ondragstart="return false" onselectstart="return false"

Wednesday, October 7, 2009

တေလေညရဲ့ မီးလျှံများ

ဒီသတင်းလေးကို ဖတ်ရင်း ခံနေရသူတွေ အတွက် စိတ်မကောင်းမိဖြစ်သလို တိုင်းပြည်ကို မင်းလုပ်အုပ်ချူပ်နေတဲ့လူတွေကို ဒေါသထွက် မိပါတယ်။ တိုင်းပြည်အာဏာကို နအဖ ဗမာစစ်တပ်က ဓါးပြတိုက် ချယ်လှယ်ထားပြီး အမျိုးသမီးငယ်များပြည့်တန်ဆာ ဘ၀သို့ ရောက်အောင် တွန်းပို့  ဖန်တီးနေမှုများရဲ့နောက်ကွယ်မှာ စစ်မိစ္ဆာကောင်တွေရဲ့ သားသမီးများပါဝင်ပါတ်သက်နေဒါတွေကို တွေ့  ရပါတယ်။

October 07, 2009

ကျမတို့ တိုင်းပြည်ဟာ သယံဇာတပေါကြွယ်ဝပါတယ်။ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ကျောက်မျက် ရတနာ၊ ကျွန်းသစ်၊ ရွှေ စသည်တို့က နိုင်ငံခြားငွေ အမြောက်အများရရှိစေသည့် သယံဇာတများ၊ ရေပိုင်နက်၊ မြေလွတ်မြေရိုင်းများကြောင့် တကယ်ဆိုရင် မြန်မာပြည်ဟာ ဆင်းရဲစရာ အကြောင်းကိုမရှိပါဘူး။ လက်တွေ့မှာ မြန်မာပြည်ဟာ အမှန်တကယ်ကို ဆင်းရဲမွဲတေနေပါတယ်။ ဘာကြောင့်လို့ ထင်ပါ သလဲ။ အလုပ်လက်မဲ့တွေ များပြားနေခြင်းဟာလည်း တိုင်းသူပြည်သားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို အမှန်တကယ် ထိခိုက်စေတယ်ဆိုရင် လက်ခံနိုင်ပါသလား။

ပြည်သူတွေဟာ လုပ်စရာ လုပ်ငန်းကိုင်ငန်းမရှိဘူး၊ ဒီတော့ငွေရဖို့ အတွက် ငွေရှာကြတယ်၊ ဘယ်လောက်ပဲ ခွန်အားစိုက်ထုတ်ပါစေ လိုအပ်တဲ့ငွေကြေးပမာဏ ရဖို့ခက်ခဲတယ်၊ ဒီတော့ ငွေရလွယ်တဲ့ အလုပ်တွေကို လုပ်လာကြတယ်။ နှစ်လုံးထီထိုးတယ်၊ ဘောလုံး လောင်းတယ်၊ နှစ်လုံးထီရောင်းတယ်၊ မူးယစ်ဆေးဝါးရောင်းတယ်၊ အရက်ရောင်းတယ်။ ဒီလိုသမာအာဇီဝမကျတဲ့ လုပ်ငန်းတွေ လုပ် ကိုင်လာတယ်။ အမျိုးသမီးငယ်လေးတွေဆိုရင်လဲ ငွေရလွယ်တဲ့ ပြည်တန်ဆာလုပ်ငန်းတွေထဲမှာ ၀င်ရောက်လုပ်ကိုင်လာကြရတယ်။ ကျမ ထောင်ထဲမှာ နေရစဉ်က တွေ့ခဲ့ရတဲ့ ပြည်တန်ဆာမလေးတွေ ထဲမှာ အတော်များများဟာ ပြည်တန်ဆာဖြစ်ချင်လို့ဖြစ်ခဲ့တာ မဟုတ် ဘဲနဲ့ အကြောင်းအမျိုးမျိုးရဲ့ တွန်းပို့ခြင်းကို ခံခဲ့ရတာပါ။

ဒီလိုမျိုး မိန်းခလေးတွေမှာ အားနည်းချက်တွေရှိနေပါတယ်။ နံပါတ်တစ်က ပညာအရည်အချင်း နိမ့်ကျနေကြပါတယ်၊ အခြေခံပညာ တောင် ကောင်းစွာသင်ကြားခွင့်မရတဲ့ မိန်းခလေးတွေ ဖြစ်နေတတ်ပါတယ်။ နံပါတ်နှစ်က အသိအမြင်နည်းပါးကြပါတယ်၊ AIDS က စပြီး B ပိုး၊ C ပိုး၊ ကာလသားရောဂါတွေရဲ့ အကြောင်းကို သေချာ မသိကြပါဘူး။ ဘယ်လောက်ထိတောင် ကျန်းမာရေးအသိနည်းလဲ ဆိုရင် ကာလသားရောဂါကြောင့်ရတဲ့ အနာကိုဆေးကုရမယ်မှန်း မသိကြဘဲ ပရုတ်လုံးကို အမှုန့်ကြိတ်ပြီး အနာကိုသိပ်ကြပါတယ်၊ ဘယ်လောက်တောင် အန္တရာယ်ကြီးလဲဆိုတာ သူတို့တကယ့်ကို နားမလည်ကြပါဘူး။ အဲဒီဘ၀ကနေ လွတ်မြောက်ဖို့ဆိုတာကလဲ သူ တို့အတွက် အခက်ခဲဆုံးက နေ့စဉ်ဝင်ငွေပါ။ နောက်ပြီး သူတို့ကိုလုံခြုံအောင် အကာအကွယ်ပေးနိုင်မယ့်၊ သူတို့ကို နားလည်စာနာ စောင့်ရှောက်နိုင်တဲ့ လူမှုအဖွဲ့အစည်းတွေ မရှိပါဘူး။

ဘွဲ့ရပညာတတ်တွေတောင် အလုပ်မရှိတဲ့တိုင်းပြည်မှာ အခြေခံပညာတောင် ကောင်းစွာမတတ်တဲ့ မိန်းခလေးတွေ ဘာလုပ်စားရမှာလဲ၊ အဲဒီပြဿနာဟာ တကယ့်ကိုဖြေရှင်းရခက်ခဲတဲ့ ပြဿနာပါ၊ အထည်ချုပ် စက်ရုံတွေရဲ့ တလ ၀င်ငွေဟာလဲ အလွန်တရာမှ နည်းလွန်း ပါတယ်။ တလလုံး အညောင်းထိုင်ထိုင်ပြီး အသေအလဲချုပ်တာတောင် အချိန်ပိုကြေးပါပေါင်းမှ ကျပ်ငွေ ၄၅၀၀၀၀ ဟာ အမြင့်ဆုံး လစာပါ။ အဲဒီ ၀င်ငွေဟာ တမိသားစုမပြောနဲ့ လူတဦးထဲအတွက် လောက်ဖို့တောင်မှ မနည်းချွေတာသုံးရတဲ့ ငွေပမာဏပါ။ ဒါတောင် အလုပ်မြဲဖို့အတွက် အမြဲကြိုးစားအောက်ကျို့နေရတဲ့ ဘ၀တွေပါ။ မိန်ခလေးငယ်တွေ ပြည့်တန်ဆာဘ၀ရောက်အောင် ဘာတွေက တွန်းပို့ခဲ့သလဲဆိုတာကို စာဖတ်သူတို့ သိဖို့အတွက် ကျမကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသမီးလေးအကြောင်း မျှဝေချင်ပါတယ်။

သူမကို ကျမစပြီးသိတဲ့အချိန်မှာ သူမဟာ သင်္ဃန်းကျွန်းမြို့နယ် အဘူဘေကာလမ်းက လင်းထက် အထည်ချုပ်စက်ရုံမှာ လုပ်နေတာ ပါ။ ကျမအမေရဲ့ စာအုပ်ဆိုင်မှာ ကာတွန်း လာလာငှားနေတတ်လို့ ကျမသူ့ကို မြင်ဘူးနေပါတယ်။ သူ့ကို ကျမစိတ်ဝင်စား နေပါတယ်။ ဘာလို့လဲဆိုတော့ သူမဟာ ညိုညိုညက်ညက်လေးနဲ့ အကြည့်ခံသူလေးမို့ပါ။ သူမဟာရိုးသားပါတယ်။ ပြီးတော့အရှက်အကြောက်လဲ ကြီးပုံရပါတယ်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်စားတတ်ပြီး နွမ်းပါးပေမယ့် သန့်ရှင်းတဲ့အ၀တ်အစားကို ၀တ်လေ့ရှိပါတယ်။ သူမဟာ မနက် ၆ နာရီဆိုရင် ဆွဲခြင်းလေးဆွဲပြီး စက်ရုံကိုလာလေ့ရှိပါတယ်။ ညဘက် ၈နာရီလောက် အပြန်မှာ စာအုပ်ငှားလေ့ ရှိပါ တယ်။

တရက် သူတို့စက်ရုံက လခထုတ်ရက်မို့ စောစောဆင်းပေးလိုက်တော့ သူမအချိန်ရတဲ့အတွက် ကျမနဲ့သူမ စကားပြောဖြစ်ပါတယ်။ သူမရဲ့ဖခင်က သူမလေးတန်း ကျောင်းသူဘ၀မှာ ဆုံးသွားခဲ့ပါတယ်၊ ဒါ့ကြောင့် သူမကျောင်းဆက်မတက် ဖြစ်တော့ပါဘူး။ သူမအမေ ကတော့ ကျပန်းဈေး ရောင်းပါတယ်။ တနေ့ကို ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် အတွင်း အမြတ်ရတတ်ပါတယ်။ သူမရဲ့မောင်လေးနဲ့ ညီမလေးကတော့ ကျောင်းဆက်တက်နေတုန်းပါပဲ။ သူမရဲ့လုပ်ခဟာ အိမ်ငှားခနဲ့ မောင်လေး၊ ညီမလေးတို့ရဲ့ ကျောင်းစရိတ်ပါ။ သူ့ အမေရဲ့ ၀င်ငွေက သူမတို့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေပါတယ်။ သူတို့ရဲ့ အိမ်ငှားခက တလကို ၁၅၀၀၀ ပါ။ မိသားစု ချွေချွေတာတာနေရင် အကြွေးမတင်ပါဘူးတဲ့။ သူမဟာ မိသားစုဝန်ကို တဖက်တမ်းက ထမ်းရတဲ့သူဖြစ်လို့ ချစ်သူတောင် မထားဘူး တဲ့။ ကျမ ခဏတာလေးအတွင်းမှာ သူ့ကို ခင်မင်သွားခဲ့ပါတယ်။

သူနဲ့ကျမဟာ မကြာခဏစကားပြောဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကျမကိုယ်တိုင်က Beauty မဂ္ဂဇင်းမှာလုပ်နေချိန်မို့ သူမရဲ့ အားမာန်အ ကြောင်းကို လူငယ်အင်တာဗျူးအခန်းမှာ ထည့်ပေးလိုက်ပါသေးတယ်။

ဒီလိုနဲ့ဆောင်းရက်တွေကို ကျော်ပြီး နွေရက်တွေကို ရောက်လာပါတယ်။ နွေရာသီဟာ ပွင့်လင်းရာသီဖြစ်လို့ အထည်ချုပ်တွေဟာ အလုပ်များတပ်ပါတယ်။ လင်းထက်စက်ရုံရဲ့ ပိုင်ရှင်ဟာ ယူနန်တရုတ်မတွေဖြစ်ပြီး၊ ကျမသိထားရသလောက်တော့ ကိုယ်ချင်းစာတ ရား ခေါင်းပါးပါတယ်။ အဲဒီ လင်းထက်စက်ရုံရဲ့ ရှယ်ယာဝင်တွေဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေလို့သိရပါတယ်။ ဒီလင်းထက် စက်ရုံက ပတ်ပတ်လည်ကို သွပ်ပြားတွေနဲ့ ကာရံထားပါတယ်။ အလုပ်သမလေးတွေရဲ့ ပြောပြချက်အရ စက်ရုံထဲမှာ အရမ်းပူပါတယ်။ နွေရာသီမှာ မီးကလဲမလာတော့ မီးစက်လည်ရတဲ့အတွက် ပိုင်ရှင်က ပန်ကာတွေကို ပိတ်ထားလေ့ရှိပါတယ်။

သူတို့ အထဲမှာ နဂိုအခံကျန်းမာရေးမကောင်းတဲ့ ကောင်မလေးတယောက်ရှိပါတယ်။ သိပ်ပူတဲ့ဒဏ်ကိုမခံနိုင်လို့ ကောင်မလေး မူးမေ့ လဲသွားပါတယ်၊ ပိုင်ရှင်တရုတ်မက ဆေးခန်းခေါ်သွားပြီး သတိရရခြင်း ပြန်ခေါ်လာပြီး တခဏအတွင်းမှာ စက်ပြန်ချုပ်ခိုင်းပါတယ်။ ဒါ ကို ဘ၀တူ အလုပ်သမားတွေက မကျေနပ်ကြပါဘူး၊ ဒီတော့ တရုတ်မကို ၀ိုင်းပြောပါတယ်၊ နေမကောင်းတဲ့ သူ့ကိုအနားပေးဖို့၊ သူ့ရဲ့ အထည်တွေကို ကျန်လူတွေက ၀ိုင်းပြီးချုပ်ပေးမယ်လို့ ပြောကြပါတယ်။ ဒါကို တရုတ်မကလက်မခံပါဘူး အော်ဒါထည်တွေပြီးဖို့က တရုတ်မအတွက် လူ့အသက်ထက် ပိုပြီးအရေးကြီးနေပါတယ်။ နောက်ဆုံးမခံနိုင်တဲ့ အလုပ်သမား ၈၀ ဟာ ဆန္ဒပြကြပါတယ်။ သူတို့ လည်း အလုပ်မဆင်းတော့ဘူး၊ ပြန်ကြမယ်ပေါ့။ တရုတ်မကလဲ အလာကြီးပါ၊ ရှယ်ယာဝင်လူကြီး သားသမီးတွေဆီ ဖုန်းဆက်လိုက်ပါ တယ်။ လူကြီးသားသမီးတွေကလည်း သူတို့အဖေ အပိုင်းစားရထားတဲ့ တပ်ကို စက်ရုံဆီကို လွှတ်လိုက်ပါတယ်။

ဗိုလ်မှူးအဆင့် ဦးစီးလာတဲ့တပ်က ဘီလူးဆိုင်းတီးပြီးတော့ ၀င်လာပါတယ်၊ အင်မတန်ချီးကျူးဖို့ကောင်းတဲ့ ပုံစံနဲ့ ပြဿနာကို ဖြေရှင်းခဲ့ ပါတယ်။ အဲဒါကတော့ ဆန္ဒပြ အလုပ်သမ ၈၀ ဟာတရုတ်မကို တောင်းပန်ရမယ်တဲ့၊ ဒီတော့အလုပ်သမားတွေက မတောင်းပန်နိုင်ဘူး ဆိုတော့ အားလုံးကိုတန်းစီ ထိုင်ခိုင်းပြီး အယုတ်တ အနတ္တတွေဆဲဆို ကြိမ်းမောင်းပါတယ်၊ ပြီးတော့ … “နင်တို့ကို ဆန္ဒပြမှုနဲ့ ထောင် ချပစ်လို့ ရတယ်နားလည်လား၊ ဗမာပြည်မှာ အလုပ်လုပ်ချင်တဲ့ လူတွေပေါလွန်းလို့၊ နင်တို့ကို အလုပ် ထုတ်ပစ်လို့ ဘာမှမဖြစ်ဘူး။ ကျန်တဲ့ လူတွေလည်းကြည့်ထား ဒီကောင်မတွေကို သင်ခန်းစာယူဘို့” ဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။

အဆုံးသတ်တော့ နေမကောင်းတဲ့ မိန်ခလေးအပါအ၀င်၊ သူမတို့ အယောက် ၈၀ အလုပ်ပြုတ်သွားပါတယ်။ နဲနဲ ကောက်ကျစ်တဲ့ တ ရုတ်မကလဲ အခြားစက်ရုံတွေဆီကို အကြောင်းကြားပြီး အဲဒီအုပ်စုကို အလုပ်မခန့်ဖို့ စာရင်းပေးထားလိုက်ပါတယ်။ သူမတို့အုပ်စု အ လုပ်သွားလျောက်တိုင်း လင်းထက်စက်ရုံမှာ လုပ်ဖူးပါတယ်ဆိုရင် စာရင်းထုတ်ကြည့်ပြီး သူမတို့ကို လက်မခံတော့ပါဘူး။ ဒီလိုနဲ့သူမရဲ့ အလုပ်လက်မဲ့ ဘ၀ဟာလနဲ့ချီ ကြာလာပါတယ်။

သူမ မိခင်တဦးတည်းလုပ်စာနဲ့ သူမတို့မိသားစု ရပ်တည်လို့မရပါဘူး။ အိမ်လခ၊ ကျူရှင်ဘိုး၊ ဆန်၊ ဆီ၊ ငရုပ်၊ ဟင်းအမယ် အတွက်ကုန် ကျစရိတ်။ ဒီစရိတ်တွေအတွက် လိုငွေပြလာတော့ သူမတို့မိသားစုဟာ အတိုးနဲ့ငွေချေးရတဲ့ ဘ၀ကို ရောက်လာပါတယ်။ အရင်းမဆပ် နိုင်တော့ အတိုးကတက်ပြီးရင်းတက်ရင်းနဲ့ ဒီဘက်ကချေး ဟိုဘက်ကိုဆပ်။ ဟိုဘက်ကချေး၊ ဒီဘက်ကို ဆပ်နဲ့ အကြွေးသံသရာလည် လာပါတယ်။

သူမ ယူဇနပလာဇာမှာ အရောင်းစာရေး ၀င်လုပ်ပါသေးတယ်။ တလကိုလခ ၁၂၀၀၀၀ ကျပ်ပဲရတာမို့ အဆင်မပြေပါဘူး။ ဒီကြားထဲ ခရီးစရိတ်ကလဲပါတော့ ရတဲ့လခက သူ့စရိတ်တောင် အနိုင်နိုင်ဖြစ်နေပါတယ်။ ဒီကြားထဲမှာ သူမနဲ့ကျမတွေ့တော့ သူက ကျမကို ရင် ဖွင့်ပါတယ်။ ဒီတော့ကျမက နောင်တရလားလို့မေးတော့၊ နောင်တတော့မရပါဘူးတဲ့ စိတ်တော့ညစ်မိပါတယ်တဲ့။ ပြီးတော့ သူကပြော ပါသေးတယ်၊ တရုတ်ဆို ညီမ အရမ်းမုန်းတာဘဲတဲ့။ ကျမကတော့နှစ်သိမ့်လိုက်ပါတယ်။ တရုတ်တိုင်း မကောင်းသလို၊ တရုတ်တိုင်း လည်း မဆိုးပါဘူးဆိုတော့ သူက ခပ်သဲသဲရယ်နေပါတယ်။

သူမနဲ့ ကျမ မတွေ့ဖြစ်တာ နဲနဲကြာသွားပါတယ်။ တရက်ကျမှ မြို့ထဲသွားရင်း သူမနဲ့ လမ်းမှာဆုံပါတယ်။ ဒီတခါ တွေ့တော့သူမကို ကြည့်ရတာ ပြောင်ပြောင်ရောင်ရောင် ဖြစ်နေပါတယ်၊ အ၀တ်အစားတွေရဲ့ ဒီဇိုင်းက ဆန်းလာပြီး၊ အ၀တ်အစားတွေက သစ်လွင်လာပါ တယ်။ အင်္ကျီရဲ့ပုံစံက နဲနဲဟိုက်နေပြီး ရင်ညွန့်လေး ပေါ်နေပါတယ်။ အရင်တုန်းကလို ရိုးရိုးယဉ်ယဉ်လေး မဟုတ်တော့ဘဲ မိတ်ကပ် တွေ၊ နှုတ်ခမ်းနီတွေနဲ့ပါ။ ကျမကမေးလိုက်ပါတယ်။ အခုဘာလုပ်နေလဲဆိုတော့ သူမက ကာရာအိုကေဆိုင်မှာ လုပ်နေတာတဲ့။ ဒါနဲ့ ကျမက ညီမသီချင်းဆိုတတ်လို့လားမေးတော့ သူမက ကျမကို နားမလည်းဘူးလားဆိုတဲ့ အကြည့်နဲ့ တချက်ကြည့်ပြီး။ ဒီလိုပါဘဲ ရ အောင်ဆိုရတာပေါ့တဲ့။ ပိုင်ရှင်က တည ဘယ်လောက်ပေးလဲဆိုတော့ သူက တချက်ဟက်ခနဲ ရယ်လိုက်ပြီး ရာခိုင်နှုန်းနဲ့ ပေးတာတဲ့၊ ကျမရဲ့ နှုတ်ခမ်းက အော်...တလုံးတည်းကိုဘဲ အချိန်ဆွဲပြီး ရေရွတ်မိပါတယ်။

ဒီလိုနဲ့ တရက်မှာ မထင်မှတ်ဘဲ တောင်ဒဂုံမြို့နယ် အ၀င်ဝက စားသောက်ဆိုင်တဆိုင်ရှေ့မှာ အမှတ်မထင်ဘဲ သူမကိုတွေ့လိုက်ပါ တယ်၊ သူမရဲ့ ဖောက်သည်ကားပေါ်ကို သူမလှမ်းအတက်မှာပါ။ သူမလဲ ကျမကိုမြင်လိုက် ပုံရပါတယ်။ ခေါင်းကိုငုံ့ထားပြီး ကျမ မတွေ့ အောင် ရှောင်ပါတယ်၊ ဒါပေမယ့်ကျမတွေ့တယ် ဆိုတာကိုတော့ သူလည်းသိပုံရပါတယ်။ အဲဒီ စားသောက်ဆိုင်က နာမည်ကြီးပါတယ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ တူမပိုင်တဲ့ဆိုင်လို့လဲ အများကပြောကြပါတယ်။ မြို့ထဲက စစ်အုပ်စုနဲ့ မကင်းနိုင်ကြတဲ့ စီးပွားရေးသမားတွေဟာ အဲဒီဆိုင်မှာ ညတိုင်း သောက်စားမူးယစ် ပျော်ပါးနေတဲ့နေရာပါ။ တောင်ဒဂုံက လူတန်းစားတွေ စွေတောင်မကြည့်နိုင်တဲ့ နေရာဖြစ်ပြီး။ ညတိုင်းကား အကောင်းစားကြီးတွေ အမြောက်အများ ပါကင်ထိုးထားတဲ့ ဆိုင်ကြီးပါ။ ဒါလောက်ဆိုရင်တော့ သူမဘာလဲဆိုတာကို ပရိတ်သတ်ကြီး သိနေလောက်ပါပြီ။

တကယ်က သူမဟာ မိန်မကောင်းလေး တဦးပါ။ မိသားစုဘ၀အတွက် ချစ်သူတောင်မထားတဲ့ လိမ္မာရေးခြားရှိတဲ့ ကောင်မလေးပါ။ သူမဘာကြောင့် ဒီဘ၀ကိုရောက်သွားခဲ့တာလဲ၊ သူမလို မိန်းခလေးမျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်များနေပြီလဲ၊ သူမအမေက ရော သူ့သမီးအတွက် ဘယ်လောက်များ ရင်နာနေမလဲ... လဲပေါင်းများစွာကို တွေးရင်း။ ဘာဆိုဘာမှ မတတ်နိုင်တဲ့ ကျမမှာ “အင်း....” ကိုသာသံရှည်ဆွဲပြီး သူမ ရောဂါဘယဘေး ကင်းဝေးဖို့ ဆုတောင်းပေးလိုက်ရင်း ......

တေလေဘ၀ရဲ့ ညတွေ ကုန်ဆုံး ကုန်ဆုံးပါစေလို့.....
ခင်ငြိမ်းသစ်
နေ့ သစ်သတင်းမှရယူဖေါ်ပြသည်။

No comments:

Post a Comment