ကေအန်ယူခေါင်းဆောင် မန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ရုံးထုတ်
by အေးနိုင်
နိုင်ငံတော်ပုန်ကန်မှုနဲ့ အစိုးရက တရားစွဲခံထားတဲ့ ကေအန်ယူ ထိပ်တန်းခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ဒီကနေ့ အင်းစိန်ထောင် တရားရုံးမှာ စစ်ဆေးပါတယ်။
သူ့အပေါ် အစိုးရဘက်က တရားမဝင်အသင်းအပင်းနဲ့ ဆက်သွယ်မှု၊ နိုင်ငံတော် ပုန်ကန်မှုစတဲ့ ပုဒ်မနှစ်ခုနဲ့ တရားစွဲထားတာပါ။ ဒီကနေ့ ရုံးချိန်းအခြေအနေကို ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ခုလို ပြောပါတယ်။
“ဒီနေ့က သက်သေ နှစ်ဦး စစ်တယ်။ တရားလိုပြသက်သေ တယောက်ရယ်၊ အမှုစစ်ရယ်ကို စစ်တယ်။ နောက်တပတ်မှာ စွဲချက်တင်သင့် မတင်သင့် ကျနော်တို့ လျှောက်လဲချက် ပေးရမယ်။ ဒီနေ့ တဖက်ကနေ အင်တာနက်ကလာတဲ့ သတင်းတွေ။ စာမျက်နှာ စာရွက်တွေနဲ့ အင်တာနက်ကဟာတွေ တင်တော့ ကျနော်တို့ ကန့်ကွက်တယ်။ ဒါတွေက သက်သေခံ ဥပဒေနဲ့လည်း မညီဘူး။ ဒီလိုသာ အင်တာနက်က သတင်းတွေကိုသာ လျှောက်ပြီး အပြစ်ပေးကြစတမ်းဆိုရင် ကျနော်တို့ဘက်က တင်လာရင်လည်း လက်ခံမှာလား။ အဲဒါကြောင့် ဒါကို ပယ်ပါလို့ ပြောတယ်။ တရားရုံးကလည်း နှစ်ဖက် ကြားနာပြီးတော့ အဲဒီစာရွက်တွေကို လက်မခံဘဲ ပယ်လိုက်ပါတယ်။ အဲဒါကတော့ ထူးခြားတဲ့ သတင်းပေါ့။”
အမှုကို အပတ်စဉ် ကြာသပတေးနေ့ကို ချိန်းဆိုထားပါတယ်။ ဒီကနေ့ ရုံးချိန်းက မနက်ဆယ်နာရီခွဲကတည်းက ရောက်နေပေမယ့် နေ့ခင်း နှစ်နာရီကျမှ အမှုစစ်ဖြစ်တယ်လို့ သူက ပြောပါတယ်။
အရင်နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ကိုကိုးကျွန်းမှာ ပြစ်ဒဏ်ကျခံဖူးတဲ့ ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို အသွားမှာ ဗီဇာ အခက်အခဲကြောင့် ပြန်ဝင်ခွင့်မရဘဲ တရုတ်နိုင်ငံမှာ သောင်တင်ရာက မြန်မာဘက်ကို ပြန်ပို့ခံခဲ့ရပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထောင်ဒဏ်ကျပြီးမှာ အခုအမှုနှစ်ခုနဲ့ ထပ်မံ စွဲဆိုထားတာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/20768
No comments:
Post a Comment