အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် တိုင်းရင်းသားဒေသတချို့၌ တိုက်ပွဲဖြစ်ပွားနေ
ရေးသားသူ - နှောင်းလှိုင်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ မြန်မာအစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ တိုင်းရင်းသားဒေသအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကို တွေ့ရပါတယ်။
“သူတို့ စစ်ဆင်ရေးမှ မရပ်တာ။ စစ်ဆင်ရေးလုပ်နေမှတော့ လုပ်မှာပေါ့။ ပစ်မှာပေါ့။ အခုတောင်မှ တပ်မ ၅၅ ကို ထပ်ပို့သေးတယ်။ သူတို့ဘက်က လိုချင်လို့လား။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးကို လိုချင်တာပဲလေ”
ဇန်န၀ါရီလ ၂၇ ရက်နေ့က ကရင်နီပြည်မယ်စဲ့မြို့နယ် ကောက်ကောက်ဒေသမှာ ကရင်နီတပ်မတော်နဲ့ အစိုးရစစ်တပ်မှ ခလရ ၅၄ တို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၈ ရက်နေ့မှာလည်း မော်ချီးမြို့နယ် ကျောက်တောင်မှာ ခလရ ၇၂ တပ်ရင်းနဲ့ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
“ကောက်ကောက် ဆိုတာ အရင်က ကရင်နီ တပ်စခန်းဟောင်း အဲဒီဂွင်မှာ အဲဒါကျတော့ ၅၄ တပ်ရင်းက သူတို့ တပ်ရင်းထွက်တယ်။ ထွက်တော့ ဒီက တပ်ဖွဲ့နဲ့ သွားတိုးတော့ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာက တယောက်ကျတယ်၊ တယောက် ဒဏ်ရာရတယ်”
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က သတင်းနဲ့ ပြန်ကြားရေးမှ ပြောရေးဆိုခွင့်ရှိတဲ့ ခူဒယ်ယာက ပြောပြသွားတာဖြစ်ပါတယ်။
၂၆ ရက်နေ့မှာလည်း ကရင်နီပြည်တပ်မတော် တပ်ဖွဲ့တဖွဲ့က အစိုးရ စစ်တပ် ခလရ ၇၂ တပ်ဖွဲ့နဲ့ မော်ချီးအနီး ၉၄ မိုင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးရာ အစိုးရ စစ်တပ်မှ တဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ဆိုပါတယ်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ အတွင်း ကရင်နီတပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေအတွင်း ကရင်နီတပ်ဖွဲ့များနဲ့ အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
အလားတူပဲ ဇန်န၀ါရီလ ၃၁ ရက်နေ့က သံတောင်မြို့နယ် ဘောကလိဒေသဖက်မှာ ကရင်အမျိုးသား အစည်းအရုံး KNU မှ ကရင်တပ်ဖွဲ့ အစိုးရစစ်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်ဖက်က တပ်ရင်းမှူး တဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။
အပစ်ခတ်ရပ်စဲရေးအတွက် KNPP မှာ အစိုးရနဲ့မည်သည့် သဘောတူညီချက်မျှ မရသေးပေမဲ့လည်း KNU မှာမူ အစိုးရနဲ့ ဇန်န၀ါရီလ ၁၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဦးနှစ်ဘက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
http://www.ktimes.org/news/regional/item/1248-
No comments:
Post a Comment