ondragstart="return false" onselectstart="return false"

Friday, July 30, 2010

ပြည်သူ့စစ်ဖွဲ့စည်းရေးလက်မခံသည့် ပေါက်ပင်ကွင်းကျေးရွာသား(၄ဝဝ) ထိုင်းနိုင်ငံဘက်တိမ်းရှောင်လာ

ကိုသိုက်၊ ကောင်းဝါ
ဒုတိယ-ဝါဆို လဆုတ် ၄၊ ၁၃၇၂။ ဇူလိုင် ၃၀၊၂၀၁၀။

တနင်္သာရီတိုင်းရေဖြူမြို့နယ်၌ကျေးရွာပြည်သူ့စစ်မလုပ်လိုကြသည့်ပေါက်ပင်ကွင်းကျေးရွာသား(၄ဝဝ)နီးပါး ထိုင်းနိုင်ငံ ဘက်ကိုထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု ဒေသခံရွာသားများမှပြောပါသည်။

ရာဖူးအခြေစိုက်စစ်ဗျူဟာ၏ညွှန်ကြားချက်အရ တပ်ရင်း(၂၈၂) နှင့် တပ်ရင်း(၂၇၃)တို့မှ ပေါက်ပင်ကွင်း ကျေးရွာတွင် တစ်အိမ်တစ်ယောက်ကျလူစုစေကာ ကျေးရွာပြည်သူ့စစ်လုပ်ဆောင်ဖို့အတွက် ရွာသားအယောက် (၄ဝ)ဦးကို မဲနှိုက်တဲ့စံနစ်ဖြင့်ကောက်ခံခဲ့ပါသည်။

ဒေသခံကျေးရွာသားများအနေနှင့် ကျေးရွာပြည်သူ့စစ် လုပ်ဆောင် ရန်လက်မခံကြသည့်အတွက် ဒေသခံမြန်မာစစ်အစိုးရတပ်မှ ညှင်းပမ်းနှိပ်စက်မှုကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးကိုဆက်သွယ်မေးမြန်းရာတွင် ယခုလို ပြောပါသည်။

“ပေါက်ပင်ကွင်းရွာမှာ စစ်တပ်ကပေါ့။ ရွာထဲမှာရှိတဲ့ ရွာသားတွေထဲကနေပြီးတော့ ပြည်သူ့စစ် အဖွဲ့ဖွဲ့စည်းဖို့ဆိုပြီးတော့ ဒီရွေးတဲ့အခါကျတော့ တစ်ယောက်မှ မလုပ်ချင်ကျဘူးပေါ့။ လုပ်ရမယ်ဆိုတဲ့ အခါကျတော့ အတင်းမဲနှိုက်ခိုင်းတယ်ပေါ့နော်။ သူတို့လိုချင်တဲ့အင်အားလူအယောက်(၄ဝ)အတွက်ပေါ့။ ပေါက်တဲ့သူက ပြည်သူ့စစ်အဖွဲ့ထဲမှာဝင်ရမှာပေါ့။ မဲပေါက်ပြီးဆိုတာနဲ့ အိမ်မှာရှိတဲ့ပစ္စည်းပစ္စယတွေ အကုန်လုံးသိမ်းပြီး တခါထဲ ထိုင်းနိုင်ငံထဲဝင်ပြေး ကြတာဘဲ။ ပြေးနေကြတာတော့ တစ်ရွာလုံးလိုလိုဘဲခင်ဗျ။ အခုဆိုလို့ရှိရင်ရွာထဲမှာ လူကြီးတွေလောက်ဘဲ ကျန်တော့တယ်။ လူငယ်တွေတော်တော်များများဟာ အကုန်လုံးထိုင်းနိုင်ငံဘက်ကို ထွက်ပြေးကုန်ကြပြီး။ အားလုံးလူပေါင်း(၄ဝဝ)လောက်တော့ရှိမယ်။ ရွာမှကျန်နေတဲ့သူတွေကိုတော့ သူတို့ နှိပ်စက်တာပေါ့။ အသက်ကြီးတဲ့လူတွေကိုတော့ ဘူတာရုံအပြင်ဘက်ကို ထုတ်ပြီးနေလှန်းခိုင်းတယ်။ မိန်းမ တွေလဲပါတာပေါ့။ ဘုန်းကြီးတွေလဲမဲနှိုက်ရတယ်။ မဲပေါက်ပြီး ဘာဖြစ်မလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးဘူး။”

ရေဖြူမြို့နယ်ဘက်တွင်ရှိသည့်ပေါက်ပင်ကွင်း နတ်ကြီးစင်အစရှိသည့်ကျေးရွာများသည် မွန်ပြည်သစ်ပါတီ ခွဲထွက်တပ်ဖွဲ့များ အမြဲတမ်းလိုလို ဝင်ထွက်သွားလာလှုပ်ရှားနေသာဒေသတွေဖြစ်ပါသည်။ ကျေးရွာပြည်သူ့စစ် ဖွဲ့စည်းရေး ရည်ရွယ်ချက်နှင့်ပက်သက်ပြီး စစ်ရေးလေ့လာသူ မွန်ပြည်သစ်ပါတီကအငြိမ်းစားဗိုလ်မှူးကြီး ကောင်းရွက်မှ အခုလိုသုံးသပ်ထားပါသည်။

“ရေဖြူမြို့နယ်မှာ ဒီမွန်ပြည်သစ်ပါတီကနေခွဲထွက်တဲ့အဖွဲ့တွေရှိတဲ့အတွက်ကြောင့် ဒီအဖွဲ့တွေကို လိုက်လံသုတ်သင်နိုင်ဖို့ ပြည်သူ့စစ်တွေကိုဖွဲ့တယ်။ သူတို့နဲ့ပူးပေါင်းပြီးတော့ သူတို့ရဲ့မျက်စိနားအဖြစ်နဲ့ သော်၎င်း၊ သူတို့ကိုလမ်းပြအဖြစ်နဲ့သော်၎င်း သတင်းပေးတဲ့အဖြစ်သော်၎င်း အသုံးချပြီးတော့ နယ်မြေစိုးမိုးရေးနဲ့ အဲဒီလှုပ်ရှား နေတဲ့အဖွဲ့အစည်းတွေကို ပြည်သူ့စစ်မဟာဗျူဟာနဲ့ချေမှုန်းမယ်။ နောက်စစ်အစိုးရကလဲ အတင်းဖွဲ့စည်းမယ်ဆိုရင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဖြစ်လာမယ်။ အဲဒီဖြစ်တဲ့ပဋိပက္ခဟာ အဓိက မြေဇာဖြစ်ရတာကရွာသားတွေပေါ့။”

(၂ဝ၁ဝ)နှစ်ဆန်းပိုင်းဖေဖေါ်ဝါရီလအတွင်း၌ ကျေးရွာပြည်သူ့စစ်ဖွဲ့စည်းရေးကိုလက်မခံသည့် ရေဖြူမြို့နယ် အလယ်စခမ်းရွာသား(၄)ယောက်ကို ခမရ(၂၈၂)တပ်ရင်းမှဖမ်းဆီးခဲ့ပြီး ရွာသားတစ်ယောက်ကို သတ်ဖြတ်ခဲ့ သည်။

ရေဖြူမြို့နယ်ကျေးရွာသားအယောက်(၂ဝဝ)လောက် မွန်ပြည်သစ် ထားဝယ်ခရိုင်နောက်တန်းစခမ်းတွင် ထွက်ပြေး တိမ်းရှောင်လာခဲ့သည်ဟု မွန်ပြည်ပါတီထားဝယ်ခရိုင်မှ ခရိုင်ကော်မီတီဝင်တစ်ဦးကပြောပါသည်။
http://www.kaowao.org/b/2010news-july-30.php

No comments:

Post a Comment