ondragstart="return false" onselectstart="return false"

Friday, February 17, 2012

အကြီးဆုံးကချင် အသင်းတော်မှ ကချင် ကိုယ်ပိုင်လွတ်လပ်ခွင့် အတွက် ဆုတောင်း

Written by KNG

အကြီးဆုံး ကချင်ခရစ်ယာန် အသင်းတော်ဝင်များက ထူးထူးခြားခြား “လက်ရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ငြိမ်းသွားစေရန် မဟုတ်ပဲ ကချင်ပြည် ကိုယ်ပိုင်အချုပ်အခြာအာဏာ ရရှိရေးအတွက်” ၂၄-နာရီ အစာရှောင်ဆုဆောင်းပွဲ ပြုလုပ်ခဲ့သည်။

တရက်တာ ဆုတောင်းခြင်းအစီစဉ်အား ဖေဖေါ်ဝါရီ ၁၃ တနင်္လာနေ့ နံနက် ၆ နာရီမှ နောက်ရက် အင်္ဂါနေ့ နံနက် ၆ နာရီထိ ကချင်နှင့် ရှမ်းပြည်နယ် အပြင် မြန်မာတနိုင်ငံလုံးရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အောက် အသင်းတော်ပေါင်း ၃၀၀ ကျော်တွင် တချိန်တည်း ပြုလုပ်ခဲ့ကြသည်။

အထူး အစာရှောင်ဆုတောင်းပွဲတွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား အပစ်ရပ်ရေးအစား နိုင်ငံရေးအခွင့်အရေးနှင့် ကချင်ပြည်သူများ လုံးဝလွတ်လပ်ရေးအတွက် ဆုတောင်းခဲ့ကြသည်ဟု ပါဝင်သူများပြောသည်။

ယခင်က ယခုကဲ့သို့ဆုတောင်းခြင်းတွင် “ကချင်ပြည်နယ်နှင့် မြန်မာပြည်တခုလုံး ငြိမ်းချမ်းရေးအတွက် ဆုတောင်းရန်” KBC အဖွဲ့ချုပ်မှ ချပြခဲ့သော်လည်း ယခုအခါ “ကချင်အမျိုးသားများ ၎င်းတို့အား ထာဝရဘုရားသခင်ပေးသော ကချင်ပြည်တွင် လုံးဝကိုယ်ပိုင်အချုပ်အခြာအာဏာ ရရှိရေးကို” ယခုနှစ်မှ ပြောင်းလဲဆုတောင်း လာကြခြင်းဖြစ်သည်။

မြန်မာအစိုးရအုပ်ချုပ်မှုအောက် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ အဓိကမြို့ကြီးများအပါအ၀င် အောက်မြန်မာပြည် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများ တွင်လည်း ဆုတောင်းကြသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ဝင် လေးသိန်း ကျော်ရှိသည်ဟု KBC ကဆိုသည်။

ထိုဆုတောင်းခြင်းကို ကချင်ပြည်နယ်အရှေ့ဘက် KIO အုပ်ချုပ်ရာဒေသ လိုင်ဇာနှင့် မိုင်ဂျာယန်တွင်လည်း ပြုလုပ်သည်။ ထို့အပြင် ၎င်းဒေသရှိ ဒုက္ခသည် စခန်း အနည်းဆုံး ၄၀ တွင်လည်း ၂၄ နာရီ အစာရှောင်ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။

“KBC ရဲ့ လမ်းညွှန်မှုအောက် ကချင်ပြည် လုံးဝကိုယ်ပိုင်အချုပ်အခြာအာဏာရရှိရေးအတွက် ဆုတောင်းခဲ့ကြတယ်။” ဟု KIO ဗဟိုဌာနချုပ် လိုင်ဇာမှ သိက္ခာတော်ရဆရာ လဖိုင်ရှိန်ရစ် ကချင်သတင်းဌာနသို့ပြောသည်။

ယခင်နှစ် ဇွန်လ တိုက်ပွဲများဖြစ်ပွားလာချိန်မှ KBC အသင်းတော်များသာမက အခြားကချင်အသင်းတော်များလည်း မြန်မာအစိုးရနှင့် KIO ကြားဖြစ်ပွားနေ သည့် ပြည်တွင်းစစ်တွင် ဘုရားသခင်၏ နိမိတ်လက္ခဏာနှင့် ဘုန်းတော်ထင်ရှားစေရန် စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းလာကြပါသည်။

မြန်မာနိုင်ငံမှ ကချင်လူမျိုးများ အားလုံးနီးပါးသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။

“အရင်တုန်းက အစိုးရနဲ့ ခေါင်းဆောင်တွေဆီကနေ အာဏာတောင်းခဲ့ကြတယ်။ အခုချိန်မှာ power အာဏာအားလုံးဟာ ဘုရားသခင်ကလာတယ်ဆိုဒါကို နားလည်ရတဲ့အတွက် ဘုရားသခင်ထံမှာ ကချင်ပြည်လွတ်လပ်ရေးအတွက် ဆုတောင်းနေကြပြီ။” ဟု တရုတ်နယ်စပ် ကချင်ဒုက္ခသည်စခန်းတခုမှ သင်းအုပ်ဆရာတစ်ဦး ပြောသည်။

၁၇ နှစ်တာ အပစ်ခတ်ရပ်ဆိုင်းရေးပျက်ပြားကာ စစ်ပွဲဖြစ်လာ၍ ဒေသခံပြည်သူ ၇၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသည်။ အများစုသည် KIO ထိန်းချုပ်ရာ နယ်စပ်ဒေသသို့ရောက်ရှိလာကြသော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထိုဒေသများသို့လာရောက်ရန် ဆန္ဒမရှိသကဲ့သို့ လာရောက်နိုင်ခြင်းလည်းမရှိသေးပါ။
http://burmese.kachinnews.com/news

No comments:

Post a Comment