ondragstart="return false" onselectstart="return false"

Friday, February 24, 2012

အာရှ၏ နောက်ကျားတကောင် (သို့) ဗီယက်နမ် တိုးတက်ရခြင်းအကြောင်း ၁၀ ချက်

Written by ညီစောလွင်



ဗီယက်နမ်စစ် ပြီးတဲ့ကာလကစလို့ အရှေ့တောင်အာရှမှာ သိသိသာသာ အပြောင်းအလဲတွေဖြစ်ခဲ့သလိုပဲ၊ ဗီယက်နမ်ကလည်း လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။

ဗီယက်နမ်ဟာ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်ခဲ့တဲ့နောက်မှာ စီးပွားရေးအရ ကမ္ဘာကြီးနဲ့ ပြန်လည်ပေါင်းစည်းသွားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ခဲ့ပြီး၊ စီးပွားရေးလားရာကလည်း လယ်ယာမြေကနေ ဈေးနှုန်းမြင့် ထုတ်လုပ်မှုကဏ္ဍနဲ့ ၀န်ဆောင်မှုဆီကို ဦးတည်ချက်ပြောင်းခဲ့ပါတယ်။

ဗီယက်နမ်ရဲ့ စီးပွားရေး တိုးတက်စေခဲ့တဲ့ အကြောင်းတရားတွေနဲ့၊ ဒီတိုးတက်မှုကို ထိန်းထားနိုင်ဖို့ လိုအပ်ချက်တချို့ကို McKinsey Global Institute က ထုတ်ပြန်တဲ့ "Sustaining Vietnam's Growth: The Productivity Challenge အစီရင်ခံစာကနေ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

၁။ ပြာပုံဘ၀မှ

တချိန်က စစ်တလင်းပြာပုံဘ၀ကနေ ဗီယက်နမ်ဟာ ၂၅ နှစ်အတွင်းမှာ အာရှက စီးပွားရေး အောင်မြင်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာပါတယ်။ ၁၉၈၆ ခုနှစ်မှာ ကွန်မြူနစ်ပါတီက ပြန်လည်ထူထောင်ရေးကာလ “Doi Moi" စတင်ခဲ့ပြီး ကမ္ဘာ့ကြီးနဲ့ ခြားထားတဲ့ ကုန်သွယ်ရေး တံတိုင်းတွေကိုဖြိုပြီး၊ ပုဂ္ဂလိကကဏ္ဍတွေကို ကျယ်ကျယ်ပြန့်ပြန် လမ်းဖွင့်ပေးလိုက်ပါတယ်။

အာရှမှာတော့ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကလွဲရင် ဗီယက်နမ်က ထိပ်ဆုံးကပါပဲ။ ဗီယက်နမ်ရဲ့တဦးချင်း ဂျီဒီပီ တိုးတက်မှုနှုန်းက နှစ်စဉ် ၅ဒသမ၃ ရာခိုင်နှုန်းရှိပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက အာရှစီးပွားရေးအကျပ်အတည်းကာလ၊ လက်ရှိ ကမ္ဘာ့စိးပွားရေး အကျပ်အတည်းမှာတောင် ဗီယက်နမ်က ဆက်ကောင်းနေခဲ့ပါတယ်။ (၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ အတွင်း စီးပွားရေး တိုးတက်မှုနှုန်း နှစ်စဉ် ၇ ရာခိုင်နှုန်း ပုံမှန်ရှိခဲ့ပါတယ်)။

၂၊ လယ်ကွင်းတွေက ခွာကြလေပြီ

ဗီယက်နမ်စီးပွားရေးဟာ လယ်ကွင်းမြေမှာ အခြေခံတဲ့ စီးပွားရေးမဟုတ်တော့ပါဘူး။ စိုက်ပျိုးရေးကဏ္ဍကနေ ဂျီဒီပီကို ထည့်ဝင်တဲ့ တန်ဖိုးဟာ ၁၅ နှစ်အတွင်းမှာ ၄၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ လွန်ခဲ့တဲ့ ၂၉ နှစ် တရုတ်ပြည်နဲ့ လွန်ခဲ့တဲ့ ၄၁ နှစ် အိန္ဒိက မြေယာတော်လှန်ရေးကာလတွေတောင် ဗီယက်နမ်လောက် မမြန်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ်သူ ၁၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး။ စက်ရုံအလုပ်ရုံနဲ့ ၀န်ဆောင်မှုကဏ္ဍတွေကို အလုပ်ပြောင်းရွှေ့သွားကြပါတယ်။ တချိန်တည်းမှာ စက်ရုံအလုပ်ရုံတွေမှာ အလုပ်အကိုင် ၉ဒသမ၄ ရာခိုင်နှုန်း၊ ၀န်ဆောင်မှုမှာ ၃ဒသမ၄ ရာခိုင်နှုန်း တိုးတက်သွားပါတယ်။

ဒီလို လယ်ကွင်းကနေ စက်ရုံအလုပ်ရုံတွေကို အရွှေ့ဟာ ဗီယက်နမ်စီးပွားရေးတိုးတက်မှုရဲ့ အဓိက မောင်းနှင်အားဖြစ်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် စိုက်ပျိုးရေးကဏ္ဍက ဂျီဒိပီအတွက် ထည့်ဝင်မှုက လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ၆ဒသမ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ စက်မှုကဏ္ဍက ထည့်ဝင်မှုက ၇ ဒသမ ၂ ရာခိုင်းနှုန်းတိုးတက်ခဲ့ပါတယ်။

၃၊ စိုက်ပျိုးရေးထုတ်ကုန် ထိပ်ဆုံးကတင်ပို့ဆဲ

ဗီယက်နမ်ဟာ ကမ္ဘာပေါ်မှာ ငရုတ်ကောင်းအများဆုံး တင်ပိုတဲ့ နိုင်ငံဖြစ်ပြီး၊ ၂၀၁၀ က ဟင်းခတ်အမွှေးအကြိုင် တန်ချိန် ၁၁၆၀၀၀ နိုင်ငံခြားကို တင်ပို့ခဲ့ပါတယ်၊ ကမ္ဘာပေါ်မှာ သီဟိုဋ်သရက် အများဆုံးတင်ပို့တဲ့နိုင်ငံ၊ ဆန်းတင်ပို့မှုမှာလည်း ကမ္ဘာ့အများဆုံး ထိုင်းနိုင်ငံပြီးရင် ဒုတိယလိုက်ပါတယ်။ ကော်ဖီတင်ပို့မှုမှာ အများဆုံးဖြစ်တဲ့ ဘရာဇီးနောက်က ဒုတိယအများဆုံး လိုက်ပြန်ပါတယ်။ (လေးနှစ်အတွင်းမှာ ၃ ဆလောက် မြင့်တက်သွားတာပါ)၊ လက်ဖက် ထုတ်လုပ်မှုမှာ ကမ္ဘာ့ပေါ်မှာ ပဥမ အများဆုံးဖြစ်ပြီ၊ ငါးခူ၊ ကင်းမွန်၊ ပုစွန်၊ ငါးမည်လုံး တင်ပို့မှုမှာတော့ စတုထ္ထအများဆုံး နိုင်ငံဖြစ်နေပါတယ်။

၎၊ တရုတ်ပြည် အသေးစားလေးမဟုတ်ပါ

တရုတ်ပြည်က အလုပ်သမားတွေ ဈေးပိုပေးနေရလို့ စက်ရုံတချို့တွေ ဈေးပိုသက်သာတဲ့ ဗီယက်နမ်ကို လစ်ပြေး ကုန်ကြပါပြီ၊ စီအီးအိုတွေကြားထဲမှာ ဗီယက်နမ်ဟာ ပို့ကုန်တွေ ထုတ်လုပ်ရာ တရုတ်ပြည်အသေးစားလေးဖြစ်လာတော့မယ်လို့ ပြောစမတ်ပြုလာကြပါတယ်။

ဒါပေမယ့် ဗီယက်နမ်နဲ့ တရုတ် မတူတဲ့ အဓိက အကြောင်းရင်း နှစ်ရပ်ရှိပါတယ်၊ ဗီယက်နမ် စီးပွားရေးက personal consumption တဦးချင်း စားသုံးမှုနဲ့ မောင်းနှင်တာဖြစ်ပြီး၊ ဗီယက်နမ် ဂျီဒီပီရဲ့ ၆၅ ရာခိုင်နှုန်းရှိပါတယ်၊ အာရှမှာ အတော်မြင့်တဲ့ ပြည်တွင်းစားသုံးမှုနှုန်းလို့ ဆိုနိုင်ပါတယ်၊ တရုတ်ပြည်မှာတော့ ပြည်တွင်းစားသုံးမှုဟာ ဂျီဒီပီရဲ့ ၃၆ ရာခိုင်နှုန်းပဲရှိပါတယ်။

ဒုတိယကွာခြားချက်က တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှုဟာ ကုန်ထုတ်လုပ်မှုက အဓိက မောင်းနှင်အားဖြစ်ပြီး၊ ဗီယက်နမ်မှာတော့ ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုကဏ္ဍက မျှမျှတတ တိုးတက်လာတာ ဖြစ်ပါတယ်၊ ကဏ္ဍတရပ်စီက ဂျီဒီပီရဲ့ ၄၀ ရာခိုင်နှုန်းစီ ရှိပါတယ်။

၅။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်

ဗီယက်နမ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အကြိုက်အတွေ့ဆုံး ထိပ်ဆုံးနိုင်ငံတွေမှာ ပါဝင်ပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့ ပြီးရင် ဗီယက်နမ်ပါပဲ၊ ၂၀၀၃ ခုနှစ် နိုင်ငံခြား တိုက်ရိုက်ရင်းနှိးမြှုပ်နှံမှု ၃ဒသမ၂ ဘီလီယံရှိရာကနေ ၂၀၀၈ ခုနှစ်မှာ ၇၁ဒသမ ၇ ရာခိုင်နှုန်းကို တက်သွားပါတယ်။ ၂၀၀၈ ကမ္ဘာ့စီးပွားရေးအကျကြောင့် ၂၀၀၉ ခုနှစ်မှာတော့ ၂၁ဒသမ၅ ဘီလီယံကို ပြန်ကျသွားပါတယ်၊ ၂၀၀၅ ခုနှစ်က စလို့ ဗီယက်နမ်ကို လာတဲ့ ကမ္ဘာ့လှည့် ခရီးသွားအရေအတွက် ၁ ပုံတပုံ မြင့်တက်ခဲ့ပါတယ်။

၆၊ ဗီယက်နမ်မှာ လမ်းတွေက ဖိလစ်ပိုင်၊ ထိုင်းတို့ထက်ပိုကောင်း

ဗီယက်နမ်က အခြေခံအဆောက်အဦ တည်ဆောက်တဲ့ကဏ္ဍမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်ခံခဲ့ ပါတယ်၊ ဗီယက်နမ်ရောက်ဖူးသူတွေက လမ်းတွေက သိပ်မထူးပါဘူးလို့ မြင်ကြပါတယ်။ ဒါပေမယ့် စီးပွားရေးတိုးတက်မှုနဲ့အတူ လမ်းသစ်တွေ ဖောက်ထားပါတယ်။

၂၀၀၉ ခုနှစ်မှာ တစ်စတုရန်း ကီလိုမီတာပတ်လည်တိုင်းမှာ လမ်းအရှည် ၀ဒသမ၇ ကီလိုမီတာရှိတယ်ပါတယ်၊ ဖိလစ်ပိုင်မှာ၊ ထိုင်းမှာ ဒီလောက်မရှိပါဘူး။ တချိန်တည်းမှာ လျှပ်စစ်ဓာတ်အားက နိုင်ငံရဲ့ ၉၆ ရာခိုင်နှုန်းကို ရောက်ပါတယ်။ Dung Quat၊ Cai Mep ကုန်တင်ဆိပ်ကမ်းတွေ။ ဗီယက်နမ်အလယ်ပိုင်းက Da Nang လေဆိပ်၊ မဲခေါင်မြစ်ဝှမ်းဒေသက Can Tho လေဆိပ်တွေက ဗီယက်နမ်နဲ့ ပြင်ပကမ္ဘာကို အလွယ်တကူ ချိတ်ဆက်ပေးထားပါတယ်။

၇၊ အွန်လိုင်းနှင့် ဗီယက်နမ်လူငယ်များ

ဗီယက်နမ်လူဦးရေရဲ့ လက္ခဏာကို အတိုချုပ်ရရင် ငယ်ငယ်ရွယ်ရွယ်၊ ပညာတတ်၊ အွန်လိုင်းတက် လို့ ဆိုနိုင်ပါတယ်။ ၂၀၀၀-၂၀၁၀ ကာလမှာ ဗီယက်နမ်က မိုဘိုင်းသုံးစွဲမှု Mobile subscription က ၇၀ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ အင်တာနက် ကျယ်ပြန့်မှုက ၃၁ ရာခိုင်နှုန်းဖြစ်လို့ မလေးရှား (၅၅ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (၇၂) ရာခိုင်နှုန်းတို့ထက်တော့ နိမ့်ပါတယ်။ ဒါပေမယ့် အလျင်အမြန်ပဲ ပြောင်းလဲနေပါတယ်။

Broadband သုံးစွဲသူ ဦးရေက ၂၀၀၆ ခုနှစ်မှာ ၀ဒသမ၅ သန်းရှိရာကနေ ၂၀၁၀ အရောက်မှာ ၃ဒသမ၈ သန်းရှိလာပါတယ်၊ 3G စနစ်သုံးစွဲသူဦးရေကလည်း ၇ဒသမ ၇ သန်းရှိလာပါတယ်။ တယ်လီကွန် အခြေခံအဆောက်အဦတွေ ခေတ်မှီတိုးတက်လာတာနဲ့အမျှ အင်တာနက်သုံးသူ အရေတွက်လည်း ပေါက်ကွဲလာဖွယ်ရှိပါတယ်။ အင်တာနက်သုံးသူတွေရဲ့ ၉၄ ရာခိုင်နှုန်းဟာ သတင်းတွေကို ဖတ်ကြပြီး၊ အင်တာနက်သုံးသူ ၄၀ ရာခိုင်နှုန်းဟာ နေ့တိုင်း web လောကမှာ လေ့လာကျက်စားကြပါတယ်။

၈၊ အိုးမကွာအိမ်မကွာ ပြည်ပအလုပ်အကိုင်တွေ

ယခုလက်ရှိ ဗီယက်နမ်မှာ outsourcing။ offshore services ပြည်ပအလုပ်အကိုင်နဲ့ ၀န်ဆောင်မှုတွေကို အလုပ်လုပ်နေသူ ၁ သိန်းကျော်ရှိပါတယ်။ ဒီကဏ္ဍကနေရတဲ့ ငွေက ၁ ဘီလီယံခွဲကျော်ရှိပါတယ်။ ဗီယက်န်မှာ Hewlett-Packard, IBM, and Panasonic တို့လို နာမည်ကျော် ကော်ပိုရေးရှင်းကြီးတွေလည်း လုပ်ငန်းလည်ပတ်နေကြပါတယ်။

ဒီလိုကဏ္ဍတွေနဲ့ အဖွံ့ဖြိုးဆုံး ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ဗီယက်နမ်ပါဝင်လာဖို့ ရေခံမြေခံတွေလည်း ရှိပါတယ်။ အကြောင်းကတော့ ဗီယက်နမ်မှာ ကောလိပ်ကျောင်းပြီးတဲ့ လူငယ်အရေအတွက် များပါတယ်။ တက္ကသိုလ်တွေကနေ နှစ်စဉ် ဘွဲ့ရမောင်မယ် ၂၅၇၀၀၀ ကို လုပ်ငန်းခွင်တွေထဲကို ပို့ပေးနေပါတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ဈေးလည်း ချိုပါတယ်။

ဗီယက်နမ်က ဆော့ဖ်ဝဲ ပရိုဂရမ်မာ တယောက်ကို ငှားဖို့ တရုတ်ပြည်က ပရိုဂရမ်မာ တယောက်ကို ငှားရင်ပေးရတဲ့ ကြေးရဲ့ ၆၀ ရာခိုင်နှုန်းပဲ ပေးရပါတယ်၊ တခြားလုပ်ငန်းတွေ (data-processing ၊ voice-processing)မှာ ဗီယက်နမ်က တရုတ်ရဲ့ ထက်ဝက်လောက် ဈေးပေါပါတယ်။

ဒါကြောင့် outsourcing။ offshore services တွေကနေ ဗီယက်နမ်ဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကနေ ၈ ဘီလီယံအထိ ရနိုင်တဲ့ အလားအလာရှိပါတယ်။ ဒီကဏ္ဍတွေဟာ မြို့ပြလူငယ်တွေ အလုပ်အကိုင်ဖန်တီးပေးရေးမှာ အဓိကကျပြီး နောက်ထပ် အလုပ်အကိုင် ၆ သိန်း၊ ၇ သိန်းလောက်ကို ဖန်တီးပေးနိုင်ခြေရှိပါတယ်။ ဂျီဒီပီ တိုးတက်မှုကိုလည်း ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ အားဖြည့်ပေးနိုင်ပါတယ်။

၉၊ ဗီယက်နမ်ဘဏ်တွေ သဘောကောင်းလွန်းသလား

ဗီယက်နမ်ဘဏ်တွေက ချေးငွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒီနှုန်းဟာ တရုတ်၊ အိန္ဒိယနဲ့ တခြား အာစီယံ နိုင်ငံတွေကို အများကြီး ကျော်တက်သွားခဲ့ပါတယ်။

၂၀၁၀ နှစ်ကုန်ပိုင်းမှာ ဘဏ်တွေရဲ့ ချေးငွေပမာဏဟာ ဂျီဒီပီ ကိုတောင် ကျော်တက်သွားပြီး၊ ဂျီဒီပီရဲ့ ၁၂၀ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက ဂျီဒီပီရဲ့ ၂၂ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ ဒီဟာ ၀ုန်းဒိုင်းကျဲ အသက်ဝင်နေတဲ့ ဗီယက်နမ်စီးပွားရေးကို ဘဏ်တွေက ချောဆီ ထည်ပေးနေတာရဲ့ သက်သေပါပဲ။

စိုးရိမ်စရာအချက်တော့ ပြန်မဆပ်တော့မယ့် ဘဏ်ချေးငွေတွေ non-performing loans များလာရင် တခြားနိုင်ငံတွေမှာ ဖြစ်တတ်တဲ့အတိုင်းပဲ ဗီယက်နမ်မှာလည်း ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးကဏ္ဍတွေကို အစိုးရက ၀င်ကယ်ရ တာမျိုးဖြစ်မှာကို စိုးရိမ်ရပါတယ်။

၁၀ - စီးပွားရေး လက်ပမ်းကျကာလ

၂၀၀၅-၂၀၁၀ ကာလမှာ လူငယ်အလုပ်အင်အားစုတွေက တိုးတက်လာတာ၊ စိုက်ပျိုးရေး ကဏ္ဍကနေ ခွာလိုက်တာက ဗီယက်နမ်စီးပွားရေးတိုးတက်မှုအားလုံးရဲ့ ၃ ပုံ ၂ ပုံ အကြောင်းရင်း ဖြစ်ပါတယ်။ အခုတော့ တိုးတက်မှုရဲ့ ပထမအကြောင်းရင်းနှစ်ရပ်မှာ အားနည်းလာတာ တွေ့လာရပါတယ်။


တရားဝင်ကိန်းဂဏန်းတွေအရ လာမယ့် ၁၀ နှစ်အတွင်းမှာ အလုပ်အင်အားစု နှစ်စဉ် ၀ဒသမ၆ ရာခိုင်နှုန်းကျမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၀၀-၂၀၁၀ ကာလမှာ နှစ်စဉ် ၂ဒသမ၈ တက်ခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ လယ်ယာမြေကနေ စက်ရုံအလုပ်ရုံတွေဆီကို ရွှေ့ပြောင်းမယ့် အလုပ်အင်အားစုကလည်း အရင်အချိန်တွေတုန်းက နှုန်းအတိုင်းဖြစ်ဖို့ အလားအလာလည်း မရှိတော့ သလောက်ပါပဲ။

ဒါကြောင့် စီးပွားရေးတိုးတက်မှုကို ထိန်းထားနိုင်ဖို့ ဆိုရင် ထုတ်လုပ်မှုကို အားဖြည့်ပေးဖို့ လိုအပ်နေ ပါတယ်။ အတိအကျပြောရရင်တော့ ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုကဏ္ဍက တဦးချင်းစီရဲ့ ထုတ်လုပ်နိုင်စွမ်းကို ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်အောင်လုပ်ဖို့ လိုအပ်နေပါတယ်။ အစိုးရက ၂၀၂၀ ခုနှစ်အရောက်မှာ စီးပွားရေးတိုးတက်မှုကို ၇ ရာခိုနှုန်း၊ ၈ ရာခိုင်နှုန်းလောက် တိုးတက်လာဖို့ မျှော်မှန်းထားပါတယ်။

အကယ်၍ တဦးချင်း ထုတ်လုပ်နိုင်စွမ်း (လက်ရှိ နှစ်စဉ် ၄ဒသမ၁ ရာခိုင်နှုန်း တက်နေတာကို ၆ဒသမ၄ ရာခိုင်နှုန်းဖြစ်လာအောင်) မမြှင့်တင်နိုင်ရင် ဗီယက်နမ်စီးပွားရေးတိုးတက်မှုက နှစ်စဉ် ၄ဒသမ ၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ကျသွားဖို့ရှိပါတယ်။ အကယ်၍ အဲဒီအတိုင်းဖြစ်ခဲ့ရင် ၂၀၂၀ အရောက်မှာ (၇ ရာနှုန်း အတက်နဲ့ အစိုးရရည်မှန်းချက်ထားတာနဲ့ ယှဉ်လိုက်ရင် ဂျီဒီပီက ၃၀ ရာခိုင်နှုန်း နိမ့်ကျနေဖို့ရှိပါတယ်။
* * *
ဗီယက်နမ်မှာ မွေးရာပါ အားကောင်းချက်တွေရှိနေပါတယ်။ ငယ်ရွယ်ပျိုမြစ်သော အလုပ်အင်အား၊ သဘာဝသံယံဇာတတွေ ပေါကြွယ်မှု၊ နိုင်ငံရေးတည်ငြိမ်မှု စသဖြင့်။ ဒါကြောင့် ရေတိုအန္တရာယ်တချို့ကို ကာကွယ်နိုင်ပြီး၊ ထုတ်လုပ်မှု ဦးစားပေးတဲ့ စီးပွားရေးတိုးတက်မှုကို ဆက်ပြီး သယ်ဆောင်နိုင်မယ်ဆိုရင် ကြီးပွားချမ်းသာရေး ဒုတိယလှိုင်းခေတ်ဆီကို ဦးတည်နေမှာ သေချာပါတယ်။

ညီစောလွင်
ရည်ညွန်း၊ ၊ The New Asian Tiger? BY MARCO BREU , RICHARD DOBBS | FEBRUARY 23, 2012

No comments:

Post a Comment