ondragstart="return false" onselectstart="return false"

Tuesday, July 20, 2010

ဝန်ကြီးပြောဆိုချက် အခြေအမြစ်မရှိဟု ဒေါက်တာတူးဂျာတုံ့ပြန်

နအဖလိမ်သွားတာ သမိုင်းမှာ ဗမာတွေက တိုင်းရင်းသားတွေကို လိမ်သွားတယ် လို့ ကျန်ခဲ့ရင် မကောင်းဘူးပေါ့ကွာ။

ဖနိဒါ | တနင်္လာနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ဆက်စပ်နေသဖြင့် ပါတီထောင်ခွင့် မပြုနိုင်ဟု အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း၏ ပြောကြားချက်ကို ”အခြေအမြစ်မရှိတဲ့ ပြောဆိုမှု ” ဟုဆိုကာ ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ဥက္ကဌ ဒေါက်တာတူးဂျာက ယနေ့ တုံ့ပြန်လိုက်သည်။

“အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေပါ။ ကျနော်တို့ ဒါတွေကို နားထောင်တာ မဟုတ်ပါဘူး။ ကျနော်တို့ က စနစ်တကျ Procedure ကျကျလုပ်နေတာ ဖြစ်ပါတယ်။ ကျနော်က အဲဒီအဖွဲ့အစည်းကနေ နှုတ်ထွက်တယ်။ ကျနော်တို့ လုပ်ဆောင်နေတာက ဘယ်ဥပဒေနဲ့မှ မညှိစွန်းပါဘူး” ဟု ပါတီ၏ ဥက္ကဌ ဒေါက်တာတူးဂျာက မဇ္ဈိမကို ပြောသည်။

ဒေါက်တာတူးဂျာအနေဖြင့် ဥက္ကဌတာဝန်မှ နှုတ်ထွက်၍ နာယကအဖြစ် တာဝန်ယူလျင်မူ ပါတီထောင်ခွင့် ပြုမည်ဟု ဦးအောင်သောင်းက ယခုလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ ကချင်ခေါင်းဆောင်များအား ပြောဆိုခဲ့သည်ကို တုန့်ပြန်ခြင်း ဖြစ်သည်။

“နာယကလို လုပ်နိုင်တယ်ဆိုတာကလည်း သူတို့ရဲ့လိုလားချက်ကို ပြောတာဖြစ်တယ်။ ဒီဥက္ကဌ ပြောင်းလဲဖို့ လိုအပ်တယ်ဆိုရင်လည်း လုပ်ထုံးလုပ်နည်း မကျပါဘူး။ ဒါကြောင့် ကျနော်တို့က လုံးဝ လက်မခံဘူး” ဟု ဒေါက်တာတူးဂျာက ပြောသည်။

အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော်နှင့် အဖွဲ့သည် ကချင်အတိုင်ပင်ခံ အဖွဲ့နှင့် မြစ်ကြီးနားတွင် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ဆုံပြောကြားရာတွင် ဒေါက်တာတူးဂျာ၏ အခန်းဂဏ္ဍနှင့် ပတ်သက်၍ ဦးအောင်သောင်းက ပြောသွားသည်။

KIO ဘက်ကလည်း ဒေါက်တာတူးဂျာ နှုတ်ထွက်ပြီးဖြစ်ကြောင်း ထပ်မံအတည်ပြု ပြောခဲ့သည်။

၁၄ နှစ်ကြာ အခြေခံဥပဒေမူကြမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သူဖြစ်ကာ သဘောထား ပျော့ပြောင်းသော ကချင်ခေါင်းဆောင်တဦးဟု လူသိများသူကို ပါတီအကြီးအကဲအဖြစ် စစ်အစိုးရက ခွင့်မပြုခြင်းမှာ KIO ၏ လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးနှင့် ပတ်သက်နေသည်ဟု ထိုင်းအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ပြောသည်။

” နအဖက ညစ်တာပါ။ ဒေါက်တာတူးဂျာကို အသုံးချတာ။ NC ပြီးတုန်းက မူကြမ်းစာအုပ်အပ်တာ ဒေါက်တာတူးဂျာပဲ။ အဲသည်အချိန်တုန်းက KIO တွေ ဘာတွေ ပြောနေတာ မဟုတ်ဘူး။ အခုအချိန်ကျမှ ဒီကိစ္စတွေ ပြောလာတယ်။” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

” ဗမာလူမျိုးတွေ အတွက်လည်း ရှက်စရာကောင်းတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်လည်း ရင်လေးစရာ ကောင်းတယ်” ဟု သူက ထပ်ပြောသည်။

KIO ၏တပ်များကို ကာကွယ်ရေး ဦးစီးချုပ်၏ စီမံခန့်ခွဲမှုအောက် သွတ်သွင်းမည့် နယ်ခြားစောင့်တပ် စီမံကိန်းကို KIO က လက်မခံဘဲ ငြင်းပယ်ထားသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးကမူ ပါတီလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ကြောင်း ဒေါက်တာတူးဂျာ အပါအဝင် KSPP ထိပ်ပိုင်း ခေါင်းဆောင် ၅ ဦးတို့နှင့် ယခုလ ၁၆ ရက်နေ့က နေပြည်တော် ကော်မရှင်ရုံး၌ ပါတီထူထောင်ခွင့် မကျသေးသည့် ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးစဉ် ပြောခဲ့သည်ဟု သိရသည်။

သို့သော် တိုက်ဆိုင်မှုတခုမှာ KSPP ပါတီနှင့် ပတ်သက်၍ ကော်မရှင်သို့ “တိုင်စာ” ရောက်နေကြောင်း၊ ယင်းတိုင်စာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ယခုလကုန်ပိုင်းတွင် ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးကိုယ်တိုင် မြစ်ကြီးနားနှင့် တနိုင်းမြို့သို့ လာရောက်မည်ဖြစ်ကြောင်း မြစ်ကြီးနားရှိ ကချင်ခေါင်းဆောင်များထံမှ စုံစမ်းသိရသည်။

ကချင်ပြည်နယ်တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄ ခုအနက် ကြံ့ဖွံ့ပါတီ ဝင်အဖြစ်မှ နုတ်ထွက်သူများ ဦးဆောင်ဖွဲ့စည်းခဲ့သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်-စဒက (Unity and Democracy Party of Kachin State - UDPKS) ပါတီကိုမူ ယခုလ ၁၆ ရက်နေ့က ပါတီတည်ထောင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

ကျန်ပါတီများမှာမူ တည်ထောင်ခွင့် တောင်းထားသည်မှာ အနည်းဆုံး ၃ လ ရှိပြီဖြစ်သော်လည်း ယနေ့အထိ ခွင့်ပြုချက် မရသေးပေ။

UDPKS ဥက္ကဌ ဦးခက်ထိန်နန်က “ကျနော်တို့ပါတီက ပညာရေး ကျန်းမာရေး၊ စိုက်ပျိုးရေးတွေနဲ့ ပတ်သက်ပြီးတော့ တိုးတက်အောင် လုပ်မယ်။ နောက်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့လည်း တဆင့်ပြီးဆင့် တိုက်ဖျက်သွားမယ်။ စာပေယဉ်ကျေးမှုတွေကအစ အကုန်လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။

UDPKS ပါတီတွင် ဥက္ကဌ ဦးခက်ထိန်နန်၊ ဒုဥက္ကဌ ၁ အဖြစ် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်၏ အစ်ကိုရင်းဖြစ်သူ ဦးခင်မောင်လှ၊ ဒုဥက္ကဌ ၂ အဖြစ် ရှမ်းတိုင်းရင်းသား ဦးစိုင်းအေးကျော်နှင့် အတွင်းရေးမှူးအဖြစ် ဦးဖောင်လားဂမ်ဖန်တို့ အပါအဝင် အလုပ်အမှုဆောင် ၁၅ ဦးရှိသည်ဟု သူက ဆိုသည်။

ယင်းပါတီ၏ မူဝါဒ စည်းမျဉ်းများကိုမူ ရေးဆွဲနေဆဲဖြစ်ပြီး စည်းရုံးရေး လုပ်ငန်းများလည်း စတင်ခြင်း မရှိသေးကြောင်း သူက ဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/5730-2010-07-19-12-53-32.html

No comments:

Post a Comment