ondragstart="return false" onselectstart="return false"

Saturday, October 24, 2009

ဘုရားသုံးဆူမြို့ပေါ်ဗုံးပေါက်ကွဲ ထရန်စဖေါ်မာပျက်စီး

ကောင်းဝါ(အောက်တိုဘာ-၂၄)။ ။ လက်နက်ကိုင်တပ်ဖွဲ့ အုပ်စုအများအပြားရှိနေသော ဘုရားသုံးဆူနယ်စပ်မြို၌ ယနေ့ညဥ့်သန်းခေါင်ယံအကူး မိနစ်ပိုင်းအလိုတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လျှပ်စစ်ဓါတ်အားပေး ထရန်စဖေါ်မာ တစ်လုံး ပျက်စီးခဲ့သည်ဟု မြို့ခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“အသံအကျယ်ကြီးကြားရတယ်၊ ထရန်စဖေါ်မာအလိုလိုပေါက်တာမဟုတ်ဘူး၊ ထရန်စဖေါ်မာကို ဗုံးနဲ့ ပစ်တယ်လို့ စရဖကိုခင်ဝင်းက ကျနော့်ကို ဒီမနက်မှာပြောတယ်၊ ဖြစ်ဖြစ်ချင်းပဲ ကျနော်တို့ရပ်ကွက်(၃) မှာ လျှပ်စစ်မီးချက်ချင်းပြတ်သွားတယ်” ဟု ရပ်ကွက်သားတစ်ဦးက ဖုန်းဆက်ပြောကြားလာခဲ့သည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာသေကြေမှုများ မကြားမိကြောင်း မြို့ခံများကပြောကြသည်။
ပေါက်ကွဲမှုကြောင့် ရပ်ကွက်(၃)ထရန်စဖေါ်မှာ လုံးဝပျက်စီးခဲ့ပြီး ယနေ့နံနက်ပိုင်း၌ အစားထိုး၍ အသစ်တပ်ဆင်ပြီး သွားကာ မီးများပုံမှန်လာနေပြီဟု ဆိုပါသည်။ ဘုရားသုံးဆူနယ်စပ်မြိုအတွက် အသုံးပြုနေသောလျှပ်စစ်မီးများမှာ တစ်ဖက်ထိုင်းနိုင်ငံမှ တရားဝင်ဝယ်ယူ သွယ်တန်းထားကြသည်ဟု သိရသည်။

အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံမြို့ကြီးများတွင် လျှပ်စစ်မီးမလုံလောက်မှုဖြစ်ပေါ်နေသော်လည်း ဘုရားသုံး ဆူမြို့သည် ၂၄ နာရီမီးမပြတ်မလပ် ဗို့အားအပြည့်အဝ အသုံးပြုခွင့်ရှိကြသည်။ တောတောင်များဝိုင်ရံထားပြီး ဝေးလံခေါင်ဖျားသောနယ်စပ်မြို့ဖြစ်သော်ငြားလည်း အချို့အစိတ်အပိုင်း၌ မြန်မာပြည်တွင်းရှိလူနေမှုအဆင့် အတန်းများထက်သာလွန်နေကြသည်ကို တွေ့ရှိနေရသည်။

သို့ရာတွင် ဘုရားသုံးဆူမြို့ပေါ်နှင့် အနီးဒေတဝိုက်တို့၌ လက်နက်ကိုင်တပ်ဖွဲ့ အမျိုးမျိုး ဂိတ်စခန်းများ ဖွင့်လှစ်ထား ကြကာ ဖြတ်သန်းသွားလာသူ ကုန်သည်၊ ခရီးသွားများထံမှ အခွန်ငွေများကောက်ခံနေကြသည်ကိုတွေ့ရှိနေရသည်။

လက်တလော၌ စစ်အစိုးရ၏ ခမရ ၂၈၃ တပ်ရင်း၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ဒီကေဘီအေစစ်ကြောင်း၊ ကရင်ငြိမ်းချမ်း ရေး(ဟောင်သရောဒေသ)KPF, KNU/KNLA-PC ဗိုလ်ထိန်မောင်အဖွဲ့၊ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရကို တိုက်ခိုက် နေဆဲဖြစ်သည့် KNU တပ်မဟာ ၆ လှုပ်ရှားရာဒေသလည်း ဖြစ်သည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ဂိတ်နှင့်နယ်မြေဧရိ ယာပိုင်းခြားထားပြီး ပြဿနာမပေါ်ပေါ်စေရန် အထူးသတိထား နေကြရသည်။

“ကျနော်တို့ ဘုရားသုံးဆူမှာခဏခဏဗုံးပေါက်နေတော့ လူတွေအဖို့သိပ်မဆန်းသလို ဖြစ်နေတယ်၊ အခု ဆိုရင်လည်း လူတွေအသွားအလာမပျက်ကြပါဘူး၊ ဗုံးပေါက်တိုင်းလည်းလက်သယ်မပေါ်၊ အာဏာပိုင် တွေကတော့ KNU ကိုပဲစွပ်စွဲပြောဆိုလိုက်တာနဲ့ ပြီးသွားတာပါပဲ”ဟု မြို့ခံကုန်သည်တစ်ဦးကသုံးသပ်သည်။

အလားတဖြစ်ရပ်များမှာ လွန်ခဲ့သည့်စက်တင်ဘာ ၁၄ ရက်နေ့ ညပိုင်း၌ ဘုရားသုံးဆူမြို့လယ်ရှိ မြေစာရင်းရုံးအနီး တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူတစ်ဦးဒဏ်ရာရရှိခဲ့သည်ကို သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည် ထို့အပြင် စက် တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဘုရားသုံးဆူမြို့ဝင်ထွက် DKBA စခန်းတစ်ခုအနီး ပေါက်ကွဲမှုနှစ်ကြိမ်၊ ဇွန်လ ၂၈ ရက် ညပိုင်းတွင်လည်း ဘုရားသုံးဆူမြို့ရှိ နအဖတပ်ရင်း ဧည့်ရိပ်သာအနီးနှင့် SB ၊စရဖရုံးအနီးတို့၌ မိနစ်ပိုင်းခြား၍ ဗုံး ၂ လုံးပေါက်ကွဲခဲ့ရာ ယခုအချိန်အထိ လက်သည်များ မဖေါ်နိုင်ခဲ့ကြသေးပေ။
ကောင်းဝါ သတင်းစာမျက်နှာမှ

No comments:

Post a Comment