ondragstart="return false" onselectstart="return false"

Tuesday, July 27, 2010

နိုင်ငံရေး၊ စီးပွားရေး အလားအလာများ

အောင်ကျော်ခင် / ၂၇ ဇူလိုင် ၂၀၁၀

လွန်ခဲ့တဲ့ မေလက ၀ါရှင်တန်အခြေစိုက် ငြိမ်းချမ်းရေးသုတေသနဌာနက မြန်မာ့စီးပွားရေးအထူးအစီရင်ခံစာကို ထုတ်ဝေပြီး ဇွန်လရောက်တော့ သြစတြေးလျနိုင်ငံ ဆစ်ဒနီ Macquarie တက္ကသိုလ် ဘောဂဗေဒပါမောက္ခ Sean Turnell က မြန်မာ့စီးပွားရေးရာ အချက်အလက်တွေကို ခွဲစိတ်စစ်ဆေးထားတဲ့ Dissecting the Data ဆိုတဲ့ စာမျက်နှာ (၂၀) ကျော်စာတမ်းကို ထုတ်ဝေလိုက်တယ်။ အခု ဇူလိုင်လမှာ လန်ဒန်အခြေစိုက် Economic Intelligence Unit ဆိုတဲ့ သုတေသနအဖွဲ့က (၂၄) မျက်နှာ အစီရင်ခံစာကို ထုတ်ဝေလိုက်တယ်။ ဒီနှစ်ရဲ့ ရှေ့နှစ်မှာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အလားအလာ ဘယ်လိုရှိနိုင်တယ်ဆိုတာကို သုံးသပ်ထားတာပါပဲ။ မြန်မာ့အခြေအနေ သုံးသပ်ချက် (၃) ခု ဆက်တိုက်ထွက်လာတာဟာ ထူးခြားပါတယ်။

The Economist မဂ္ဂဇင်းအတွက် သုတေသနလုပ်ပေးဖို့ ၁၉၄၆ မှာ Economist Intelligence Unit တည်ထောင်တာမို့ သက်တမ်း (၆၄) နှစ်ရှိသွားပြီ။ အခုတော့ Economist မဂ္ဂဇင်းအတွက် သုတေသန လုပ်ပေးရုံတင်မကဘဲ သီးသန့်အကြံပေးအဖွဲ့အနေနဲ့လည်း လုပ်ကိုင်ဆောင်ရွက်နေတယ်။ ရုံးခွဲပေါင်း (၄၀) ကမ္ဘာမှာ ဖွင့်လှစ်ပြီး ဒေသဆိုင်ရာ အခြေအနေကို လေ့လာနေတယ်။ မြန်မာပြည်ကိုလည်း လေ့လာထားတာမို့ သူတို့ရဲ့ သုံးသပ်ချက်ကို ကြားလူရဲ့ အမြင်အနေနဲ့ အကျဉ်းချုံး တင်ပြလိုပါတယ်။

ရွေးကောက်ပွဲကျင်းပတာကြောင့် နိုင်ငံရေးအာဏာချုပ်ကိုင်မှုမှာ အပြောင်းအလဲဖြစ်ဖို့ အလားအလာမရှိပါဘူး။ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်တဲ့ ဖြစ်စဉ်ပါပဲ။ ကွဲပြားတဲ့ သဘောထားကို ဖိနှိပ်ကာ စည်းကမ်းရှိဖို့ အဓိကထားပြီး တဖက်သတ်ထင်သလို စည်းကမ်းသတ်မှတ်တာကို မတရားဘူးလို့ ယူဆတဲ့အတွက် အန်အယ်လ်ဒီအဖွဲ့ချုပ်ပါတီ မှတ်ပုံမတင်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့အုပ်စုနဲ့ ရွေးကောက်ပွဲဝင်မယ့်အုပ်စုဆိုပြီး အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းမှာ နှစ်ခြမ်းကွဲသွားတယ်။ ရွေးကောက်ပွဲဝင်ရင် ရွေးကောက်ပွဲနဲ့ စစ်အစိုးရကို တရားဝင်ကြောင်း ပြသရာရောက်တာမို့ နိုင်ငံရေးပြုပြင်မှု လုပ်တော့မှာမဟုတ်ဘူးလို့ သပိတ်မှောက်သူတွေက မြင်တယ်။ သပိတ်မမှောက်သူတွေကတော့ တရားဝင် နိုင်ငံရေးလုပ်နိုင်ဖို့ ရွေးကောက်ပွဲဝင်ရတာလို့ ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီရဲ့ အမှတ်သင်္ကေတအဖြစ် ပြည်တွင်းပြည်ပမှာ ရိုသေလေးစားနေကြမှာပါပဲ။ အန်အယ်လ်ဒီ ပါတီဝင်တွေကတော့ အကြမ်းမဖက်နည်းနဲ့ ဆက်လုပ်သွားမယ်လို့ဆိုတယ်။ တချို့ကလည်း လျှို့ဝှက်လုပ်ကိုင်မယ်လို့ ဆိုတယ်။ အန်အယ်လ်ဒီခေါင်းဆောင်အချို့ဟာ အမျိုးသားဒီမုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကိုတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ပါလိမ့်မယ်။ အန်ဒီအက်ဖ်ပါတီ ရွေးကောက်ပွဲဝင်လို့ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရသွားမယ်ဆိုရင် အန်အယ်လ်ဒီရဲ့ အရေးပါမှုဟာလည်း လျော့နည်းသွားဖွယ်ရာရှိပါတယ်။ တကယ်တော့ အန်အယ်လ်ဒီ သပိတ်မမှောက်ခင်ကတည်းက တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ တွက်ထားကြတယ်။ လွတ်လပ်စွာ စည်းရုံးရေး မဆင်းနိုင်တဲ့အတွက် နိုင်ငံရေးပါတီလေးတွေ အခက်အခဲတွေ့နေပုံကို ဖော်ပြတယ်။ ပါတီမှတ်ပုံတင်ခ (၃) သိန်းပေးရပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သူတဦးကို (၅) သိန်းပေးရမှာဖြစ်လို့ ငွေကြေးအခက်အခဲရှိနိုင်တယ်။ နိုင်ငံရေးပါတီလေးတွေ စုပေါင်းလိုက်ရင်တောင် ငွေအင်အား လူအင်အားမှာ နအဖတည်ထောင်ထားတဲ့ ကြံ့ဖွံ့ပါတီကို မယှဉ်နိုင်ဘူးတဲ့။ ဘယ်လိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပမှာလည်း ဆိုတာကိုလည်း မသိနိုင်သေးဘူး။

ဝန်ကြီးချုပ် သိန်းစိန် စစ်တပ်ကထွက်ပြီး ကြံ့ဖွံ့ပါတီတည်ထောင်တာဟာ ရွေးကောက်တင်မြှောက်ရမယ့် လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းမှာ စစ်ဗိုလ်လူထွက်တွေ လက်ဝါးကြီးအုပ်ဖို့ ကြိုးစားတာပါပဲ။ ဒါပေမယ့် စီးပွားရေးကျပ်တည်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာနိုင်တယ်။ နယ်စပ်မှာ ပြဿနာမဖြစ်လိုတဲ့အတွက် နအဖက အလျှော့ပေးထားပုံရတယ်။ နအဖရဲ့ အကြီးဆုံးအန္တရာယ်ဟာ နအဖအဖွဲ့အတွင်း ပြိုင်ဆိုင်မှုပဲဖြစ်တယ်။ အခုအချိန်ထိတော့ သန်းရွှေကို ရွှေမန်းက ဆက်ခံလိမ့်မယ်လို့ ယူဆနေကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးလို့ ဝေစုမတည့်ရင် ပြဿနာ ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲကျင်းပတဲ့ နည်းလမ်းကို အပြည်ပြည်ဆိုင်ရာက ဝေဖန်နေပေမယ့် နအဖက ဂရုမစိုက်ဘူး။ ဒီလို တဖက်သတ်အနိုင်ကျင့်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲကို အပြည်ပြည်ဆိုင်ရာက တရားဝင်အသိအမှတ်ပြုမပြု မသိရသေးဘူး။ ရွေးကောက်ပွဲပြင်ဆင်ပုံဟာ မှားယွင်းနေတယ်လို့ နိုင်ငံခြားအစိုးရတွေက ဝေဖန်ကြတယ်။ ဒါကြောင့် သိသာမြင်သာ ယုံကြည်လောက်စရာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လေ့လာရေးအဖွဲ့တွေ နိုင်ငံခြားက စေလွှတ်ချင်ပေမယ့် မြန်မာစစ်အစိုးရက လက်မခံဘူး။

ရွေးကောက်ပွဲကို မကျေမနပ်ဖြစ်နေတုန်း အဏုမြူလက်နက်ထုတ်လုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းနဲ့ မြောက်ကိုရီးယားရဲ့ အကူအညီရယူတယ်ဆိုတဲ့သတင်းကြောင့် မြန်မာစစ်အစိုးရကို မယုံသင်္ကာဖြစ်လာကြတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်း ယူဆောင်လာတဲ့ အထောက်အထားတွေကို အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအားအေဂျင်စီ (IAEA) က စစ်ဆေးနေတုန်းပဲလို့ ယူဆရပေမယ့် ထုတ်ပြန်ကြေညာတာမျိုး မလုပ်သေးပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် (၁၈၇၄) အရ မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအ၀ယ်မလုပ်ဖို့ ပိတ်ပင်ထားတာကို နအဖ သဘောတူထားတယ်။ ဒါပေမယ့် ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးတဲ့အခါမှာ မြန်မာအပါအ၀င် နိုင်ငံအချို့ဟာ ပိတ်ပင်ထားတဲ့ပစ္စည်းကို မြောက်ကိုရီးယားဆီက ရယူနေကြောင်း သိရတယ်။ ရုရှားလုပ်အဏုမြူဓာတ်ပေါင်းဖို အသေးစားတခု ၀ယ်ယူဖို့နဲ့ မြန်မာသိပ္ပံပညာရှင်တွေကို သင်တန်းပေးဖို့ ၂၀၀၇ မှာ ရုရှားနဲ့ သဘောတူခဲ့တယ်။ IAEA ညွှန်ကြားချက်အတိုင်း လိုက်နာမယ်လို့ ရုရှားက ဆိုပေမယ့် IAEA ကို စစ်ဆေးခွင့်ပြုတဲ့စာချုပ်ကို နအဖ က လက်မှတ်မထိုးရသေးဘူး။

ကမ္ဘာ့စီးပွားရေးကျဆင်းနေလို့ မိမိစီးပွားရေးရှင်သန်အောင် အားသစ်လောင်းတာမျိုး အာရှနိုင်ငံတွေမှာ လုပ်ကြပေမယ့် နအဖကတော့ ဘာမှမလုပ်ပါဘူး။ အစိုးရအသုံးစရိတ်မှာ လိုငွေပြနေဦးမှာပါပဲ။ အစိုးရလိုငွေကို ဗဟိုဘဏ်က ငွေစက္ကူရိုက်ထုတ်ပြီး ဖြည့်ဆည်းနေရတယ်။ သူများနိုင်ငံက ဗဟိုဘဏ်တွေလို မြန်မာ့ဗဟိုဘဏ်မှာ လုပ်ပိုင်ခွင့်မရှိဘဲ နအဖခိုင်းသမျှ လိုက်လျောနေရတယ်။ ကမ္ဘာ့စီးပွားရေး ထူထူထောင်ထောင်ဖြစ်လာပေမယ့် မြန်မာ့စီးပွားရေးဟာ နှေးကွေးနေတုန်းပဲလို့ သုံးသပ်တယ်။ စက်မှုလုပ်ငန်းတိုးတက်မှုကို ခန့်မှန်းရာမှာ လျှပ်စစ်ဓာတ်သုံးစွဲမှုနှုန်းနဲ့ တိုင်းတာလေ့ရှိတယ်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တဖြည်းဖြည်းလျော့နည်းလာတာကိုကြည့်ပြီး မြန်မာ့စက်မှုလုပ်ငန်းကဏ္ဍမှာ တိုးတက်မှုမရှိဘူးလို့ဆိုတယ်။ ဘိလပ်မြေနဲ့ အုတ်ထုတ်လုပ်မှု ကျဆင်းလာတာဟာ ဆောက်လုပ်ရေးကဏ္ဍမှာ အနိုင်နိုင်ရုန်းကန်နေရတာ ပြသတာဖြစ်တယ်။

ပဲမျိုးစုံနဲ့ ဆန်ရောင်းရတာကြောင့် စိုက်ပျိုးလယ်ယာကဏ္ဍဟာ ရှင်သန်နေပုံရတယ်။ နောက်ဆုံးရ စာရင်းဇယားအရ လွန်ခဲ့တဲ့နှစ်က ဆန်တန်ချိန် (၈) သိန်းနီးပါး တင်ပို့တာသိရတယ်။ တန်ချိန် (၄) သိန်းလောက် ပိုများလာတဲ့ သဘောပဲ။ ပဲမျိုးစုံတင်ပို့ရာမှာ တင်ပို့တဲ့ပမာဏမှာ (၁၀) ရာခိုင်နှုန်းလောက် နည်းသွားပေမယ့် ၀င်ငွေ (၃၀) ရာခိုင်နှုန်းလောက် တိုးပွားလာတယ်။ လောင်စာစွမ်းအင်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးပွားလာတယ်။ စိုက်ပျိုးလယ်ယာရှင်သန်လာမှသာ တိုင်းပြည်စီးပွားရေး နာလန်ထမှာဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်း ပေါ်ပေါက်လာတာကို ကောင်းမွန်တဲ့ အလားအလာအဖြစ် Christian Science Monitor သတင်းစာက ဇူလိုင်လ (၆) ရက်နေ့က ဖော်ပြတယ်။

ဒီသတင်းကို ဇူလိုင် (၁၂-၁၈) ထုတ် The Voice စာစောင်မှာလည်း ဖော်ပြတယ်။ အသင်းဥက္ကဋ္ဌဟာ အစိုးရခန့်ဖြစ်ပြီး ဗဟိုကနေ အောက်ခြေကို ဖွဲ့စည်းထားတာဖြစ်ပေမယ့် (၂) နှစ်ကြာတဲ့အခါမှာ မြို့နယ်နဲ့တိုင်းအဆင့် အမှုဆောင်တွေကို အများစုဆန္ဒအရ ရွေးချယ်သွားမယ်လို့ ဆိုတယ်။ ဒီအသင်းဟာ လယ်သမားလုပ်ငန်း အဆင်ပြေအောင် ဘက်ပေါင်းစုံက ထောက်ပံ့နေတယ်လို့ဆိုတယ်။ ဆန်စပါးကုန်သည်များအသင်း၊ ဆန်းစပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနဲ့ ဆန်စပါးအထူးပြုကုမ္ပဏီကိုယ်စားလှယ်များစုပေါင်းပြီး ဆန်စပါးအသင်းကို ဖွဲ့စည်းထားတာဖြစ်တယ်။

နအဖအစိုးရဟာ နေပြည်တော်တည်ဆောက်ရေးနဲ့ စစ်အင်အားတိုးချဲ့ရေးကိုသာ ဦးစားပေးပြီး ကျန်းမာရေးနဲ့ ပညာရေးကို ဂရုမစိုက်တာမို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးရည်မှန်းချက် (၈) ခုကို အကောင်အထည်ဖော်ဖို့ ခက်ခဲနေတယ်လို့ ဆိုတယ်။ အလွန်အမင်း ဆင်းရဲမှုပပျောက်ရေး၊ ကလေးသေဆုံးမှုနှုန်း ကျဆင်းရေး၊ မိခင်ကျန်းမာရေး၊ ကလေးတိုင်း မူလတန်းပညာသင်ကြားနိုင်ရေး၊ အမျိုးသမီးလုပ်ပိုင်ခွင့်ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ HIV-AIDS တိုက်ဖျက်ရေး၊ ဖွံ့ဖြိးရေးအတွက် ပူးတွဲဆောင်ရွက်ရေး စတာတွေကို ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂက ရည်မှန်းပေမယ့် နအဖအစိုးရဟာ တခုမှ ဆောင်ရွက်နိုင်မှာမဟုတ်ဘူးတဲ့။

၂၀၀၉ ခုနှစ် UNDP လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေးအစီရင်ခံစာမှာ နအဖအသုံးစရိတ်ရဲ့ (၂) ရာခိုင်နှုန်းဟာ ကျန်းမာရေးစရိတ်ဖြစ်နေပြီး အာဆီယံနိုင်ငံတွေရဲ့ ပျမ်းမျှနှုန်း ကျန်းမာရေးစရိတ်ဟာ အသုံးစရိတ်ရဲ့ (၇) ရာခိုင်နှုန်းဖြစ်တယ်။ ဒါကြောင့်မို့ အာဆီယံနိုင်ငံထဲမှာ မြန်မာပြည်ရဲ့ လူမှုဖွံ့ဖြိုးမှုဟာ အနိမ့်ကျဆုံးဖြစ်တယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗိယက်နမ်ဟာ မြန်မာထက် အများကြီးသာတယ်။ မြန်မာ့ပျမ်းမျှကြေး လူ့သက်တမ်းဟာ (၆၀) အာဆီယံသက်တမ်းက (၇၀) ဖြစ်တယ်။ အနာဂတ် မြန်မာပြည်သားဖြစ်တဲ့ အသက် (၅) နှစ်အောက် ကလေးထဲမှာ (၃၂) ရာခိုင်နှုန်းဟာ အာဟာရဓာတ် ချို့တဲ့နေတယ်။ အသက် (၅) နှစ်အောက်ကလေး (၁,၀၀၀) မှာ (၆၆) ယောက် သေဆုံးနေကြောင်း သိရတယ်။ ဒါကြောင့် တိုင်းပြည်မှာ စစ်ဗိုလ်ကြီးစိုးနေသမျှကာလပတ်လုံး နိုင်ငံသားတွေ လူညွန့်တုံးနေမှာ သေချာပါတယ်။
http://www.khitpyaing.org/index.php?route=detail&id=3290

No comments:

Post a Comment