ondragstart="return false" onselectstart="return false"

Sunday, October 11, 2009

ရဲဘော်အပေါင်း ၀ဋ်ရှိခဲ့ရင် ကျေပါစေ - အပိုင်း(၁)

ဒီလိုဆိုပြန်တော့ မင်းတို့ ရဲ့ဘ၀လေးတွေကို နားလည်မိပါတယ်. ဒါပေမယ့် ရှေ့တန်းနယ်မြေမှာ မင်းတို့ ရဲ့ယုတ်မာမှုတွေ တွေ့ မြင်တိုင်း ငါတို့ မှာ မင်းတို့ ကို ခွဲခြားဖို့  အချိန်မရဒါ တော့အမှန်ပဲ။

ဆောင်းပါးရှင် - သူရနိုင် ( လက်ရှိတာဝန်ထမ်းဆောင်နေသော တပ်ခွဲမှူး)


ကျွန်တော် တာဝန်ထမ်းဆောင်နေတုံး တစ်နေ့မှာတော့ တပ်ရင်းရှိ ဗဟိုကင်းအချုပ်တွင် သင်တန်းဆင်း ရဲဘော်သစ်တစ်ယောက် ထွက်ပြေးလို့ ပြန်မိထားကြောင်း သိရလို့ သွားရောက် မေးမြန်းကြည့်တော့ ဒီလို ဒီအကြောင်း တွေကြောင့် တပ်ထဲကို သူရောက်လာ/ ၀င်လာကြောင်း သိရပါတယ်။ သူ့ရဲ့ ရင်တွင်းဖြစ် ပေါက်ကွဲမှု သံစဉ်ကိုတော့ ကျွန်တော့်အား အောက်ပါအတိုင်း ရင်ဖွင့်ရှာပါတယ်။

သူဟာ နယ်ကတက်လာပြီး ရန်ကုန်ရောက်လာတာ (၃) လတင်းတင်း ပြည့်လုတဲ့အထိ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ရသေး။ တစ်နေကုန် တစ်နေခန်း နေပူထဲလျှောက်လိုက်၊ လိုင်းကား တိုးစီးလိုက်၊ အလုပ်ကြေငြာ တွေ့တွေ့ မတွေ့တွေ့ ၀င်မေးလိုက်နဲ့ ကုန်ခဲ့ရတဲ့ နေ့လည်း မနည်းတော့။ အဆင်မပြေတဲ့ကြားထဲက အမေ့လက်စွပ်ပေါင်ပြီး ထည့်ပေးလိုက်တဲ့ ငွေကလည်း ကုန်လုနီးပြီ။ တစ်ခါတစ်လေ မနက်စာနှင့် ညစာပေါင်းစားလိုက်သည့် နေ့မျိုးလည်း ရှိသေးတယ်တဲ့။ ဒါတောင် နယ်မှအမျိုးတွေက တစ်နေရာစာ ကျောခင်းဖို့ တာဝန် ယူထားပေးလို့ တော်သေးတယ်။ သူတို့လည်း သူ့မိသားစုနှင့်သူ မနည်းရုန်းကန်နေကြရတယ်။

ဒီလိုနဲ့ သီရိမင်္ဂလာဈေး (အလုံ) မှာ ကုန်ထမ်းတဲ့ အလုပ်သမားအဖြစ် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့တယ်။ အဆင်ပြေသည့်နေ့ ရှိသလို မပြေသည့်နေ့လည်း ရှိတယ်။ စုဆောင်းဖို့က အဝေးဆုံးမှာ အိပ်မက်သဖွယ် ဖြစ်နေတုံးပဲ။ တစ်နေ့ အိမ်ပြန်နောက်ကျတုန်း ဘ၀ရဲ့ အလှည့်အပြောင်း တစ်ခုပေါ့ ။ အလုံကနေ လှိုင်သာယာ မီးခွက်ဈေးကို ပြန်ရတာ အလွန်ဝေးလှတယ်။ ကား (၂) ဆင့် အနည်းဆုံး စီးရတယ်၊ ညဘက်ဆိုလျှင် ကားခဈေးကြီး၍ ဈေးတွင် ကုန်တင်/ကုန်ချ ကြုံသောကားဖြင့် ပြန်လိုက်ရသဖြင့် တစ်ခါတစ်လေ အဆင်ပြေတယ်။

အဲဒီနေ့က ည (၁၁) နာရီလောက်မှ မီးခွက်ဈေးကို ရောက်တယ်။ ဈေးနှင့်အိမ်မှာ အလှမ်းဝေးသေး၍ လှမ်းလျှောက်လာတုန်း ကင်းလှည့်ရဲအဖွဲ့နှင့် တွေ့တယ်။ သူ့အား မသင်္ကာ၍ ရှာဖွေစစ်ဆေးတယ်။ အိမ်လိပ်စာလည်း ပြောပြတယ်။ ဒါလည်းမရ၊ မနက်ကျမှ ရှင်းဟုပြောပြီး သူ့အား အတင်းလက်ထိပ်ခတ်ကာ စခန်းသို့ ခေါ်ဆောင် သွားပါတော့တယ်။ ဆိုးတာတစ်ခုက သူတို့တစ်ဖွဲ့လုံးထံမှ အရက်နံ့ တထောင်းထောင်း ထွက်နေပါတယ်။ မလိုက်လျှင် ထိုးကြိတ်မည့် ပုံစံဖြစ်နေလို့ သူလည်း မငြင်းသာတာမို့ ခေါ်ဆောင်ရာ လိုက်ပါခဲ့ ရပါတော့တယ်။

မနက်မိုးလင်းတော့ တာဝန်ကျ ကင်းသမားအား သူရဲ့ကိစ္စအား ပြောပြသော်လည်း ၎င်းမှ အရေးတယူ ဆောင်ရွက်ပေးခြင်းလည်း မရှိပါ။ (၁၀) နာရီ လောက်မှာတော့ လူနှစ်ယောက် ရောက်လာပြီး သူ့ကို အာမခံနဲ့ လာထုတ်ပါတယ်။ ဒါပေမယ့် ဒီလူနှစ်ယောက်ကို သူမသိပါ။ အရပ်အမောင်းကောင်းကောင်း ဗလတောင့်တောင့် အရပ်ဝတ်နဲ့ပါ။ သူတို့ဆံပင်တွေက စစ်သားဆံပင်ပုံစံ၊ မျက်နှာကလည်း စစ်သားမျက်နှာပေါက်ပဲလို့ ထင်နေမိပါတယ်။

အပြင်ရောက်တော့ “ညီလေး၊ မင်းကို တို့နှစ်ယောက်က အာမခံနဲ့ ထုတ်ပေးတယ်၊ ငါတို့နဲ့ ခဏလိုက်ပြီး အလုပ်လုပ်ပေး၊ ပြီးရင် မင်းကို အိမ်ပြန်ပို့ပေးမယ်ဆိုပြီး ဒညင်းကုန်းဘက်သွားတဲ့ လိုင်းကားနဲ့ ခေါ်သွားပါတယ်။ ဒညင်းကုန်း လမ်းဆုံမှာ သူ့ကို ဟင်းကောင်းကောင်းနဲ့ ထမင်းကျွေးပါတယ်။ ပြီးတော့ သူတို့က လ္ဘက်ရည်ဆိုင် ထပ်ခေါ်သွားပြီး လ္ဘက်ရည် သောက်ရင်း စစ်တပ်နဲ့ ပတ်သက်လို့ ကောင်းကြောင်းတွေ ပြောပါတယ်။ ပိုက်ဆံ ဘယ်လိုရတာ ဘယ်လိုနေရတာနဲ့ သူတို့အချင်းချင်းပြောပြီး သူ့ဘက် လှည့်လာပါတော့တယ်။ သူတော့ ဘာမှမသိကြောင်းနဲ့ နယ်မှာ အမေကျန်ခဲ့ပြီး ရန်ကုန်မှာ အလုပ် တက်လုပ်နေတာ ဖြစ်ကြောင်း ပြန်ပြောပြလိုက်ပါတယ်။

ညက ကိစ္စကိုလည်း ပြောပြပြီး သူတို့ကိုလည်း မသိကြောင်း ပြောပါတယ်။ “မသိလည်း ကိစ္စမရှိပါဘူးကွာ၊ ဒါနဲ့ မင်း စစ်တပ်ထဲ မ၀င်ချင်ဘူးလား”၊ သူက “မ၀င်ချင်ဘူး အကို၊ အပြင်မှာပဲ အေးအေးဆေးဆေး လုပ်ကိုင် စားသောက်တာပဲ ကောင်းပါတယ်” “အပြင်မှာ ဒီလောက် အလုပ်ရှားတာကွာ၊ စစ်တပ်ထဲဝင်ရင်ကွာ သင်တန်း (၃) လလောက်ပဲ ပင်ပန်းတာပါ၊ သင်တန်းဆင်းရင် အေးဆေးပဲကွ၊ ငါတို့လိုပေါ့ကွာ၊ စစ်လဲ မတိုက်ရဘူးကွ၊ ဘယ်လောက်နေဖို့ကောင်းလဲ၊ ဘာမှလည်း ပင်ပင်ပန်းပန်း မလုပ်ရဘူး၊ အချိန်တန်ရင် လစာထုတ်ပြီး မင်းအမေဆီကို ပြန်ပို့ရုံပေါ့ကွာ” “မ၀င်ချင်ပါဘူးအကိုရာ၊ အကိုတို့က စစ်သားတွေလား” “အေးဟုတ်တယ်”၊

“မင်းကို အေးအေးဆေးဆေး ပြောနေတယ်နော် ညီလေး၊ မင်းကို စခန်းထဲ ပြန်ပို့ပြီး ထောင်ချပစ်လို့ ရတယ်နော်၊ ငါတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်” “ကျွန်တော့်မှာ အပြစ်မရှိပဲ၊ဘာလို့ ထောင်ချလို့ ရမှာလဲ၊ အဓိပ္ပာယ် မရှိတာဗျာ” ၊“ဒီကောင် တော်တော် စကားများတဲ့ ကောင်ပဲကွာ၊ မင်းလိုကောင်မျိုးတွေ ခဏခဏ ငြင်းလို့ အများကြီး ထောင်ထဲပို့ခဲ့ပြီးပြီ၊ မင်းလိုက်မှာလား ၊မလိုက်ဘူးလား၊ အဆုံးစွန်ထိ ငါပြောမယ်၊ မင်းကို အစဖျောက် လိုက်တဲ့အထိ လုပ်လို့ရတယ်၊ မင်းနားလည်လား၊ လာသွားမယ်”။

အဲဒီလို အပြန်အလှန်ပြောပြီး သူလည်း ဒညင်းကုန်း စစ်သားစုဆောင်းရေးကနေ လေ့ကျင့်ရေး သင်တန်းကျောင်းကို အပို့ခံရပြီး ဆန္ဒမပါတဲ့ စစ်သားတစ်ယောက် ဖြစ်လာခဲ့ပါတယ်တဲ့။ ပညာကလည်း မတတ်၊ ငွေကလည်း မရှိ၊ မပြောတတ် မဆိုတတ်ပဲ သူ့လို နလပိန်းတုံးကောင် စစ်တပ်ထဲ ရောက်ခဲ့ရပါတယ် ဆိုတဲ့အကြောင်း စိတ်ထိခိုက်စွာနဲ့ အဲဒီ ရဲဘော်သစ်လေးက ရင်ဖွင့်ရှာပါတယ်။

ကျွန်တော်တို့ တပ်ရင်းကို မကြာသေးခင် ရက်ပိုင်းအတွင်းက သင်တန်းဆင်း ရဲဘော်သစ် (၁၀) ဦး ရောက်ရှိလာပါတယ်။ (၃) ရက်အတွင်းမှာ (၇) ယောက်ဘဲ ကျန်ပါတယ်။ (၄) ယောက်ကထွက်ပြေးပြီး အခုနက တင်ပြနေတဲ့ ရဲဘော်သစ်လေး တစ်ယောက်ကိုတော့ ပြန်ဖမ်းမိတာ ဖြစ်ပါတယ်။ လွတ်သွားတဲ့ (၃) ယောက်ကိုတော့ လူဟောင်း ရဲဘော် တစ်ယောက်က ဦးစီးပြီး ခေါ်သွားလို့ အခုဆို လွတ်ရာကျွတ်ရာ ရောက်နေပြီလို့ ထင်ပါတယ်။ သူကတော့ လမ်းကျွမ်းကျင်မှုမရှိပဲ ထွက်ပြေးတာကိုလည်း ချက်ချင်းသိသွားလို့ ပြန်လည် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ သူ့အကြောင်းနားထောင်ပြီး စိတ်မကောင်းပါဘူး ရဲဘော်။
အပိုင်း(၂)ကို မနက်ဖန် ဆက်လက်တင်ပြသွားပါမည်။
ဖိုးတရုတ်ဘလော့မှာကူးယူဖေါ်ပြသည်။

1 comment:

Anonymous said...

Please KNU take advantage of this situation. Tell this unforunate soldiers to join you instead of against you. How you will do that, it is up to you.And don't forget to promote KNULA Buddhist soldier who have ability.

Post a Comment