ondragstart="return false" onselectstart="return false"

Monday, July 5, 2010

ပြည်ပမြေမှ မြန်မာများ

စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးလေးတပုဒ်ပါ။ ဆောင်းပါးပါ အချက်အလက်များကို တိုင်းရင်းသားများ ဘယ်လောက်အတိုင်းအတာ အထိ လက်ခံနိုင် မနိုင် ကျနော်တို့ မှတ်ချက်မပေးလိုပါ။ ဟစ်တိုင်သတင်းစာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်ပြီး.. ဒီဆောင်းပါးပါအချက်အလက်များကို ထောက်ပြရေးသားလို ပါက မူရင်းပို့ စ်တင်ထားသော ဟစ်တိုင်သတင်းစာမျက်နှာသို့ လိပ်မူရေးသားပေးပို့ နိုင်ပါကြောင်း.....

ကွဲပြားစေချင်သည်..မဗေဒါ

ကျွန်မဒီစာကိုရေးမယ်ဆိုတော့ အခါခါ တွေးမိပါတယ် ..။ ကောင်းပါ့မလားပေါ့..။ ထပ်ခါထပ်ခါ ပြန်တွေးတယ် အင်တာနက်ပေါ်မှာ စာဖတ်ပရိသတ်တွေ သိသင့်တာလေးတွေကို အခုကတည်းက သိထားသင့်တာရယ်.. သိပြီးသူတွေလည်း ပိုစဉ်းစားပေးတာမျိုး.. ဆွေးနွေးပေးတာမျိုး လုပ်နိုင်ရင် ကောင်းမယ်..။
တနေ့ တိုင်းပြည်မှာပဲဖြစ်ဖြစ်.. အခုရောက်ရှိနေထိုင်နေတဲ့ နေရာမှာပဲဖြစ်ဖြစ် တနည်းနည်း ပတ်သက်နေတာလေး တွေဆိုတော့ အခုကတည်းက စဉ်းစားထားလို့ရအောင် ရေးမယ်လို့ ဆုံးဖြတ်ပါတယ်..။

လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က `ဗမာ` ဆိုတဲ့စကားလုံးရယ်.. ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသား အကြောင်းတွေငြင်းရင်းခုန်ရင်း အကြိမ်ပေါင်းများစွာ စိတ်အနှောင့်အယှက် ဖြစ်ဖူးပါတယ် ။ ကျွန်မကိုယ်တိုင်တော့ ( ဗမာ အစစ် )ရာခိုင်နှုန်းပြည့် ဟုတ်မဟုတ်တော့ မသိဘူး.. မြင်တဲ့သူတိုင်းကတော့ ဗမာလို့ အလိုလိုသတ်မှတ်ထားတယ်.. အကြောင်းက အများသတ်မှတ်ထားတဲ့ ဗမာဆိုတဲ့ အသားအရည်… ရုပ်ရည်.. စကားပြောဟန်.. (အကြွားထူတာမျိုး) စတဲ့ ဗမာလို့ ယေဘုယျ သတ်မှတ်ထားတာမျိုးတွေ နဲ့ အံဝင်ဂွင်ကျတာကြောင့် ဗမာလို့အော်တိုဖြစ်စေတာ ဖြစ်မယ်လို့ ယူဆရပါတယ်..။ ကျွန်မကလည်း ဂုဏ်ယူစွာပြောချင်ပါတယ်။ ဗမာအစစ် ၈၀ ရာခိုင်နှုန်းလောက် သေချာမယ်ထင်ပါတယ်လို့။ ဗမာဖြစ်ရတာကို ကိုယ်ကဂုဏ်ယူပေမယ့်လည်း ကိုယ့်ကိုဗမာဖြစ်လို့ မြင်တာနဲ့ စိတ်အချဉ်ပေါက်သူတွေလည်း တွေ့ဖူးတယ်။ ဗမာလို့ ဆိုလိုက်တာနဲ့ နေရင်းထိုင်ရင်း အမှတ်တွေ လျှော့ပစ်တာကို ခံရဖူးတယ်..။ ဗမာဖြစ်လို့ အခွင့်အရေးဆုံးရူံး ခဲ့ရတာတွေ ရှိခဲ့ဖူးတယ်..။ ကျွန်မရဲ့ အတွေ့အကြုံလေးကို ဖလှယ်ခြင်ပါတယ်။

ကျွန်မတို့တွေ အမျိုးသမီးရေးနဲ့ ဆိုင်တဲ့ အစီရင်ခံစာ တဆောင် ရေးချိန်က ဖြစ်ပါတယ် ...။ အမျိုးသမီး ကိစ္စဆိုတော့ အမျိုးသမီးအရေးတွေ စုံလင်စွာဆွေးနွေးတဲ့ကိစ္စ ..အင်တာဗျူးတွေ.. သတင်းတွေကို ဖတ်ရပါတယ်..။ အဲဒီမှာ ဗမာမဟုတ်တဲ့ တိုင်းရင်းသား အမျိုးသမီးတွေကို စနစ်တကျ ဘာလုပ်တယ် ညာလုပ်တယ် ဆိုတာမျိုးတွေ ထည့်သွင်းဖို့ ပါလာပါတယ်..။ ။
မှတ်မိသလောက် ပြောရရင် တော့(အမျိုးသမီးများကို ဗမာစစ်တပ်က စနစ်တကျမုဒိမ်းကျင့် ) ဆိုသည့် စကားလုံး ပါလာတာဖြစ်ပါတယ်..။

ကျွန်မက အဲလိုစကား လုံး ကိုမသုံးဖို့ အငြင်းအခုံ လုပ်မိပါတယ်။ ပြောမယ်ဆိုရင် စကားလုံးတခုကို ကုလသမဂ္ဂလိုနေရာမျိုးမှာ တင်ပြမယ်ဆိုရင် အင်မတန်မှ ဂရုစိုက်ရမယ်လို့ ယူဆလို့ဖြစ် ပါတယ်။ ဖြစ်နေတဲ့အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် သေချာစုံးစမ်းမသိပါပဲ အချက်အလက်မခိုင်မှာပါပဲ ဇာတ်နာရုံ လေး ပြောချင်တဲ့ စိတ်နဲ့ စကားလုံးလှလှလေးတွေ သုံးတာက တကယ်တော့ ပြဿနာဖြစ်တက်ပါတယ် ။
အမှန်က ကုလသမဂ္ဂ ဆိုတဲ့ နေရာဟာ ရသတွေလာတင်ပြတဲ့နေရာ မဟုတ်သလို ဇာတ်နာအောင် ကြားကောင်းအောင် ရေးလို့မရပဲ အချက်အလက်ခိုင်မာစွာ တင်ပြရတဲ့ နေရာတခုသာဖြစ်ပါတယ်..။

တင်ပြလာတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ ပညာရှင်.. (သို့) အစိုးရ ကိုယ်စားလှယ်များက ဖတ်ရူပြီးမှ သက်ဆိုင်ရာ အစိုးရတွေကို ဖိအားပေးတာမျိုး ဒါမှမမဟုတ်လည်း ဆွေးနွေးတာမျိုးတွေ ပြုလုပ်တဲ့ နေရာတခုသာဖြစ်ပါတယ်..။ ကြုံတုန်းပြောချင်ပါတယ်။ ကျွန်မတို့ ကြားနေတဲ့ ကုလသမဂ္ဂ လိုနေရာမျိုးမှာ စာလုံးလေးတလုံး စာကြောင်းတကြောင်း ဖြစ်ဖို့ဆိုတာ ငွေ .. အချိန်.. အဆက်အသွယ် .. နားလည်စာနာမှု စတာတွေနဲ့ပတ်သက်ပြီးတော့ တဖြေးဖြေးအချိန်ယူ ထည့်ရတာပါ။ နောက် မမြင်ရတဲ့ လိုက်မမီတဲ့ အခြေအနေတွေလည်း နိုင်ငံတွေကြား ရှိတက်ပါသေးတယ်..။ တချို့ကလည်း ဒါကို ( ယူအန် ပေါလစ်တစ် UN politics)လို့ ခေါ်ကြပါသေးတယ်..။ ကျွန်မတို့ မကြာခဏကြားရတက်တဲ့ ကုလသမဂ္ဂက ဘာပြောတယ် ညာပြောတယ်ဆိုတာက တကယ်တော့ ကာယကံရှင် နိုင်ငံက သွားရောက် ပြောဆိုသူများနဲ့ ဆိုင်သလို အချက်အလက် အမှန်အကန်တွေပေါ်မှုတည်တာ ဖြစ်ပါတယ်..။ နောက် တင်သွင်းရတဲ့ နိုင်ငံတွေရဲ့ မြန်မာအပေါ် စိတ်ဝင်စားမှု.. သူတို့ရဲ့ နိုင်ငံရေးအယူအဆ.. တခြား အမျိုးသားအကျိုးစီးပွား.. ဘာသာရေးဆိုင်ရာ ကိုးကွယ်မှု အစရှိတာတွေပေါ်လည်း အများကြီး မူတည်ပါတယ်..။ ဒီတော့ ကျွန်မက မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးများ အခြေအနေကို သုံးသပ်ပြီး ခုနက စကားလုံးကို မဖြစ်နိုင်ဘူးဆိုတဲ့ အထင်ရှိတာကြောင့် မသုံးချင်တဲ့အတွက် ငြင်းခုံမိတာသာဖြစ်ပါတယ်..။

 ဘယ်သူမှ သာစေ နာစေ ဆိုတာမျိုးနဲ့ ငြင်းခုံ ခဲ့တာမဟုတ်ပါ.. ။ မြန်မာ စစ်တပ်က ဒီလိုပေါ်လစီ.. မှုတွေ ချထားတယ် ဆိုတာမျိုး ကလည်း စာတတန် ပေတတန်နဲ့ ရေးထား တာကို တွေ့ဖူးတဲ့ အထောက် အထား မရှိတာ ရယ်ကြောင့် လည်း တွန့်ဆုတ်မိတာ သာဖြစ်ပါတယ်..။
(အဲဒီထဲမှာ ပါတဲ့သူ တယောက် ကလည်း အစိုးရ တွေမှာ ဒါမျိုးတွေကို မူအားဖြင့် မဟုတ်ပေမဲ့ လုပ်တက်တဲ့ ဓလေ့ ရှိကြောင်း နိုင်ငံရေးသာသာ လေ့လာထားသူ ပီပီ ငြင်းပါတယ်.. သူက အဖြူမပါ…။)
ဘယ်သူပဲ ကုလသမဂ္ဂမှာ သွားတင်ပြပြ အချက်အလက်ခိုင်တာ.. ဟာ အင်မတန် အရေးကြီးသလို လူလည်း လေးစားပါတယ်.. နောက်.. လုပ်ရတဲ့သူတွေလည်း ဂုဏ်ရှိသလို.. အတိုင်ကြားခံရတဲ့ အစိုးရများက အရှက်ရှိမယ်.. လေးစားမယ် ဆိုရင်လည်း သေချာစုံစမ်းတာတွေ.. ဒါမှမဟုတ် အမှုတွေလျော့ သွားတယ် ဆိုတာမျိုးတွေ ဖြစ်နိုင်အောင် လုပ်ဆောင်စေတာမို့.. အချက်အလက် အားဖြင့် အရေးကြီးတာကို တင်ပြချင်းဖြစ်ပါတယ်..။
နာစေ သာစေဆိုတဲ့ ဗမာစိတ် နဲ့ ငြင်းဆိုခဲ့တာ မဟုတ်ဘူးလို့တော့ မိမိဘာသာ သိနေပါတယ်..။

ဘယ်လူမျိုးကို မုန်းလို့ ဖြစ်စေတဲ့စိတ်.. ငါတို့ဗမာအမျိုးသမီးတွေ မခံရလို့ ဆိုတဲ့ အတွေးဆိုး တွေနဲ့ ပြောခဲ့ခြင်း ငြင်းခုံခြင်းလည်း မဟုတ်ပါ။
ဒါကိုတော့လည်း ကာယကံရှင် ကျွန်မသာလျှင် သိသည်မို့ ကျန်သူတွေနဲ့လည်း အငြင်းအခုံတွေ လုပ်ရင်း စိတ်ဓာတ်တွေ အကြီးအကျယ် ကျသွားခဲ့ဘူးပါတယ်..။
ပြောချင်တာက စာသားများရဲ့ အရေးပါမှု အရေးကြီးမှု အကြောင်း မဟုတ်တော့ပဲ ဗမာဖြစ်တဲ့ ကျွန်မက အခြားအမျိုးသမီး တွေအပေါ်နားမလည်ဖူးဆိုတဲ့ စွပ်စွဲသလိုမျိုးဖြစ်နေပါတယ်..။
အမျိုးသမီးတွေအပေါ် စနစ်တကျ မုဒိမ်းကျင့်တယ်ဆိုတဲ့ အကြာင်းထက် လူအများ လက်ခံထားတဲ့ ဗမာဆိုတဲ့ လူတွင်ကျယ်တွေ အကြောင်းဘက်ဆီကို ဆွေးနွေးပွဲက ဦးတည်နေပါတယ်..။
တကယ်တော့ သိပ်ချစ်စရာ ကောင်းတဲ့ ကရင်လေးတွေ ရှိသလို မုန်းစရာကောင်း ( ရိုက်သတ်ချင် လောက်အောင်) ကို အကျင့်ဆိုးတဲ့ ဗမာများလည်း ရှိနေနိုင်ပါတယ်။ (ပေါ်လွင်အောင် ရေးခြင်းမို့ .. တင်ပြတာ ကြမ်းနေရင် ခွင့်လွတ်ပါ..။)

ကျွန်မတို့ အားလုံးဟာ ( 678,500 sq. km. ) ရှိတဲ့ နိုင်ငံလေးထဲမှာ အတူတကွ ကြီးပြင်း နေထိုင်ခဲ့ (နေ) ရသလို ရူပ်ထွေးလှတဲ့ မပြီးနိုင်တဲ့ နိုင်ငံရေး စနစ်ဆိုးကြီး အောက်မှာ နာကျင်မှုတွေ… ရက်စက်မှုတွေ.. ခါးသီးမှုတွေကို အတူတကွ ခံစားနေကြရတာဖြစ်ပါတယ်..။ ဘယ်လူမျိုးကမှ ပိုတယ် နာတယ်လို့မရှိပါဘူး..။
အားလုံးဟာ ကိုယ့်အတိုင်းအတာ တခုအထိတော့ ခံကြရတာ ကြီးပါပဲ..။
နယ်စပ်မှာနေပြီး အင်္ဂလိပ်စကားကို ထမင်းစားရေသောက်ပြောရင်း နိုင်ငံတကာကပေးတဲ့ အခွင့်အရေး ရနေသူတွေရှိသလို.. ရန်ကုန်မြို့ကြီး ပေါ်နေ ထိုင်ရင်း ဘုန်းကြီးကျောင်း ပညာရေးနဲ့ နှစ်ပါးသွားနေရတဲ့ ကလေးတွေ အများကြီးပါ..။
ဒါကြောင့် နစ်နာတယ်.. ဆုံးရူံးတယ် ဆိုတာမျိုးတွေ ပြောရင်တော့ ကျွန်မတို့ဟာ ကျယ်ပြန့်တဲ့ စစ်တမ်းတွေ.. အသေအချာ ကောက်ယူပြီးမှ ပြောရ မလိုတော့ ဖြစ်ပါတယ်..။

ပြီးရင်တော့ ဘက်မလိုက်ကြေး ဘယ်တိုင်းရင်းသား အရေအတွက် ကတော့ဖြစ် ဒီလိုခံနေရပါတယ် စသည်ဖြင့် ပြောနိုင်မယ်လို့ ထင်ပါတယ်..။ ကျွန်မအမြင်ကို ပြောရရင်တော့ အားလုံးဟာ ဒီစနစ်ဆိုးအောက်မှာ ပုံစံတမျိုးစီနဲ့ ဒုက္ခတွေကို ခံစားနေရတာလို့ ဆိုချင်တာပါ..။
ဘယ်လူမျိုးကမှ လက်ရှိအာဏာရှင်တွေအောက်မှာ မသက်သာဘူးဆိုတာကို နားလည်စေချင်တာပါ..။ ဒုက္ခပုံစံသာ ကွဲကြမယ် တနည်းမဟုတ် တနည်းတော့ ခံကြရတာပါပဲ..။ အဲဒီမှာ လူတယောက်ချင်းစီရဲ့ အတွေ့အကြုံ.. အမြင်..ဆွေးနွေးချက် စဉ်းစားချက်တွေ ကလည်း ကွာနေနိုင်ပါတယ်..။

အပြစ် ကျူးလွန်သူတွေ အာဏာပိုင်ဆိုင်ထား သူတွေဟာ ဗမာများချည်းသာ မဟုတ်လို့ ဗမာဆိုတာကို ဘာမှန်းမသိတဲ့ သူတွေကို ဗမာမုန်းတီးရေး ဇာတ်လမ်းတွေ မဖန်တီးမိဖို့ လိုမယ်ထင် ပါတယ်။ (ပြောရတာ အကြောင်းရှိလို့ပါ.. ကရင်အသိ တယောက်က ပြောဖူးပါတယ်.. သူတို့ဆီမှာ ကလေးငိုရင် `ပရော် ` လာမယ် ဆိုပြီးချောက်တယ်တဲ့.. ကလေးက တချက်တည်း ငြိမ်သွားပါရောတဲ့..၊။
ပရော်ဆိုတာ ဗမာလို့ ပြောတာဖြစ်ပါတယ်..။ ဒီတော့ ဗမာ ဘယ်လောက် ဆိုးလည်း မဆိုးလည်း ဆိုတာ ကလေးအငို တိတ်တဲ့အထိ ဗမာဟာ ကြောက်စရာ ကောင်းလောက်အောင် ဖြစ်နေတော့ တာပါပဲ..။ ) တခုတော့ရှိပါတယ်.. အာဏာပိုင် သူတော်တော် များများကတော့ ဗမာစကားကို ကောင်းကောင်း ပြောနိုင်တဲ့ သူတွေသာဖြစ်ပါတယ်..။
အဲဒီသူ တွေဟာလည်း ဗမာကြီးပဲ မဟုတ်ဘူးဆိုတာကိုလည်း နားလည်သင့်ပါတယ်..။ နောင်ကြုံရင်လည်း ဗမာနဲ့ မြန်မာ အကြောင်းတွေ ရှင်းလင်းရပါဦးမယ်.. ဆွေးနွေးရပါဦးမယ်..။ ဒါဟာလည်း ကျွန်မတို့နိုင်ငံရဲ့ မပြီးဆုံး သေးတဲ့ ဇာတ်လမ်းတွေ ဖြစ်နေအုံးမှာပါ..။

ကျွန်မနဲ့ဆုံဖူးတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား တချို့ဟာ တွေ့တွေ့ချင်းမှာ ဖော်ရွေသလောက် ကြာလာလေ ဗမာဆိုတာတွေကို ထပ်ခါထပ်ခါ သုံးရင်း ဗမာတွေကို ပြဿနာရှာတာ.. မသိသာရော သိသိသာသာပါ ဗမာတွေကို စော်ကား တာမျိုးတွေ ဖြစ်လာပါတယ်..။
ဒါဟာ ဘာကိုပြသလဲဆိုတော့ အရောင်ဆိုးခံ ရတာကို တကယ်မသိကြတာပဲလား နအဖ မကောင်း တာကို ရမယ်ရှာပြီး ကျွန်မတို့လို သာမာန် ဗမာတွေဟာ ဆားညှပ်ခံရတာ တရားပါရဲ့လားလို့ စဉ်းစားမိပါတယ်..။
ဗမာကိုမုန်းလို့ မုန်းပြလို့ ကိုယ့်လူမျိုးက ကောင်းရာ မွန်ရာကို ရောက်စေမယ်လား ဒါမှမဟုတ် ဗမာကိုမုန်းမှ ကိုယ့်လူမျိုးတွေကို သူများက သနားမှာတဲ့လား ..ဗမာမဟုတ်တဲ့ ကိုယ့်လူမျိုး အခြင်းခြင်း ကရော ကိုယ့်အပေါ် တကယ် စေတနာ ကောင်းတွေနဲ့ စောင့်ရှောက်ပေး နိုင်ပါ သတဲ့လား.. စသည်ဖြင့်ပေါ့.. စဉ်းစားစရာပါ .. စဉ်းစားစရာပါ ..။

ဒါကြောင့် ကျွန်မတို့တွေ ရှင်းလင်းကွဲပြားဖို့လိုတာက ဗမာတွေက ရန်သူလား … အာဏာရူးတွေကရန်သူလား … ဘုံရန်သူဆိုတာ ဘာလည်းဆိုတာ ကွဲပြားဘို့လိုမယ်ထင်ပါ တယ်။

(ကျွန်မအပါအဝင်.. မြန်မာပြည်သားတွေ နောင် (ယခု) ကြုံရမဲ့ ဒီပြဿနာတွေကို အခုကတည်းက အပြုသဘော.. ကျယ်ကျယ်ပြန့်ပြန့်.. ဆွေးနွေးကြမယ်.. စဉ်းစားကြမယ်.. ဆိုရင်ဖြင့် တိုင်းပြည်အတွက် အုပ်တချပ် သဲတပွင့်အဖြစ် နောင်မှာ ပါဝင်ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်..။)

မဗေဒါ
၁.၀၇.၂၀၁၀
http://www.hittai.net/?show=rm&fileid=14&t=home13&id=13
----------------

www.hittaing.org
www.hittai.org
www.hittai.net

No comments:

Post a Comment