ondragstart="return false" onselectstart="return false"

Thursday, October 29, 2009

ကေအိုင်အိုနှင့် နအဖ ရှေ့လတွင် ထပ်မံဆွေးနွေးမည်

နအဖ ကတော့ ကချင်တပ်ကို တိုက်စရာမလိုတော့ပဲ အလကားရမည့်နည်းလမ်းတို့ ဖြင့် ဆင်ကြံ ကြံတော့မည်။ "ကွက်ရွေ့ မှားရင် စားခံရမည် မိန်းကလေး သတိသာထား" ဆိုတဲ့ အဆိုတော် ချစ်ကောင်းရဲ့ သီချင်းစာသားလေးကို သွားသတိရမိပါကြောင်း။။။။

ခိုင်လင်း / ၂၉ အောက်တိုဘာ ၂၀၀၉

ယခုလ ပထမပတ်အတွင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးမှတဆင့် နေပြည်တော်ရှိ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား တင်ပြခဲ့မှုနှင့်ပတ်သက်၍ လာမည့်လအတွင်း ဆွေးနွေးကြရန်ရှိသည်။

ကေအိုင်အိုမှ ပေးပို့သည့်စာထဲတွင် ကေအိုင်အိုအဖွဲ့သည် ပြည်ထောင်စုထဲမှ ခွဲထွက်ရေးကို တောင်းဆိုနေခြင်း မဟုတ်ကြောင်း၊ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၏ ကတိကဝတ်များအရ တန်းတူညီမျှရေးနှင့် စစ်မှန်သော ပြည်ထောင်စုစနစ်ကို လက်ခံရရှိလာပါက လက်နက်စွန့်လွှတ်ရန် ပြင်ဆင်ထားပါကြောင်း ဖော်ပြပါရှိပြီး အဆိုပါစာနှင့်ပတ်သက်၍ နအဖဘက်မှ တုံ့ပြန်သည့်အနေဖြင့် လာမည့်နိုဝင်ဘာလအတွင်း ဆွေးနွေးရန်ရှိနေကြောင်း ကေအိုင်အိုခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ကေအိုင်အိုရဲ့စာကို တုံ့ပြန်တဲ့အနေနဲ့ ထပ်ဆွေးနွေးကြတော့မယ်။ မြစ်ကြီးနားက ဆွေးနွေးပွဲတွေက ဧပြီ (၂၈) ရက်နေ့ကစလို့ (၈) ကြိမ်လောက်ရှိနေပြီ။ ကေအိုင်အို တောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ်အစား ကချင်ဒေသကာကွယ်ရေး တပ်ဖွဲ့မယ်၊ လာမယ့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ အာဏာ(၃) ရပ်ထဲမှာ တိုက်ရိုက်ပါဝင်နိုင်ရေး ကိစ္စတွေက ဟိုက လုံးဝ လက်မခံတော့၊ အဲဒါနဲ့ အခု စာတင်လိုက်တာနဲ့ ဆွေးနွေးဖို့ လမ်းစတခု ထွက်လာတာပဲ” ဟု ပြောသည်။

နအဖနှင့်ဆွေးနွေးပွဲပြုလုပ်ရာတွင် ခေါင်းဆောင်တာဝန်ယူထားသည့် ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်းကမူ ကေအိုင်အိုက ပေးပို့ခဲ့သည့် စာနှင့်ပတ်သက်၍ နအဖဘက်မှ မည်သည့်တုံ့ပြန်မှုမှ မရှိသေးကြောင်း ယမန်နေ့က ငြင်းဆိုခဲ့သည်။

ကေအိုင်အိုအဖွဲ့သည် ညောင်နှစ်ပင်အမျိုးသားညီလာခံတက်နေစဉ် ၂ဝဝ၄ ခုနှစ် နှစ်လယ်ပိုင်းအတွင်း အပစ်ရပ်အဖွဲ့အစည်းတို့နှင့် စုစုပေါင်း (၁၃) ဖွဲ့ စုပေါင်းပြီး ဥပဒေပြုရေးဆိုင်ရာ အာဏာခွဲဝေမှုအပိုင်းနှင့် စပ်လျဉ်းသည့် စာတမ်းတစောင်အား လက်မှတ်ရေးထိုး တင်ပြခဲ့ကြသည်။

အဆိုပါစာတမ်းတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကဲ့သို့ အာဏာခွဲဝေကျင့်သုံးသည့်စနစ်ဖြင့် အချို့သောကဏ္ဍများ၌ ပြည်ထောင်စု ဥပဒေပြုအဖွဲ့တွင်ရှိနေသော အာဏာများနည်းတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများ ခွဲဝေပေးရေးကို တောင်းဆိုခဲ့ရာ နအဖက လက်မခံဘဲ လျစ်လျူရှုခဲ့သည်။

ကေအိုင်အိုအဖွဲ့အပါအဝင် အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့ရန် နအဖက ကမ်းလှမ်းထားပြီး အဆိုပါ နယ်ခြားစောင့်တပ်ကို နအဖစစ်တပ်ဘက်မှ အရာရှိနှင့်အခြားအဆင့်များပါ ပူးပေါင်းဖွဲ့စည်းပြီး ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်အောက်တွင် နေရမည်ဖြစ်၍ အချို့အဖွဲ့များက လက်ခံသဘောမတူနိုင်သေးဘဲ ဖြစ်နေသည်။

“ဟိုတုန်းက ကချင် (၁)၊ ကချင် (၂)၊ ချင်း (၁)၊ ချင်း (၂) ဆိုတဲ့ တိုင်းရင်းသားကိုယ်စားပြုတပ်တွေ ရှိခဲ့တယ်။ မဆလလက်ထက်အထိ။ နဝတလည်း တက်လာရော အဲဒါတွေ ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ အခု ကေအိုင်အိုလည်း နယ်ခြားစောင့်တပ် လက်ခံလိုက်ရင် အနှစ် (၅ဝ) လောက်လုပ်လာခဲ့တဲ့ ကေအိုင်အေလည်း အဲလို ပျောက်မယ်ဆိုပြီး စိုးရိမ်နေတာ။ ပျောက်မယ်အတူတူတော့ မထူးတော့ဘူး၊ ဗမာတွေနဲ့အတူ တန်းတူညီမျှရေးတွေ ရလာရင် လက်နက်စွန့်ပြီး ကေအိုင်အေအဖွဲ့ပါ ဖျက်ဖို့အထိ စဉ်းစားလာတာ” ဟု ကေအိုင်အိုနှင့် နီးစပ်သည့် ကချင်အမျိုးသားတဦးက ပြောသည်။

နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ကေအိုင်အိုက စာရေးတင်ပြခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုမှ တာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း ဖုန်းအဆက်အသွယ် မရရှိပေ။
ခေတ်ပြိုင်သတင်းမှကူးယူဖေါ်ပြသည်။

No comments:

Post a Comment