ondragstart="return false" onselectstart="return false"

Thursday, October 15, 2009

ရဲဘော်အပေါင်း ၀ဋ်ရှိခဲ့ရင် ကျေပါစေ - အပိုင်း(၂)

ခုချိန်မှာ ပျိုတိုင်းကြိုက်တဲ့ ဗမာ့တပ်မတော်မဟုတ်ဘူးဗျ လူတိုင်းဆဲပြီး လူတိုင်းနုလုံးအောအံ့ ရွံ့ ရှာ နေတဲ့ဗမာ့တပ်တော်ဖြစ်နေပြီဆိုဒါ သိစေချင်သည်။

ဆောင်းပါးရှင် - သူရနိုင် ( လက်ရှိ တာဝန်ထမ်းဆောင်နေသော တပ်ခွဲမှူး)

ဘယ်တပ်မှာမဆို ရဲဘော်သစ်တွေနဲ့ ပတ်သက်လာရင် အလေးထား ဂရုစိုက်ကြပါတယ်။ ကောင်းကောင်းမွေးပြီး ကောင်းကောင်းကျွေးထားတယ် လို့တော့မထင်လိုက်ပါနဲ့။ ကောင်းကောင်း ဂရုစိုက်ကြတယ်ဆိုတာက ထွက်မပြေးဖို့ အဓိကထားတဲ့ လုံခြုံရေးကို ဂရုစိုက်တယ်လို့ ပြောတာပါ။ ဘယ်လောက်ပဲ လုံခြုံရေး ကောင်းကောင်း ထောင်ဖောက် ပြေးတာတောင် ရှိနေတဲ့အတွက် သံကွန်ခြာ ကာရံထားခြင်း မရှိတဲ့ တပ်တစ်တပ်မှာ ရဲဘော်တွေ ထွက်ပြေးနေကြတာ မဆန်းပါဘူး။

မနေချင်လို့၊ စိတ်မပါလို့၊ ပင်ပန်း ဆင်းရဲဒဏ်ကို မခံနိုင်လို့ ပြေးမဲ့သူက ပြေးမှာပါပဲ။ ဆန္ဒကို အတင်းတားဆီး ပိတ်ပင်လို့ မရပါဘူး။ အမိန့်နဲ့ အာဏာအရ အုပ်ချုပ်တာကြောင့် စည်းကမ်းနဲ့တင်းကျပ်မှု ကြားထဲက စိတ်ဖိစီးမှုများနဲ့ မွန်းကျပ်မှုတွေ များလာရင် ထွက်ပေါက်တစ်ခုတော့ ရှာကြံလာကြပါလိမ့်မယ်။ အဲဒီ့အတွက် ထွက်ပြေးခြင်း အမှုကို ဘယ်သူမှလည်း စနစ်တကျ ကာကွယ် စီမံဆောင်ရွက်နေတာမျိုး တပ်တွေမှာ မရှိတော့ ဘယ်တော့မှလည်း တားဆီးနိုင်ခြင်း မပြုလုပ်နိုင်ခဲ့ပါဘူး။ တပ်နေပျော်၍ စစ်တိုက်တော် ရမည်လို့ ဆောင်ပုဒ်တွေ ချိတ်ဆွဲထားကြပေမဲ့ ပျော်ဖို့ဆိုတာကို လက်တွေ့မှာ သောက်စရာ ရေခွက်တောင် မရှိဘဲ ခွက်ပျောက်နေမှတော့ ဘယ်လိုလုပ် ပျော်နိုင်ပါတော့မလဲ။

ဘယ်တော့မဆို အထက်ဌာနဖြစ်တဲ့ တိုင်း၊ တပ်မ၊ စကခ၊ ဒကစ တွေကနေ အမြဲတမ်း ထုထောင်းဖိအားပေးခြင်း ကိစ္စတွေထဲမှာ “တပ်သားသစ်” စုဆောင်းခြင်း ကိစ္စဟာ အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်၊။ ဘာကြောင့်လဲဆိုတော့ ပြေးတဲ့အရေအတွက်ဟာ စုဆောင်းတဲ့ အရေအတွက်ထက် ပိုများနေလို့ပါ။ ဒီတော့ အထက်ကနေ ကျလာတဲ့ ဖိအားက တပ်ရင်းကိုရောက် တပ်ရင်းမှူးကနေ ဌာနချုပ်တပ်ခွဲမှူး၊ တပ်ရေးဗိုလ်ကြီး၊ အဲဒီ (ရေးဗက) ကနေ တပ်ခွဲမှူး၊ တပ်ခွဲမှူးကနေ သက်ဆိုင်ရာ တပ်စုမှူးနှင့်တကွ တပ်စုတပ်ကြပ်ကြီးတွေ၊ တပ်ခွဲအရာခံဗိုလ် စသည်ဖြင့် ဒီဂယက်က ရိုက်ခတ် ပါတော့တယ်။ အချိန်တန်ရင် မေ့သွားပါမှာဆိုတဲ့ ကိစ္စတွေထဲမှာ ဒီကိစ္စ မပါပါဘူး။

အဲ့ဒီအတွက် တပ်သားသစ်တွေ ရှာဖွေစုဆောင်းဖို့ ပြင်ဆင်ဆောင်ရွက်ကြပါတယ်။ တပ်ထဲဝင်ချင်သည်ဖြစ်စေ၊ မ၀င်ချင်သည်ဖြစ်စေ၊ အဓိကမှာ လူသစ်ရဖို့ တပ်သားသစ်ရဖို့ပဲ ဖြစ်နေပါတယ်။ ရဲဘော်သစ် ရှာဖို့အတွက် တာဝန်ခံအရာရှိ (သို့) ဆရာတစ်ယောက်ကို နယ်များသို့တိုင် စေလွှတ်လို့တစ်မျိုး၊ ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများသို့ စေလွှတ်လို့ တစ်ဖုံ၊ လနဲ့ချီပြီး စေလွှတ်ရှာဖွေခိုင်းပါတယ်။ အချို့တပ်ဖွဲ့များမှာ အရာရှိကိုယ်တိုင်အား သီးသန့်တာဝန်ပေးကာ စေခိုင်းရှာဖွေခြင်းမျိုးထိ တွေ့နေရပါတယ်။ သတ်မှတ်ချိန်တွင် ရှာဖွေရရှိပါက ခရီးစရိတ်အပြင် သီးသန့်ဆုကြေး ချီးမြှင့်ပေမဲ့ သတ်မှတ်ချိန်တွင် ရှာဖွေ မရရှိပါက စရိတ်စက အကုန်ဆုံးမည် ဖြစ်ပါတယ်။

ဒါကြောင့်မို့ တပ်သားသစ်ကို မရရအောင် ရှာဖွေကြပါတော့တယ်။ ရရှိလာသော ရဲဘော်သစ်ဟာ ဆေးအောင်ပြီး လေ့ကျင့်ရေး သင်တန်းကျောင်းမှ လက်ခံသည်အထိ ဖြစ်မြောက်အောင် ဆောင်ရွက်ကြရပါတယ်။ ဆေးကျပါက ခရီးစရိတ် တစ်ဝက်သာ ပြန်လည် ရရှိပါတယ်။ တခါတလေ လုံးဝ ပြန်မရရှိသည်များလည်း တွေ့ကြုံခဲ့ဖူးပါတယ်။

စုဆောင်းရရှိလာတဲ့ လူများထဲမှာ အလိုဆန္ဒရှိလို့ တပ်ထဲ ၀င်လာသူက အင်မတန် နည်းပါတယ်။ ပြဿနာ တစ်စုံတစ်ရာဖြစ်လို့ ရဲအဖမ်းခံရမှာ ကြောက်ပြီး တပ်ထဲဝင်တဲ့လူတွေ၊ အခြားတပ်တွင် တာဝန်ထမ်းဆောင်ပြီး ထွက်ပြေးလာကာ ပြန်လည်အဖမ်းခံရမဲ့ အခြေအနေသို့ ဆိုက်ရောက်နေလို့ ကိုယ်ရေးရာဇ၀င် လိမ်လည်ကာ ဒုတိယအကြိမ် တပ်မတော်သို့ လူသစ်အဖြစ် ပြန်လည်ဝင်ရောက်လာတဲ့လူတွေ၊ အိမ်မှာ မိသားစုနဲ့ အဆင်မပြေလို့ ဖြစ်ချင်ရာဖြစ် ၀င်လာတဲ့လူတွေ၊ ရပ်ကွက်မှာ ပြဿနာဖြစ်လို့ ရဲက အမှုဖွင့်မှာ စိုးရိမ်တာမို့ ၀င်လာတဲ့လူတွေ၊ ဆန္ဒမပါပဲ အတင်းအဓမ္မခြိမ်းခြောက်ခံရပြီး ခေါ်ယူလာတဲ့ လူတွေက အများဆုံး ဖြစ်နေပါတယ်။

ဒါကြောင့် အဲဒီလို လူတွေ စစ်သား ဖြစ်လာကြတဲ့အခါ အခိုက်အတန့်လောက်သာ တပ်မတော်မှာ ခေတ္တခဏ ၀င်ရောက် ခိုအောင်းသလို ဖြစ်နေပါတယ်။ အဆင်ပြေမှုကလည်း နည်းတယ်။ ပင်ပန်းဆင်းရဲ ကြမ်းတမ်းတယ်။ ခိုင်းစရာရှိရင် ခိုင်းပြီး ရစရာရှိရင် အရာရှိကချည်း ယူနေတော့ ကြာလာတော့လည်း ရဲဘော်တွေဟာ သည်းခံနိုင်စွမ်း မရှိကြတော့ပါ။

ဒီသံသရာက ဒီလိုဘဲ လည်နေသလို ဆက်ပြီးလည်း လည်နေပါဦးမယ်။ ပြေးကြတယ်။ ချက်ချင်း အထက်ဌာနသို့ မတင်ပြရဲကြပါ၊ အချိန်ကာလ အတန်ကြာအောင် ထိန်းထားရမယ်၊ တဖြည်းဖြည်း ထွက်ပြေးတာတွေ များလာတော့ တဖြည်းဖြည်းလျော့ပြီးမှ တင်ပြကြတယ်။ စာရင်းစစ်တွေ လာစစ်ကြတယ်။ လာစစ်တဲ့လူတွေ ပါးစပ်ပေါက်ကို သူတို့ကျေနပ်တဲ့အထိ ထိုးပိတ်မယ်။ စားရတဲ့ အထက်ဌာနကလည်း အရာရှိတွေကို အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးကြတယ်။

ကြာလာတော့ ပြေးသူကများလာပြီး ၀င်လာသူက နည်းလာတယ်။ စိတ်ဓါတ်ရှိရှိနဲ့ လုပ်ကိုင်စေချင်ရင် အဆင့်အတန်းမြင့်မြင့် ထားနိုင်ရမယ်။ အခုဆိုရင် တို့တပ်မတော်ဟာ တဖြည်းဖြည်း တိုးတက်လာရမဲ့အစား တစ်စစနဲ့ ဆုတ်ယုတ်လာတယ်။ စစ်အာဏာရှင်တွေ တော့ မပါပါဘူး။ သူတို့ကတော့ တိုးတက်လိုက်သမှ မိုးပေါ်ရောက်တော့မယ်၊ သူတို့နောက်က စစ်အာဏာရှင် ပေါက်စတွေကလည်း ဒီလို မိုးပေါ်ရောက်အောင် အောက်ခြေက တပ်မတော်သားတွေကို နာနာနင်းကြတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း အောက်ခြေမှာ ပြားလာတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်နေတယ်။ အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ လက်အောက်ခံ တပ်တွေက ရဲဘော်တွေကိုတောင် တိုးတက်လာအောင် အခုထိမလုပ်နိုင်။ ဒါနဲ့တောင် နိုင်ငံတော်ကို ခေတ်မီ ဖွံဖြိုးတိုးတက်လာအောင် ဘယ်လိုများ ဆက်လက်ကြံစည် အကောင်အထည်ဖော်ပြီး လုပ်နေကြသလဲ၊ နိုင်ငံတော် ဘတ်ဂျက်တွေကို ဘယ်လိုများ မျှဝေခံစား ခွဲယူကြမလဲ၊ စဉ်းစားကြည့်စရာတောင် မလိုအောင် ရှင်းရှင်းလင်းလင်း မြင်နေကြရတာမို့ အဲဒီအထဲမှာ သူငယ်ချင်း ညီအစ်ကိုတို့ မပါဝင် ပါစေနဲ့၊ “နောင်ဘ၀ဆိုတာ ရှိသေးတယ်” ဆိုတာ မမေ့ကြဘူး ဆိုရင်ပေါ့လေ။ လက်ရှိဘ၀နဲ့တင် မှားယွင်းခဲ့သမျှ ရဲဘော်အပေါင်း ၀ဋ်ရှိခဲ့ရင် ကျေပါစေဟု တောင်းဆုပြုရင်း……..။

အားလုံး…….စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်နိုင်ကြပါစေ။

သူရနိုင်
ဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment