ondragstart="return false" onselectstart="return false"

Friday, October 16, 2009

စင်းခံမလား တွန်းလှန်မလား

ဦးနှောက်မရှိတဲ့လူတွေ လည်စင်းခံ ပြီးတော့ ကိုယ့်လူမျိုးတွေရဲ့သမိုင်းစာမျက်နှာမှာ အမျိုးသားသစ္စာဖေါက် သမိုင်းတရားခံဘွဲ့ ကို ခံယူကြ။

မျိုးဇာနည် (သတင်းသုံးသပ်ချက်) ၁၆ အောက်တိုဘာ ၂၀၀၉

နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်ခံသဘောတူထားသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အနေဖြင့် တပ်ရင်းနှင့် တပ်သားဦးရေစာရင်းကို နအဖ စစ်ဘက်လုံခြုံရေးရာ အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ အောက်တိုဘာလ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး တင်ရမည်ဟု ဒီမိုကရက်တစ်မြန်မာ့အသံ၏ သတင်းတပုဒ်တွင် ဖော်ပြသည်။

တပ်ရင်းတရင်းစီကို တပ်သားဦးရေ (၃၆၀) ဖြင့် ဖွဲ့စည်းပြီး နအဖစစ်တပ်မှ ဦးရေ (၃၀) ပါဝင်မည်ဟု သိရသည်။ နအဖစစ်တပ်မှ ပေးပို့မည့် (၃၀) ထဲတွင် တပ်ရင်းမှူးမှ တပွင့်အထိ (၁၅) ဦးနှင့် တပွင့်မှ တပ်သားအထိ (၁၅) ဦး တာဝန်ယူမည်ဖြစ်ပြီး ဒု-ဗိုလ်မှူးကြီးအဆင့်ကို အကြီးဆုံး တပ်ရင်းမှူးရာထူး၌ ခန့်ထားမည်ဟုဆိုသည်။

ဒီကေဘီအေဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများကို အသက် (၁၈) နှစ်နှင့် (၅၀) ကြား အရွယ်ရှိသူများကိုသာ ခွင့်ပြုမည်ဖြစ်ပြီး (၅၀) ကျော်များကို ပင်စင်ပေးမည်ဟုဆိုသည်။ အမြင့်ဆုံး ရာထူးအနေဖြင့်လည်း ဗိုလ်မှူးအဆင့်၌သာ တာဝန်ထမ်းဆောင်ရမည်ဟု သိရသည်။

ဒီကေဘီအေနည်းတူ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် သဘောတူလက်ခံထားသည့် ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေကေ) မှ အသက် (၅၀) ကျော် ပင်စင်အပေးခံရမည့် တပ်ဖွဲ့ဝင်များ နေထိုင်ရန်အတွက် ဒေသခံ စီးပွားရေးလုပ်ငန်ရှင်များထံ အလှူငွေကောက်ခံပြီး နေအိမ်များ ဆောက်လုပ်ပေးရန် နအဖက စီစဉ်နေကြောင်းလည်း ခေတ်ပြိုင်သတင်းတပုဒ်တွင် ဖော်ပြသည်။

ထိုသတင်းအချက်အလက်များအရဆိုလျှင် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်ခံသဘောတူခဲ့သည့် အန်ဒီအေကေနှင့် ဒီကေဘီအေအဖွဲ့တို့သည် နအဖ ခြယ်လှယ်သမျှကို လည်စင်းခံကြရတော့မည်ဖြစ်ပြီး ပင်စင်အပေးခံကြရမည့် တပ်ဖွဲ့ဝင်များ၏ အနာဂတ်အရေးမှာလည်း အာမခံချက် ရေရေရာရာမရှိဘဲ နအဖစစ်အုပ်စု၏ ပစ်စလက်ခတ် စီစဉ်နေရာချထားပေးမှုကြောင့် ရင်လေးဖွယ်အနေအထားနှင့် ကြုံတွေ့ကြရမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။

နအဖစစ်ဗိုလ်ချုပ်များ၏ တဖက်သတ် စည်းမျဉ်းစည်းကမ်းများနှင့် စိတ်ကြိုက်ရွေးချယ်ခန့်အပ်မည့် အစီအစဉ်အပေါ်တွင် အပစ်ရပ်တို့၏ မူလတပ်ဖွဲ့ဝင်အင်အား များစွာလျော့ပါသွားမည်ဖြစ်သလို ကြာလေလေ လုံးပါးပါးလေလေဖြစ်ပြီး နအဖစစ်တပ်မှသာ လုံးဝဥဿုံ စစ်ကျွန်ပြုသွားမည့် အနေအထားကို အထင်အရှား တွေ့မြင်နေရပေသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလကုန်တွင် အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏ သတ်မှတ်ချိန် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်မခံသေးသည့် အပစ်ရပ်အဖွဲ့များအနေဖြင့် ဒီကေဘီအေနှင့် အန်ဒီအေကေတို့ကဲ့သို့ လည်စင်းခံကြမည်လား၊ မိမိတို့တွင်ရှိသည့် တပ်ဖွဲ့အင်အား၊ လက်နက်အင်အားနှင့် နအဖစစ်တပ်ကို တွန်းလှန်တိုက်ခိုက်မည်လား၊ တွန်းလှန်တိုက်ခိုက်မည်ဆိုလျှင်လည်း မည်သို့မည်ပုံ ခုခံတွန်းလှန်ကြမည်ဆိုသည်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြင်ဆင်ထားရတော့မည့်အချိန် ရောက်ရှိနေပြီဖြစ်ပေသည်။

ထိုသို့ဆုံးဖြတ်ပြင်ဆင်ရာတွင် နအဖစစ်တပ်၏ လက်ရှိအနေအထားကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုလာသည်။ နအဖစစ်အုပ်စုက စစ်သည်အင်အား (၅) သိန်နီးပါးရှိသည်ဟု ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်၏ ရေးသားချက်အရ ၂၀၀၅ ခုနှစ် တတိယ- လေးလပတ်အစည်းအဝေးတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးသိန်းစိန် (ယခုနအဖ၀န်ကြီးချုပ်) က မြန်မာ့တပ်မတော်တွင် တပ်ရင်းပေါင်း (၅၅၀) ရှိသည့် အနက် (၂၈၄) ရင်းမှာ တရင်းလျှင် လူအင်အား (၂၀၀) ပင်မပြည့်ကြောင်း၊ ကျန်သည့် တပ်ရင်း (၂၂၀) တွင်လည်း (၂၀၀) နှင့် (၃၀၀) ကြားသာရှိကြောင်း တင်ပြခဲ့ဖူးသည်ဟု သိရ၏။ သို့သော် တပ်ရင်းတိုင်း၌ အမှန်တကယ် အင်အား (၁၅၆) ယောက် ထက်မပိုကြောင်း၊ ထိုအထဲမှ တပ်ရင်းတရင်း၏ တိုက်ခိုက်ရေးအင်အားမှာ (၁၂၀ - ၁၅၀) ခန့်ရှိပြီး ရှေ့တန်းသွားနိုင်သည့် အင်အားမှာ (၆၀-၈၀) ခန့်သာရှိကြောင်း အခြေအနေမှန်အတိုင်း တင်ပြခဲ့ဖူးသည်ဆို၏။

ထိုတင်ပြချက်အရဆိုလျှင် စစ်သည်အင်အား (၅) သိန်းနီးပါးရှိသည်ဆိုသည့် နအဖတပ်ရင်းများမှ စုစုပေါင်း ရှေ့တန်းထွက်နိုင်သည့် အင်အားမှာ (၅) သောင်းဝန်းကျင်ခန့်သာ ရှိသည်ကို တွေ့ရပေသည်။ ထို့အပြင် နအဖစစ်တပ်ထဲသို့ ၀င်ရောက်သည့် တပ်သားအများစုမှာလည်း ယုံကြည်ချက်စိတ်ဓာတ်အရင်းခံနှင့် ၀င်ရောက်ကြခြင်းမဟုတ်ဘဲ အတင်းအကျပ် တပ်သားစုဆောင်းခံရမှုနှင့် ၀မ်းရေးအဆင်မပြေဖြစ်၍ ၀င်ကြရသော တပ်သားများနှင့် ကလေးစစ်သားများက အများစုဖြစ်နေသည့်အတွက် စိတ်ဓာတ်ရေးရာ ပျက်ပြားနေသည့် စစ်တပ်အနေအထား ဖြစ်နေသည်ကို တွေ့ရပေသည်။ သို့သော် လက်နက်အင်အားတွင်မူ နအဖစစ်တပ်က တိုင်းရင်းသားအပစ်ရပ်တပ်ဖွဲ့များ အားလုံးထက် သာလွန်သည့်အတွက် လက်နက်အင်အားကို အသုံးပြု၍ တိုက်ခိုက်မည်ကိုတော့ သံသယရှိစရာလိုမည်မဟုတ်ပေ။

အပစ်ရပ်တပ်ဖွဲ့ တဖွဲ့ချင်းအနေဖြင့် အမှန်တကယ် ရှေ့တန်းထွက်နိုင်သည့် စစ်သည်အင်အားတွင် နအဖစစ်တပ်မှ ရှေ့တန်းထွက်နိုင်သည့် စုစုပေါင်းအင်အား (၅) သောင်းဝန်းကျင်ထက် မပိုနိုင်သော်လည်း နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန် လက်မခံသေးသည့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA – ESS) မိုင်းလားအဖွဲ့၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များအားလုံးစုပေါင်းလျှင်မူ တိုက်ခိုက်ရေးအင်အားမှာ နအဖနှင့် သူမသာကိုယ်မသာ အနေအထားတွင် ရှိနိုင်သည်ကို ကိန်းဂဏန်းများအရ သိရပေသည်။ ထိုအခြေအနေတွင် အပစ်ရပ်တပ်ဖွဲ့များ၏ စိတ်ဓာတ်ရေးရာ ခိုင်ကြည်မှုအနေအထားက နအဖတပ်သားများထက် များစွာသာလွန်လိမ့်မည်ဟု ယူဆရပေသည်။

ထို့ကြောင့် စိတ်ဓာတ်ရေးရာ ပျက်ပြားပြီး လက်နက်အင်အား သာလွန်သည့် နအဖစစ်တပ်၏ ဗိုလ်ကျတိုက်ခိုက်မှုကို စိတ်ဓာတ်ရေးရာ သာလွန်သည့် အပစ်ရပ်တပ်ဖွဲ့များက အစွမ်းကုန် စုပေါင်းတွန်းလှန်ခြင်းဖြင့် အောင်ပွဲရယူနိုင်သည့် အနေအထားရှိသည်ကို တွေ့ရပေသည်။ ခုခံတွန်းလှန်မည့် နည်းဗျူဟာ ကောင်းမွန်ရန်နှင့် ညီညွတ်မှုအင်အားက များစွာအရေးပါနေပေသည်။ ထို့အပြင် အပစ်မရပ်သေးသည့် ကေအန်ယူနှင့် SSA-S ကဲ့သို့သော တပ်ဖွဲ့များနှင့်လည်း မဟာမိတ်ဖွဲ့ ချိတ်ဆက်တိုက်ပွဲဝင်ရန် လိုအပ်မည်ဖြစ်ပေသည်။

ထိုသို့မဟုတ်ဘဲ အန်ဒီအေကေ၊ ဒီကေဘီအေတို့ကဲ့သို့ လည်စင်းခံလျှင် ရာသက်ပန် နအဖစစ်ကျွန်အဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သလို စုပေါင်းတွန်းလှန်ခြင်းမရှိဘဲ တဖွဲ့ချင်းခုခံတိုက်ခိုက်နေပါက ကိုးကန့်တပ်ဖွဲ့ကဲ့သို့ နအဖစစ်တပ်၏ အလွယ်တကူ ၀ါမျိုးခြင်းကို ခံရပြီး တဖွဲ့ပြီးတဖွဲ့ အလွယ်တကူ ခြေမှုန်းခံသွားရနိုင်သည်ကို သတိချပ်ရမည်ဖြစ်ပေသည်။ ထိုသို့ ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းတုတ် ဖြစ်နေသည့်အနေအထားတွင် လည်စင်းခံခြင်းထက် စုပေါင်းတွန်းလှန်ခြင်းကသာ ရာသက်ပန်စစ်ကျွန်အပြုခံရမည့် အန္တရာယ်မှ လွတ်မြောက်နိုင်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။
ခေတ်ပြိုင်သတင်းမှ

No comments:

Post a Comment