့ အခွင့်အရေးရှေ့ နေမကြီး နန္ဒိတဟ(က)ဆာ၏ ကြိုးစားပေးမှုကြောင့် UNHCR က အထူးအရေးကိစ္စတခုအဖြစ်သတ်မှတ်ကာ UNHCR ဒုက္ခသည်လျှောက်ထားသူများအဖြစ် လက်မှတ်ထုတ်ပေးထားသည်။

အထက်ပါစိုးရိမ်မှုများကြောင့် လက်ရှိအခြေအနေတွင် UNHR မှလည်း ဒုက္ခသည်လက်မှတ်ထုတ်ပေးရန်ကြံ့ကြာနေမှုအပေါ် နိုင်ငံရေးခိုလှုံခွင့်ပေးမည့် တ တိယနိုင်ငံမှလည်း နိုင်ငံရေးခိုလှုံခွင့်ပေးမည့်ထောက်ခံချက်များ မရောက်နိုင်ဖြစ်နေသည်။ အထူးသဖြင့် ဤသို့ ကြံ့ကြာနေမှုများကြောင့်လည်းကောင်း၊ နိုင်ငံခြားသားအမှုဖြင့် အိန္ဒိယတွင်နေထိုင်ခွင့်မရဘဲ နောက်ထပ်အဖမ်းခံရမည်ကို စိုးရိမ်မှုများကြောင့်လည်းကောင်း ကျွန်တော်တို့ ရဲဘော်များ ထောင်ဒဏ် ၈-လ အပြစ်ပေးသည်ကို မလွှဲမရှောင်သာလက်ခံခဲ့ကြရသည်။

ဤနေရာတွင် အထူးစဉ်းစားရမည့်အချက်မှာ နိုင်ငံခြားသားအနေဖြင့် အိန္ဒိယတွင် နေထိုင်ခွင့်မရသည့်အချက်သည် အထူးအရေးကြီးပါသည်။ UNHCR အ နေဖြင့် အထူးအရေးကိစ္စတခုအနေဖြင့် ကိုင်တွယ်ပြီး UNHCR ဒုက္ခသည်လက်မှတ်ထုတ်ပေးနိုင်လျှင် ဤရဲဘော်များလုံခြုံရေးအဆင်ပြေနိုင်မည်ဟု ယူဆ သည်။ အမှုကား တရားဥပဒေကြောင်းအရ ဂျူလိုင်လ ၁၂-ရက်နေ့ ကပင် ပြီးပြတ်ခဲ့ပြီးဖြစ်သဖြင့် သူတို့ အား UNHCR ဒုက္ခသည်အဖြစ် အသိအမှတ်ပြုနိုင် ပြီဖြစ်သည်။ ယခုထောင် ၈-လကျခံခြင်းမှာ စိုးရိမ်စရာများရှိနေသေးသောကြောင့်သာဖြစ်သည်။

သို့ ဖြစ်၍ ဤစိုးရိမ်မှုများအတွက် နိုင်ငံရေးအရ လှုပ်ရှားမှုများလုပ်ဆောင်ရန် အထူးလိုအပ်လာသည်။ အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံခြားသားအမှုဖြင့် ထပ် မံဖမ်းဆီးမည့်အရေးကို မပြုလုပ်ရန်၊ တတိယနိုင်ငံသို့ လုံခြုံစွာထွက်ခွါခွင့်ပြုရန်၊ အိန္ဒိယ၏ရန်သူမဟုတ်၊ မိတ်ဆွေသာဖြစ်သဖြင့် တတ်နိုင်သမျှသူတို့ အား ကူညီစောင့်ရှောင့်ပေးရန်၊ တတိယနိုင်ငံသို့ မထွက်ခွာမီ အိန္ဒိယမြေပေါ်တွင် ယာယီခိုနားခွင့်ပြုရန် နိုင်ငံရေးတိုက်ပွဲများ လုပ်ဆောင်လားဖို့ လိုအပ်သည်။

နိုင်ငံတကာရောက် မျိုးချစ်ပြည်ချစ်ရခိုင်အမျိုးသားများအပါအ၀င် လူ့ အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးတို့ အတွက်တိုက်ပွဲဝင်နေကြ
သော မြန်မာပြည်သူပြည်သားများအားလုံး၊ အိန္ဒိယနိုင်ငံအပါအ၀င် နိုင်င်္ငတကာမှ လူ့ အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ တရားမျှတ ရေး၊ အသားရောင်နှင့်ဘာသာရေး၊လူမျိုးရေးမခွဲခြားရေးတိုက်ပွဲဝင် အဖွဲ့ အစည်းများ၊ လူ့ ပုဂ္ဂိုလ်များအားလုံး အထက်ပါလူ့ အခွင့်အရေးနှင့် နိုင်ငံရေး တောင်းဆိုများကို မိမိတို့ အရေးကဲ့သို့ ထပ်တူသဘောထားကာ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြရန် အလေးအနက် မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။

ဤနိုင်ငံရေးလှုပ်ရှားမှုကြီးအတွက် ရဲဘော်အောင်မင်းဦး အကျိုးဆောင်နေသော Solidarity Committee for Early Release of 34 Freedom Fighters အနေဖြင့်လည်းကောင်း၊ ရဲဘော်ထွန်းဇော် အကျိုးဆောင်နေသော ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၏ ရဲဘော် ၃၄-ဦးလွတ်မြောက်ရေးကော်မရှင်အ နေဖြင့်လည်းကောင်း၊ ဖြစ်နိုင်သမျှ၊ လက်လှမ်းမီသမျှ လူ့ အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားတန်းတူရေးတိုက်ပွဲဝင် အင်အားစုအသင်းအဖွဲ့ များ၊ မျိုးချစ်ပြည်ချစ်အင်အားစုများနှင့် လူပုဂ္ဂိုလ်များထံ ဆက်သွယ်ဆောင်ရွက်ပေးကြပါရန် အလေးအနက်လေးစားစွာအကြံပြုတိုက်တွန်း တင်ပြလိုက်ပါသည်။


ခင်မောင် (ဥက္ကဌ)
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)
ရခိုင်ပြည်။

No comments:

Post a Comment