ondragstart="return false" onselectstart="return false"

Friday, October 16, 2009

အလုပ်သမားများအား ထိုင်းလူငယ်ဂိုဏ်နှင့် ဖိနှိပ်ခြင်းခံနေရ

Fri 16 Oct 2009, နိုင်တလလဝီ

ထိုင်းနိုင်ငံရှိ အလုပ်သမားများသည် ထိုင်းလူငယ်ဂိုဏ်များ၏ နှိပ်စက်မှုကို ယမန်နှစ်ကထက် ပိုမိုခံနေရသည်ဟု အလုပ်သမားများက ပြောသည်။

“မွန်အလုပ်သမား တော်တော်များများက ထိုင်းလူငယ်ဂိုဏ်နဲ့ လမ်းအကြားမှာ လုယက်ခံနေရတယ်။ တစ်ပတ်တစ်ခါ အလုပ်သမားတစ်ယောက်ဆိုရင် (၅၀) ဘတ်၊ ဂိုဏ်တွေကို ပေးနေရတာ။ အခုပေးနေတာ ၈ လလောက်ရှိသွားပြီး။ တကယ်လို့ သွားမပေးပါဘူးဆိုရင် ဂိုဏ်က ရိုင်းရိုင်းစိုင်းစိုင်းလုပ်သွားမယ်” ဟု ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယာတွင် ရာဘာခြစ်နေသည့ှ် နိုင်မြင့်အောင်၏သူငယ်ချင်းက ပြောသည်။

အောက်တိုဘာလ (၁၁) ရက်နေ့ ညနေ (၂) နာရီခန့်တွင် နိုင်မြင့်အောင်နှင့် ဇနီး မိလှိုင်တို့သည် ဆိုင်ကယ်မောင်းပြီး သူဌေးအိမ်သို့ ရာဘာရောင်းရာမှ ရရှိခဲ့သည့်ပိုက်ဆံ (၇၀၀၀) ဘတ်ကို တစ်ပတ်စာအတွက် စားသုံးကုန်ပစ္စည်းများ ဝယ်ယူရန် ဈေးထဲသို့ ဝင်ခဲ့သည်။ ၄င်းဈေးမှ နေအိမ်သို့အပြန်လမ်းတွင် ထိုင်းလူငယ်ဂိုဏ် (၃) ဦးက ၄င်းတို့ဆိုင်ကယ်နောက်မှ လိုက်လာပြီး မိလှိုင်၏ အင်္ကျီကိုဆွဲ၊ ဓားနှင့် ခြိမ်းခြောက်ပြီး ဆိုင်ကယ်ရပ်ရန် တားမြစ်ခဲ့သည်ဟု မိလှိုင်က ပြောသည်။

ထို့နောက် ထိုင်းလူငယ်ဂိုဏ်သည် မိလှိုင်ထံမှ ပိုက်ဆံ (၄၄၀) ဘတ်နှင့်ဖုန်းတစ်လုံး ရရှိခဲ့သည်။ ဆက်လက်ရှာဖွေနေဆဲအချိန်တွင် အသက် (၃၅) နှစ် ထိုင်းလူမျိုးတစ်ဦးကတွေ့ရှိခဲ့ပြီး ထိုင်းရဲအားတိုင်ကြားရန် ဖုန်းဆက်နေချိန်တွင် ထိုင်းလူငယ်ဂိုဏ်တွေက တွေ့ပြီး ၄င်းနေရာမှ ကမန်းကတန်း ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့်အတွက် သူဌေးဆီက ရသည့်ပိုက်ဆံ (၇၀၀၀) ဘတ်ကို မရရှိခဲ့ကြောင်း နိုင်မြင့်အောင်က ပြောသည်။

“ဒါပေမယ့် ကျနော်တို့ရဲ့ဆိုင်ကယ်ကို သူတို့မှတ်ထားပြီ ရှေ့ဆက် ခြိမ်းခြောက်ခံရမှာလား မခံရဘူးလားဆိုတာကိုမသိတော့ ကြောက်တာပေါ့၊ ဘာဖြစ်လဲဆိုတော့ လွန်ခဲ့တဲ့ (၄) လက မွန်အလုပ်သမားတစ်ဦးက ထိုင်းရဲကိုတိုင်တဲ့အတွက် ထိုင်းလူငယ်ဂိုဏ်က တစ်မိသားစုလုံး သတ်ဖြတ်ခဲ့တာ ရှိခဲ့ဖူးတယ်” ဟု ၄င်းက ပြောသည်။

ထို့ကြောင့် ထိုင်းလူမျိုးတစ်ယောက်က ရဲနှင့်တိုင်ကြားပါဟု ၄င်းအားအကြံပေးသော်လည်း ထိုင်းဂိုဏ်မှ ယခင်ကဲ့သို့ပြန်ရန်ရှာမှာကို စိုးရိမ်သည့်အတွက် ဘာမှမပြောဘဲ တိတ်တဆိတ်သာ နေသွားမည်ဟု နိုင်မြင့်အောင်က ပြောသည်။

“ကျမတို့ နေတဲ့နေရာက ဈေးနဲ့ဝေးနေတော့ အလုပ်သမားတော်တော်များများက တစ်ပတ်စာအတွက် စားဖို့ပစ္စည်းတွေကို စုဆောင်းဝယ်ယူတယ်လေ။ အဲဒါကိုသိတော့ ထိုင်းလူငယ်ဂိုဏ်တွေက လမ်းကြားမှာ အပတ်တိုင်း စောင့်နေပြီး ပစ္စည်းမျိုးစုံ လုယူနေတယ်” ဟု မိလှိုင်က ပြောသည်။

၎င်းတို့သည် ယခုဟာတ်ယာခရိုင်ဒေသသို့ မရောက်ခင် ဖန်ငခရိုင်တွင် ရာဘာခြစ်နေချိန်၌ အသက် (၅၀) ထိုင်းလူမျိုးတစ်ဦးက ရေတောင်းသောက်ရန်အိမ်ထဲသို့ဝင်ချိန်တွင် မိလှိုင်အား မုဒိမ်းကြည့်ရန်ကြိုးစားချိန်တွင် မိလှိုင်က ရုန်းကန် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် ဖန်ငတွင်မနေရဲ၍ ဟာတ်ယာခရိုင်ဘက် ဆွေမျိုးရှိရာသို့ ပြောင်းရွေ့လာခဲ့သည်မှာ (၂) လကျော်ခန့်ရှိသွားပြီးဟု နိုင်မြင့်အောင်က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းတွင်အလုပ်လုပ်နေသည့် ကရင်အမျိုးသမီးနှစ်ဦးကိုလည်း လွန်ခဲ့သည့် အောက်တိုဘာလ (၄) ရက်နေ့ ည (၁) နာရီခန့်မှာ ထိုင်းလူမိုက်ဂိုဏ် (၃) ဦးက (၄) နာရီကြာ အဓမ္မခေါ်ဆောင်သွားပြီး အမျိုးသမီးတစ်ဦးကို မုဒိမ်းကြည့်ခဲ့သည်။ ကျန်သည့်တစ်ဦးမှာ အကြောက်လွန်ပြီး ချီးပန်း၊ သေးပန်း ရိုက်နှက်ခြင်းသာ ခံခဲ့ရသည်ဟု ၄င်းအမျိုးသမီးနှစ်ဦးနှင့် နီးစပ်သူ မိမီးက ပြောသည်။

လွန်ခဲ့တဲ့ (၁၀) ရက်ခန့်တွင် ပတ္တရားခရိုင်မှ ထိုင်းလူမိုက်ဂိုဏ် (၃) ဦးသည် အလုပ်သမားများထံမှ ရွှေ (၁) ကျပ်သား၊ ပိုက်ဆံ (၂၀၀၀)၊ ဖုန်း (၃) လုံး စသည့်ပစ္စည်းများလုယက်ခဲ့သည်ဟု မိမီးက ပြောသည်။

“ကျမတို့ပိုက်ဆံမရှိလို့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေရတာ ထိုင်းလူမိုက်ဂိုဏ် နှိပ်စက်ခံရတာ ခဏခဏပဲ။ သည်းခံပြီး နေရတာပေါ့။ တိုင်းရင်းသား အလုပ်သမားတော်တော်များများ ဒီလိုအဖြစ်မျိုး ကြုံနေရတာ ကျမတို့ နိုင်ငံက စစ်အစိုးရတွေ အသုံးမကြလို့ ထိုင်းနိုင်ငံမှာ အခက်အခဲမျိုးစုံ ကြုံနေရတယ်” ဟု မိမီးက ပြောသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ

No comments:

Post a Comment