ondragstart="return false" onselectstart="return false"

Thursday, October 15, 2009

စစ်အာဏာရှင်အရေခွံ ခွာချသင့်ပြီ

၁၆ အောက်တိုဘာ ၂၀၀၉
မောင်သြ

နအဖ ဘယ်လဲ … ဘာလဲ။

တကိုယ်တော်အာဏာရှင် နအဖ (တပ်မတော်အစိုးရ) ဟာ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်နဲ့ ခရီးနှင်ခဲ့တာ နှစ်ပေါင်း (၂၁) နှစ်ကျော်ခဲ့ပြီ။ ငယ်နာမည် န၀တကို ဖျောက်ပြီး ၁၉၉၇ မှာ နအဖ အမည်သစ်နဲ့ လုပ်စားလာခဲ့တာ (၁၂) နှစ်ကျော်ခဲ့ပြီ။ ငယ်နာမည်နဲ့က (၉) နှစ်၊ ကြီးနာမည်နဲ့က (၁၂) နှစ်၊ စုစုပေါင်း (၂၁) နှစ်မှာ ဗမာပြည်ကြီးနဲ့တကွ ပြည်သူလူထုကြီးမှာ ဆင်းရဲမွဲချာတဲ့ တိုင်းပြည်ကြီးနဲ့ မွဲတေနုံချာတဲ့ လူတန်းစားဘ၀ကို ရောက်ခဲ့ရတယ်ပေါ့။

န၀တ၊ နအဖ ၀ိုင်းတော်သား စားဖော်စားဖက်၊ သေဖော်သေဖက် အကြံပက်စက်ကြတဲ့ ဆွေတော်မျိုးတော်သားများ၊ မြို့စားပယ်စား နယ်စားများကတော့ ဆွေစဉ်မျိုးဆက် (၁၀) ဆက်၊ (၁၅) ဆက် စားမကုန်၊ သောက်မကုန်၊ ဖြုန်းမကုန် ငွေကို ရေချိုး၊ စိန်ကို မီးလှုံ (ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ မဟုတ်ပါ)။ ကျောက်သံပတ္တမြား တောင်လိုပုံနဲ့ ကြပ်ပြေးမြို့တော်ကြီး တည်၊ နန်းတော်သစ်ဆောက်၊ ရေမီးအစုံနဲ့ ရွှေထီးဘုံရိပ်အောက်မှာ ခိုလှုံ၊ ဆွေ မြေး (မြည်း) အကုန်၊ အသိုင်းအ၀ိုင်း မှူးမတ်ဗိုလ်ပါ ခြံရံပြီး စံမြန်းနေကြလို့ ပျော်မဆုံးလား၊ မော်မဆုံး ဖြစ်နေကြပြီလား။ ဒါမှမဟုတ် ငါ မတရားယူထားတဲ့ တိုင်းပြည်ဘဏ္ဍာငွေတွေ ရွှေတွေ၊ စိန်တွေ၊ တိုက်တွေတာတွေ … ငါ မတရားသတ်ခဲ့တဲ့ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ … ငါ မတရားဖမ်းဆီးပြီး နှိပ်စက်ခဲ့တဲ့ အန်အယ်လ်ဒီက နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီအင်အားစု မင်းကိုနိုင်၊ ကိုကိုကြီး (၈၈) မျိုးဆက်ကျောင်းသားကျောင်းသူတွေနဲ့ ရဟန်းသံဃာတော်တွေ … စတဲ့ ငါ့အကုသိုလ်တွေက ငါ့နောက်ကို အရိပ်လို လိုက်နေပါပေါ့လားလို့ ကိုယ်စီကိုယ်စီ တွေးတောပြီး စိတ်တစ္ဆေခြောက်လှန့်ကာ အကြောက်ကြီးကြောက်လို့ အမောဖောက်နေကြပြီလား။

ရှေးဘ၀ဟောင်းက ကုသိုလ်ကံထောက်မလို့ ဒီဘ၀မှာ တောက်ပပြီး ကြွားမောက်နေခဲ့တဲ့ စစ်အာဏာရှင်တွေဟာ ကုသိုလ်ကံမှိန်ပျောက်၊ အကုသိုလ်အချိန်ရောက်လာရင် ချွေးသီးချွေးပေါက်တွေကျ၊ သောင်ပြင်လွှတ်တဲ့ဘ၀ကို ရောက်ကြတော့မှာပါ။

ဒါကြောင့်လည်း အပြေးအလွှား ဈေးကစားလို့ အမေရိကန်က ဂျွန်ဝက်ဘ်ကိုခေါ် ပြင်ချက်ကလေးတွေ နှိုးဆော်ခိုင်း၊ ဆန်ရှင် (Sanction) ကို လက်ဆင် (Lesson) လုပ်ဖို့ ဆရာတင်ရသပေါ့။ ဒါပေမယ့် အမေရိကန်သမ္မတ အိုဘားမားရဲ့ (Change) ကလည်း ချိုမလား၊ ခါးမလား မသိရပေမယ့် (Sanction) ကိုတော့ ပိတ်ထားမယ်၊ နအဖကိုတော့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများ ထင်သာမြင်သာ တိုးတက်ပြောင်းလဲလာရင်တော့ ဆန်ရှင်ဆိုတဲ့ ပိတ်ထားတဲ့ တံခါးကြီး ပွင့်လာမှာ ဖြစ်ပါတယ်။

ဒီကြားထဲ ကိုးကန့်မှာ ဖြစ်တဲ့အရေး၊ သူ့ပထွေး တရုတ်ကလည်း ထုချေလွှာတောင်း၊ လျော်ကြေးတောင်းနဲ့ ဘူးလေးရာ ဖရုံဆင့် အရူးခမျာ မီးဝိုင်းသင့်သလို ခေါင်းမီးတောက်ခံနေရတာလည်း သနားစရာပါ။ ဒါ့အပြင် …

မြေးဖြစ်သူ စိန်မျောက်မျောက် (အများပြည်သူအခေါ်) (ခ) ဖိုးလပြည့် (ခ) နေရွှေသွေးအောင်ရဲ့ (တပ်မတော်ဆေးတပ်က ဗိုလ်မှူးကြီး နေစိုးမောင်နဲ့ ဒေါ်ကြည်မာရွှေတို့ရဲ့သား) မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဘိုးအေအရှိန်အ၀ါနဲ့ ဗိုလ်ကျ၊ နိုင်ထက်ကလူ စော်ကားမှုတွေကလည်း ပြည်သူကြားမှာ ပုပ်စောနံလှိုင်ဟောင်နေတဲ့အပြင် တပ်မတော်အကြီးအကဲတွေ ကြားထဲမှာ မပြောသာလို့ သည်းခံနေရကြရတဲ့ ဒုက္ခတွေကလည်း တမှောင့်။

နအဖစစ်အစိုးရ ထုတ်ဝေတဲ့ သတင်းစာတွေမှာ မေတ္တာနဲ့ပတ်သက်ပြီး …
မေတ္တာသည် မာန်မာနထားခြင်းမရှိ။
မေတ္တာသည် မလျော်သောအကျင့်ကို မကျင့်။
မေတ္တာသည် ကိုယ်ကျိုးမရှာတတ် … ဆိုတဲ့ မေတ္တာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကလေးတွေ တွေ့ရတော့ နအဖအတွက် ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်နေပြီ ထင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချက်တွေနဲ့ ငြိစွန်းနေတာက နအဖအစိုးရအဖွဲ့ဝင်တွေနဲ့ နအဖလက်ကိုင်တုတ် ပုဆိန်ရိုးတွေ ဖြစ်နေလို့ပါပဲ။

နောက် (၇-၁၀-၀၉) ရက်နေ့က ထုတ်ဝေတဲ့ ကြေးမုံသတင်းစာမျက်နှာဖုံးမှာ မောင်းထောင်ဆရာတော်ရဲ့ ဒေါသကထာမှာ …
ဒေါသကို သူယုတ်တို့ မှီဝဲ၏။
မေတ္တာကို သူတော်ကောင်းတို့ မှီဝဲ၏။
မေတ္တာသည် အရှုံးပေးခြင်းမဟုတ်။
ဒေါသသည်သာ ဆုံးရှုံးခြင်းဖြစ်၏။
ဒေါသဟူသည် ထွက်စရှိလျှင် ထွက်ချင်၏။
မေတ္တာဖြင့် ဖြေသိမ့်နှိပ်ကွပ်ဖန်များလျှင်
ဒေါသသည် အပိုးသေ၍လာ၏။
ခြံခုန်တတ်သော နွားကို နှိပ်ကွပ်ဖန်များလျှင်
ခြံမခုန်တော့သကဲ့သို့ ဖြစ်၏ … လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီစာအရ ယနေ့မြန်မာနိုင်ငံတော်မှာ ဒေါသသမားတွေဟာ ဘယ်သူတွေလဲ၊ မေတ္တာသမားတွေဟာ ဘယ်သူတွေလဲဆိုတာ သန်းပေါင်း (၅၀) ကျော် ပြည်သူတွေ၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေနဲ့ ပြည်ပကမ္ဘာမိသားစုအားလုံးက သိကြပါတယ်။

လက်နက်နဲ့ အာဏာကို ဆုပ်ကိုင်ပြီး ဒေါသကို မိတ်ဆွေဖွဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးပြီး ကိုယ်ကျိုးရှာသူတချို့ (စစ်အာဏာရှင် စစ်ယန္တရားဆွဲကိုင်သူများ) နဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံ၊ ပြည်သူ့အကျိုးအတွက် တွန်းလှန်တိုက်ပွဲဝင်နေတဲ့ လက်နက်မဲ့ အာဏာမဲ့ မေတ္တာရှင် သူတော်ကောင်းတို့ရဲ့ အားပြိုင်ပွဲမှာ အဖြေထွက်ဖို့ အချိန်နီးလာပြီးဟု တွေးထင်မိပါတယ်။

ယနေ့အချိန်ဟာ အာဏာရှင်ကျဆုံးခန်းနဲ့ ဒီမိုကရေစီဘက်တော်သားတွေ အောင်ပွဲခံတဲ့ မေတ္တာပန်းများ ပွင့်လန်းတော့မယ့်အချိန် ဖြစ်ပါတယ်။

ဒါကြောင့် နအဖအစိုးရ အကြီးအကဲများဟာ မိမိကိုယ်ကိုသာ မှန်မှန်ကန်ကန် အောက်ပါအချက်များအရ သုံးသပ်စိစစ် ဝေဖန်သင့်ချိန် ရောက်နေပါပြီ။

(၁) အာဏာသိမ်းစဉ်က (၁၉၈၈) ခေတ္တခဏပါဟု ပြောခဲ့ပြီး ယခုနှစ်ပေါင်း (၂၁) နှစ်ကျော်ပြီ (အာဏာမက်တာ ဟုတ်/မဟုတ်)။

(၂) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ပေးခဲ့တဲ့ ကတိစကားများနဲ့ မိမိချမှတ်ခဲ့တဲ့ ၁/၉၀ ကို လိုက်နာခြင်း ရှိ/မရှိ။

(၃) ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရ အန်အယ်လ်ဒီနဲ့ န၀တ (နအဖ) တို့ တွေ့ဆုံဆွေးနွေးပြီး တိုင်းပြည်ရဲ့အကျိုးကို
ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် တိုင်းပြည်ရဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်နိုင်မှု ရှိနိုင်/မရှိနိုင်။

(၄) ဖဆပလ၊ မဆလ လက်ထက်တွေတုန်းက နိုင်ငံတကာနဲ့ ဆက်ဆံရေးချောမွေ့ပြီး မိမိတို့လက်ထက်ကျမှ နိုင်ငံတကာနဲ့ အဆင်မပြေဖြစ်ကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ (အကြိမ်ကြိမ်)၊ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့အပြင် အခြားကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့မှ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ အကြီးအကဲများ၊ တရုတ်၊ ဂျပန်၊ အာဆီယံနိုင်ငံတို့မှ အကြီးအကဲများ၊ အမေရိကန်အထက်လွှတ်တော်အမတ် အရှေ့တောင်အာရှပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ ဂျွန်ဝက်ဘ် စသည်တို့ မြန်မာနိုင်ငံကိုလာရောက်ပြီး မြန်မာ့ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံရေးကိစ္စများကို ဖြေရှင်းဆွေးနွေးရခြင်းဟာ ဖြစ်သင့်/မဖြစ်သင့်။

(၅) မြန်မာ့စစ်ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်၊ အီးယူနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့အရေးယူခံရခြင်း (ယခင်အစိုးရလက်ထက်များက မရှိခဲ့ဘဲ မိမိတို့လက်ထက်မှ ဖြစ်ခဲ့ရခြင်း) ဟာ နိုင်ငံနဲ့လူမျိုးအတွက် မျက်နှာငယ်အရှက်ရစရာနဲ့ နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းစရာ ဖြစ်/မဖြစ်။

(၆) မိမိတို့အုပ်ချုပ်ခဲ့တဲ့ (၂၁) နှစ်အတွင်း စစ်တပ်အာဏာရှင်များနဲ့ အသိုင်းအ၀န်း ဆွေမျိုးတစုတို့ အလွန်အမင်း ချမ်းသာကြီးပွားခြင်း ရှိ/မရှိ။

(၇) ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ အေးချမ်းစွာမေတ္တာပို့ ဆုတောင်းခဲ့ကြတဲ့ ရဟန်းသံဃာတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ခြင်းဟာ ဗုဒ္ဓဘာသာဝင် အစိုးရရဲ့အလုပ် ဟုတ်/မဟုတ်။

(၈) ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာ မှန်/မမှန် (အဂတိတရားလေးပါး ကင်းကင်းနဲ့ စဉ်းစားဖြေပါ)။

(၉) မိမိကိုယ်ကိုယ်မိမိ မင်းကျင့်တရား (၁၀) ပါးနဲ့ ညီ/မညီ။

(၁၀) မိမိတို့တပ်မတော်အစိုးရကို အများပြည်သူတို့က စက်ဆုပ်ရွံရှာ အော့နှလုံးနာ စိတ်ပျက်နေခြင်း ရှိ/မရှိ။

(၁၁) မိမိတို့ကိုယ်တိုင် ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေကို မိမိကိုယ်တိုင် ချိုးဖောက်မလိုက်နာခြင်းဟာ လူကြီးလူကောင်း ဆန်/မဆန်။

အထက်ပါအချက်တွေကို နအဖစစ်ဗိုလ်ချုပ်ကြီးများ လေးလေးနက်နက်စဉ်းစားပြီးရင် မိမိတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုပါ စဉ်းစားကြိုတင်ပြင်ဆင်ထားရပါလိမ့်မယ်။

တိုင်းပြည်နဲ့လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုရင် လက်ရှိ နအဖစစ်အစိုးရရဲ့ တခုတည်းသော ထွက်ပေါက်ကတော့ မိမိတို့ကိုယ်တိုင် ထုတ်ပြန်ခဲ့တဲ့ ၁/၉၀ အရ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ ပြည်သူ့လွှတ်တော်ကို အမြန်ဆုံးခေါ်ယူကျင်းပပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးလွှတ်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးဆောင်ရွက်ရမှာဖြစ်ကြောင်း တိုက်တွန်းလိုပါတယ်။

ဓမ္မနဲ့ အဓမ္မ၊ မေတ္တာနဲ့ ဒေါသ (လက်နက်နဲ့ အာဏာ စွဲကိုင်သူများ) သမားတို့ရဲ့ အန္တိမစစ်ပွဲဟာ မကြာမီချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးအောင်လံ လွှင့်တော့မယ်ဆိုရင် …

နအဖစစ်အစိုးရရဲ့ အာဏာရှင်အရေခွံခွာချပြီး သဘောထားအမြင်များ ပြောင်းလဲကာ မေတ္တာရှင် အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားကြရန် အချိန်တန်ပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ခေတ်ပြိုင်သတင်းမှ

No comments:

Post a Comment