ondragstart="return false" onselectstart="return false"

Friday, July 9, 2010

တရုတ်မဟာဗျူဟာနဲ့မြန်မာ

ဦးအောင်ခင် / ၀၉ ဇူလိုင် ၂၀၁၀

မြန်မာတပြည်လုံးအတိုင်းအတာနဲ့ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေဟာ ပြည်ပမှာ မြစ်ဖျားခံတာများတယ်။ တရုတ်ပြည် ဂန်စုဒေသမှာ နေထိုင်တယ်လို့ ယူဆရတဲ့မြန်မာတွေ ကျောက်ဆည်နယ်ကို ၀င်ရောက်လာချိန်ကစပြီး မြန်မာပြည်တွင်းမှာ အခြေအနေတွေ ပြောင်းလဲခဲ့ပုံကို ခေတ်ဟောင်းသမိုင်းဆရာတွေဖြစ်တဲ့ ဆရာလူ့စ်၊ ဆရာသန်းထွန်း၊ ဆရာဘရှင်တို့က သုတေသန လုပ်ခဲ့ကြတယ်။ ဒါပေမယ့် (၁၃) ရာစုနှောင်းပိုင်း မွန်ဂိုတရုတ်တပ်တွေ ၀င်ရောက်တိုက်ခိုက်လို့ ပုဂံခေတ် နိဂုံးချုပ်သွားတာကို လူသိများတယ်။ (၁၃) ရာစု မြန်မာနိုင်ငံမြောက်ပိုင်းကို တရုတ်ပိုင် ‘ချင်မြန်’ ပြည်နယ်အဖြစ် ကြေညာပြီး ပုဂံကို သိမ်းပိုက်ပြီးတဲ့အခါမှာ မြန်မာပြည်အလယ်ပိုင်းကို တရုတ်ပိုင် ‘မြန်ချွန်’ ပြည်နယ်အဖြစ် သတ်မှတ်တယ်။ ဒါပေမယ့် တရုတ်က မြန်ချွန်ပြည်နယ်ကို တိုက်ရိုက်မအုပ်ချုပ်ဘဲ သူတို့ကို သစ္စာခံတဲ့ ဒေသခံမင်းတွေကိုသာ အုပ်ချုပ်ခိုင်းတယ်။

တရုတ် ‘မင်’ မင်းဆက်ကို မန်ချူးချင်က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ ‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံတယ်။ အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည်ရောက်တရုတ်တွေ စခန်းထကြတဲ့အတွက် တိုင်းရေးပြည်ရာ အလွန်ရှုပ်ထွေးလာတယ်တဲ့။ နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်းလိုက်ရတယ်။ ဒါပေမယ့် တရုတ်တပ်ကြီးအပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတဲ့ ယုံလီမင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဟာ ကိုးကန့်ဒေသမှာ အခြေစိုက်နေထိုင်တဲ့အတွက် ကိုးကန့်တရုတ်ပေါ်ပေါက်လာတာလို့ အဆိုရှိတယ်။

၁၉ ရာစုမှာ ပန်းသေးတရုတ် မွတ်စလင်ရဲ့ ယူနန်သူပုန် အရေးနိမ့်တဲ့အခါမှာလည်း ပန်းသေးတရုတ် အများအပြား ရှမ်းပြည်မှာ ၀င်ရောက်ခိုလှုံပြီး အရင်ရောက်တဲ့ ကိုးကန့်တရုတ်နဲ့ ရောကုန်တာရှိသလို ထိုင်းနိုင်ငံမြောက်ပိုင်းအထိ ဆင်းသွားသူတွေလည်း ရှိတယ်။ နယ်ချဲ့ဝါဒီအင်္ဂလိပ်နဲ့ အဆင်ပြေအောင် မဆက်ဆံတတ်တဲ့ ကုန်းဘောင်မင်းဆက်နဲ့အတူ ဗမာမင်းအုပ်ချုပ်ရေးစနစ် ၁၈၈၅ မှာ နိဂုံးချုပ်တယ်။ လက်ရှိမြန်မာနိုင်ငံ နယ်နိမိတ်ဟာ အင်္ဂလိပ်ရေးဆွဲခဲ့တဲ့ နယ်နိမိတ်ဖြစ်တယ်။ ကုန်းဘောင်ခေတ်ရဲ့ အရှေ့ဘက်အစွန်ဆုံးဒေသဟာ ကျိုင်းတုံပဲ။ ၁၉၆၈ က ထုတ်ဝေတဲ့ ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့်ရာဇ၀င်ပထမတွဲမှာ ကျိုင်းတုံကို ဗမာမင်းလက်ထက်က အလံဦးကင်းဖျား (သို့မဟုတ်) ကင်းဦးလံဖျားလို့ ခေါ်ကြောင်း ဖော်ပြတယ်။ အဓိပ္ပာယ်က မြန်မာ့အလံတော်ကို အသိအမှတ်ပြုရာအရပ်ရဲ့ အစွန်ဆုံးဒေသပဲ။

မြန်မာပြည်ကို တရုတ်လက်အောက်က အင်္ဂလိပ်က လုယူသွားတာလို့ ခေတ်သစ်တရုတ်ခေါင်းဆောင်တွေက ယူဆတယ်။ တရုတ်သမ္မတနိုင်ငံကို တည်ထောင်သူ ဆွန်ယက်စင် ၁၉၂၄ က ရေးသားတဲ့ စာထမ်းမှာ မြန်မာပြည်ကို တရုတ်လက်အောက်ခံ နယ်ပယ်အဖြစ်ဖော်ပြတယ်။ မော်စီတုန်း ၁၉၃၉ မှာ ထုတ်ဝေတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်တော်လှန်ရေးဆိုတဲ့စာတမ်းမှာ မြန်မာ၊ ဘူတန်နဲ့ နီပေါကို တရုတ်ပိုင်ပြည်နယ်တွေအဖြစ် ဖော်ပြတယ်။ ၁၉၅၃ မှာ တရုတ်အစိုးရ ထုတ်ဝေတဲ့ မြေပုံမှာလည်း မြစ်ကြီးနားမြောက်ဘက်ပိုင်းကို တရုတ်ပြည်ထဲထည့်ထားတယ်။ ၁၉၅၄ မှာ ထုတ်ဝေတဲ့ မြေပုံမှာ မြစ်ကြီးနားမြောက်ပိုင်း တင်မကဘဲ ရှမ်းပြည်နဲ့ ‘၀’ နယ်ကိုပါ တရုတ်ပိုင်နယ်မြေအဖြစ် ဖော်ပြထားတယ်။

တရုတ်ကွန်မြူနစ် အာဏာရလာတဲ့အခါမှာ အရေးနိမ့်သွားတဲ့ ကေအမ်တီတရုတ်ဖြူတပ်ရင်းအချို့ဟာ မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံကြတယ်။ မြန်မာပြည်မှာ ခြေကုပ်ယူပြီး ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးပမ်းတာပါပဲ။ ကေအမ်တီတပ်ရဲ့ ဘိန်းကုန်ကူးပြီး ရန်ပုံငွေရှိတဲ့နည်းကို ရှမ်းပြည်က လက်နက်ကိုင်အဖွဲ့က ဆက်လက်ကျင့်သုံးတယ်။ ကေအမ်တီတရုတ်ဖြူကို တိုက်ထုတ်ဖို့ကြိုးစားရင်း ဗမာစစ်တပ် အင်အားကြီးမားလာတာမို့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ပေါ်ထွက်လာအောင် တရုတ်ပြည်တွင်းစစ်က သွယ်ဝိုက်တဲ့နည်းနဲ့ ကူညီခဲ့သလို ဖြစ်သွားတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အိန္ဒိယနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍဟာ ကြီးမားခဲ့တယ်။

အာဏာရလာတဲ့ တရုတ်ကွန်မြူနစ်ရဲ့ နိုင်ငံခြားရေးလမ်းစဉ်ဟာ ကွန်မြူနစ်တော်လှန်ရေးတွေ အောင်မြင်ဖို့ ဦးတည်ထားတယ်။ မြန်မာပြည်ဟာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲတဲ့ ဗကပ (ခေါ်) ဗမာကွန်မြူနစ်ပါတီကို ထောက်ခံအားပေးတဲ့အပြင် မြန်မာပြည်ထဲအထိ တရုတ်တပ်တွေ ၀င်ရောက်တိုက်ခိုက်လေ့ရှိတာကြောင့် တရုတ်ဒဏ်ကို ဗမာစစ်တပ် လှိမ့်ခံခဲ့ရတယ်။ နယ်ချဲ့အရင်းရှင်နဲ့ ကွန်မြူနစ်အကြားမှာ ကြားနေတဲ့လမ်းစဉ်ကို ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းက ရှုတ်ချတယ်။ တရုတ်နိုင်ငံခြားရေးလမ်းစဉ်မှာ တော်လှန်ရေးကြွေးကြော်သံနဲ့ အခိုင်အမာ တောင်းဆိုသံတွေ ပဲ့တင်ထပ်နေတာမို့ အိမ်နီးချင်းတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ရုရှတို့နဲ့လည်း စစ်ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် ဈေးကွက်စနစ်ကို စတင်ကျင့်သုံးပြီး ကမ္ဘာ့ဈေးကွက်နဲ့ ဆက်သွယ်ချိန်ကစပြီး ကွန်မြူနစ်တော်လှန်ရေးနဲ့ လူတန်းစားတိုက်ပွဲ ကြွေးကြော်သံတွေ ပျောက်ကွယ်သွားပြီး လက်တွေ့အကျိုးစီးပွား မြှင့်ရေးကိုသာ အဓိကထားတယ်။ တရုတ်ဈေးကွက်လမ်းစဉ်ဟာ ဗမာပြည်ကို ဂယက်ရိုက်လာတယ်။ ချွတ်ခြုံကျတဲ့ မဆလစစ်အစိုးရဟာ ၁၉၈၇ ကတည်းက နယ်စပ်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ပေးရတယ်။ ၁၉၈၉ အောက်တိုဘာလမှာ ဗိုလ်သန်းရွှေနဲ့ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်ခေါင်းဆောင်တဲ့ ဗမာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်မှာ (၁၂) ရက်နေထိုင်ပြီး အကူအညီတောင်းချိန်ကစပြီး တရုတ်အစိုးရကို မှီခိုလာတယ်လို့ ပြောနိုင်တယ်။ တရုတ်ကွန်မြူနစ်ကို ဗကပကရော ဗမာစစ်အစိုးရကရော မှီခိုနေရတဲ့ သဘောပဲဖြစ်တယ်။

အခုဆိုရင် တရုတ်ပြည်မှာ ဈေးကွက်စနစ်ကျင့်သုံးတာ အနှစ် (၃၀) ကျော်သွားပြီ။ ဒါပေမယ့် အရင်းရှင်ဈေးကွက်ခရီးစဉ်မှာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ကျန်းမာရေးထိခိုက်မှု၊ ဆင်းရဲချမ်းသာကွာဟမှု၊ အဂတိလိုက်စားမှု စတဲ့ ပြဿနာတွေရှိတာမို့ အနာဂတ်ရေးဟာ မရေမရာဖြစ်နေပါတယ်။ ဒါကြောင့် တရုတ်ပြည်ဟာ အင်အားကြီးနိုင်ငံမဟုတ်ဘဲ တိုးတက်ဖွဲ့ဖြိုးနေတဲ့ နိုင်ငံသာဖြစ်တယ်လို့ ၀န်ကြီးချုပ် ၀မ်ကြားပေါင်က ၂၀၀၈ က Fareed Zakaria ကို CNN မှာ ပြောပြသွားတယ်။ လူဦးရေ သန်း (၁,၃၀၀) မှာ ဆင်းရဲသား လယ်သမားက သန်း (၈၀၀) ရှိတယ်။ အစိုးရထောက်ပံ့ကြေး ထိုင်စားနေရသူက သန်း (၆၀) ရှိတယ်လို့ ဆိုတယ်။ နှစ်စဉ် မြို့တက်ပြီးအလုပ်ရှာတဲ့ လယ်သမားက သန်း (၂၀၀) လောက်ရှိတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်း မြန်မာပြည်ကို နည်းမျိုးစုံနဲ့ ၀င်ရောက်လာကြတဲ့ တရုတ်ဦးရေဟာ (၁) သန်းကျော်နေပြီလို့ ခန့်မှန်းကြတယ်။

ဈေးကွက်စီးပွားရေး စတင်ကျင့်သုံးကတည်းက တရုတ်နိုင်ငံခြားရေးလမ်းစဉ်လည်း ပြောင်းလဲလာတယ်။ ငြိမ်းချမ်းစွာ တိုးတက်ဖွံ့ဖြိုးရေးတွက် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူဝါဒဟာ အရေးကြီးတယ်လို့ ယူဆတယ်။ ဒီရည်ရွယ်ချက် အကောင်အထည်ဖော်နိုင်အောင် နိုင်ငံအားလုံး အထူးသဖြင့် အင်အားကြီးနိုင်ငံတွေနဲ့ အဆင်ပြေဖို့ ကြိုးစားတယ်။ နိုင်ငံတကာအဖွဲ့အစည်းနဲ့ ဒေသဆိုင်ရာ အသင်းအဖွဲ့မှာ တရုတ်ပါဝင်နေတာဟာ ဆက်ဆံရေးအဆင်ပြေဖို့နဲ့ ကိုယ်ကျိုးစီးပွားမြှင့်တင်ဖို့ပါပဲ။ ဒါကြောင့် အရင်ကလို အင်အားသုံး အကျပ်ကိုင်တဲ့နည်းကို တရုတ်က မသုံးတော့ဘူး။ ဥပမာ အိန္ဒိယနယ်စပ် ပြဿနာမှာလို စေ့စပ်ဆွေးနွေးပြီး ဖြေရှင်းနိုင်ဖို့ အလားအလာမရှိဘူးဆိုရင် ပြဿနာဖြေရှင်းဖို့ မကြိုးပမ်းဘဲ အချိန်အကန့်အသတ်မရှိ လိပ်ခဲတည်းလည်း လုပ်ထားတယ်။ ခေါင်းဆောင်နိုင်တဲ့ အင်အားကြီးနိုင်ငံအဆင့်ကို မရောက်မချင်း တရုတ်ဟာ ဒီနည်းကိုပဲ ဆက်လက်ကျင့်သုံးဖွယ်ရှိတယ်။

အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိမှသာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးနိုင်မှာကို တရုတ်ကွန်မြူနစ်က သဘောပေါက်တယ်။ အမေရိကန်ဈေးကွက် ၀င်ခွင့်ရလို့သာ တရုတ်စီးပွားရေး တိုးတက်နေတာ မဟုတ်ပါလား။ ဒါပေမယ့် အမေရိကန်တဦးတည်းကိုသာ မှီခိုနေရတဲ့အဖြစ် မရောက်အောင် အခြားအင်အားကြီးနိုင်ငံတွေနဲ့လည်း အဆင်ပြေအောင် တရုတ်ကွန်မြူနစ်က ကြိုးစားတယ်။ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပါဝင်ပေမယ့် ဒီအဖွဲ့အစည်းရဲ့ ဦးတည်ချက်နဲ့ အခြေခံသဘောတရားတွေကို တရုတ်ကွန်မြူနစ်က ယုံကြည်တာမဟုတ်ပါဘူး။

ဒါပေမယ့် ဆန့်ကျင်ဖို့လည်း စိတ်ကူးပုံမရပါဘူး။ မိမိရရှိနိုင်မယ့် အကျိုးအမြတ်ကိုတွက်ပြီး နိုင်ငံတကာအဖွဲ့တွေထဲ ပါဝင်လာတာပါ။ ဥပမာ ဒေသဆိုင်ရာ အဖွဲ့ထဲမှာပါဝင်ဖို့ ပထ၀ီအနေအထားအရ ဘောင်မ၀င်တဲ့ တောင်အာရှနိုင်ငံများအဖွဲ့ (SAARC) မှာ လေ့လာသူအဖြစ် တရုတ်ပါဝင်လာတာဟာ မိမိအကျိုးစီးပွားကို ဆန့်ကျင်တာမျိုးတွေ မလုပ်နိုင်အောင် ဟန့်တားတဲ့ သဘောပါပဲ။ ကွန်မြူနစ်အာဏာရှင်စနစ်ရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ နိုင်ငံရေးလွတ်လပ်မှု၊ ပုဂ္ဂလိကလွတ်လပ်မှု၊ လူ့အခွင့်အရေးမြှင့်တင်မှု စတာတွေကို တရုတ်က အားမပေးပါဘူး။ နောက်ပြီးတော့ စည်းကမ်းသေ၀ပ်မှုဟာ ပုဂ္ဂလိကလွတ်လပ်မှုထက် ပိုပြီး အရေးကြီးတယ်လို့ တရုတ်က ယူဆတယ်။

ဒါကိုအတုခိုးပြီး ဗမာစစ်အစိုးရကလည်း ‘စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ’ ကို တည်ဆောက်မယ်လို့ ကြွေးကြော်လာတာ ဖြစ်ပုံရတယ်။ နိုင်ငံခြားဆက်ဆံရေး မတည်မငြိမ်ဖြစ်လာရင် စီးပွားရေးပါ ထိခိုက်နိုင်တာမို့ လိုက်လျောညီထွေလုပ်တဲ့ လက်ရှိမဟာဗျူဟာကိုပဲ တရုတ်က ဆက်လက်ကျင့်သုံးဖွယ်ရှိတယ်။ တရုတ်ရဲ့ မဟာဗျူဟာ ပြောင်းလဲမှုကြောင့် မြန်မာပြည်က စီးပွားရေးလုပ်ငန်းတွေမှာ တရုတ်နဲ့ တရုတ်အနွယ်ဝင်တွေ ကြီးစိုးတဲ့အဖြစ်ကို ရောက်ရှိလာတာဖြစ်တယ်။ ဗမာစစ်အုပ်စုကတော့ အာဏာရှိဖို့နဲ့ ငွေရဖို့သာ အဓိကထားနေတော သူတို့လိုချင်တာ တရုတ်ဆီက ရနေရင်ပြီးတာပဲ။

တရုတ်-မြန်မာစင်္ကြံလမ်းလို့ နအဖသတင်းစာတွေမှာ ဖော်ပြတဲ့ ကျောက်ဖြူ-ရွှေလီ ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းဟာ ‘၀’ နယ်မြေကို မရောက်ဘဲ မူဆယ်မှာ တရုတ်ပြည်ထဲဝင်မှာမို့ ဗမာစစ်အစိုးရဟာ ‘၀’ နဲ့မိုင်းလားတပ်ဖွဲ့တွေကို ထိုးစစ်ဆင်နိုင်တယ်။ ဒီလိုဆိုရင် တရုတ်ဘယ်ဘက်က ရပ်မှာလည်းလို့ စဉ်းစားကြတာတွေရှိတယ်။ ‘၀’ တပ်ဖွဲ့ဟာ တရုတ်ကွန်မြူနစ်တွေ ဦးစီးပြီး တည်ထောင်ထားတဲ့ စစ်တပ်ဖြစ်တယ်။ ယူနန်မှာလည်း ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရှိတယ်။ တရုတ်ဟာ ဗမာစစ်အစိုးရနဲ့လည်း ဆတက်ထမ်းပိုးတိုးပြီး ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါကြောင့် နယ်စပ်စစ်ပွဲဖြစ်ပွားပြီဆိုရင် တရုတ်ဟာ ဘယ်ဘက်ကမှပါမှာမဟုတ်ဘဲ နှစ်ဘက်စလုံးက လိုချင်တဲ့ လက်နက်ပစ္စည်းကို ထောက်ပံ့ပြီး အပစ်အခတ်ရပ်စဲဖို့ နောက်ပိုင်းကနေ ကြိုးစားနိုင်တယ်လို့ သုံးသပ်ကြတယ်။

မိမိအကျိုးစီးပွား ထိခိုက်နိုင်တယ်လို့ ယူဆရင် အသွင်မတူတာကို ပြောင်းလဲဖို့ တရုတ်က မကြိုးစားပါဘူး။ ဒီသဘောတရားကို ဟောင်ကောင်ကိစ္စမှာ အထင်အရှားတွေ့မြင်နိုင်တယ်။ တနိုင်ငံ စနစ် (၂) မျိုး မူကိုချမှတ်ပြီး ဟောင်ကောင်ကို အထိုက်အလျောက် လွတ်လပ်မှု ပေးထားတယ်။ အဲဒီလိုပဲ မြန်မာပြည်မှာလည်း ဗကပ တဖြစ်လဲ ‘၀’ တပ်ဖွဲ့ကိုရော နအဖတပ်ဖွဲ့ကိုရော နည်းမျိုးစုံသုံးပြီး ဆက်ဆံလိမ့်မယ်လို့ ယူဆရပါတယ်။
http://www.khitpyaing.org/index.php?route=detail&id=3028

No comments:

Post a Comment