ondragstart="return false" onselectstart="return false"

Monday, October 12, 2009

KNU အပေါ် ကျွန်တော့်အမြင်နှင့်သဘောထား (၂)

ကရင်အမျိုးသား စာဖတ်ပုရိတ်သတ် အပေါင်းတို့  အောက်ပါ ဆောင်းပါးလေးကို ဖတ်ဖြစ်အောင်ဖတ်ကြပါ။


ကျွန်တော်တို့ကရင်လူမျိုး အမျိုးမျိုးရှိတဲ့အထဲမှ ကိုယ်ဖြတ်သန်း တွေကြုံရင်း နှီးခဲ့သော ကရင်လူမျိုးတစ်ချို့၏စရိုက်သဘာဝကို တင်ပြချင်ပါတယ်။



ကျွန်တော်တို့ကရင်လူမျိုးများဟာ အေးအေးလူလူ နေတဲ့စရိုက်သဘာဝကို အကျယ် တစ်ဝင့်
ရှင်းပြစရာမလိုပါ။ ငြိမ်းချမ်းမှု ကို ချစ်မြတ်နိုးသည့်အတိုင်း အေးချမ်းသည့်နေရာများကို ရှာနေရင်း
တောတောင်သဘာဝကို ခင်တွယ်ရင်းနှီးတဲ့ စရိုက်ကိုရရှိခဲ့ပါတယ်။ အမှန်တ ရားကိုချစ် မြတ်နိုး
သလို မဟုတ်မခံစိတ်ကလည်းရှိနေပါတယ်။ သို့သော်လည်း နည်းနည်းခေါင်းရှုတ်တာနှင့် များများ
အနာခံတာ ရွေးခိုင်းရင်တော့ အများစုက “များများအနာခံတာ”ကိုဘဲရွေးလေ့ရှိပါတယ်။
သမိုင်းအထောက်အထားရ နောက်ဆုံးအုပ်စု အနေဖြင့်ကရင်လူမျိုးများဟာ လွန်ခဲ့သည့်
နှစ်ပေါင်း ၂၇၄၉ တွင် ယခုလက်ရှိုမြန်မာပြည်ထဲ ၀င်ရေက်ခဲ့ပြီး၊ အရင်ဆုံးဝင်ရောက် နေ
ထိုင်ခဲ့သော လူမျိုးနွယ်လည်းဖြစ်ပါသည်။ KNU ကိုသာဓကအနေဖြင့် ပြောရလျှင် သား
သမီးအများရှိသော မိဘနှင့်တူပါသည်။ တခြားလူမျိုး၏ မတရားသဖြင့်အနိုင်ကျင့်ခံရသဖြင့်
မိမိပိုင်အိမ်ယာမြေကို စွန့်ခွါ ၍ တောတောင်ထဲတွင် ပြောင်းရွေ့နေထိုင်ပြီး သားသမီး
တစ်အုပ်ကို တောင်ယာ လုပ်ငန်းဖြင့် ကျွေးမွေး ပြုစု ပျိုးထောင်နေပါသည်။ ၄င်းမိသားစု
နှင့်အတူ အခြားမိသား (၂) စု လည်း မနီးမဝေးမှာအတူတူနေထိုင်ခဲ့ပါသည်။သို့သော်လည်း
ပင်ကိုယ်စရိုက်နှင့် အလေ့အထမတူကြပါ။ ကြမ်းတမ်းသည့်ဒေသဖြစ်သည့်အားလျော်စွာ
ရောဂါဘယဒဏ်၊ ရာသီဥတုဒဏ် နှင့် လူဆိုးဓါးပြ၏ဒဏ်ကို အလူးလဲခံရပါသည်။

ဒါ့ကြောင့်ကရင်မိဘဟာလူဆိုးဓါးပြများ၏ ပင်ကိုယ်အလေ့အထ နှင့် ရေမြေအနေအထား
ကိုမူတည်ပြီး သားသမီးနောင်ရေးကို ကြည့်ပြီး ဘ၀ရပ် တည်ရေးတွက် မူတွေချပြီးလေ့ကျင
့် ပျိုးထောင်ခဲ့ပါတယ်။ မလှမ်းမကမ်းမှာ ရှိတဲ့အခြားမိသားစု နှစ်ခုလည်း မူတွေချ၊ အစီအစဉ်
တွေဆွဲပြီး သူတို့သားသမီးတွေတွက် ရုန်းကန်ကြပါတယ်။ သို့သော်လည်း အဲဒီမိသားစု (၂)
စုဟာ ရက်စက်တဲ့ဓါးပြနှင့် ကြမ်းတန်းတဲ့ ဘ၀ကို ခံနိုင်ရည်မရှိဘဲ ဘ၀ကို အရှုံးပေးခဲ့ပါတယ်။
“အနစ်နာခံတတ်” တဲ့စရိုက်ရှိသည့် ကရင်မိသားစုသည် မှန်ကန်သောမူ နှင့် မလျှော့သော
ဇွဲကြောင့် ရှင်သန်ရပ်တည်နိုင်ခဲ့ပြီး သားသမီးတစ်ချို့ဟာမြို့တက်ပြီး ခေတ်ပညာကို
ဆက်လက်သင်ကြားနိုင်ခဲ့ပါတယ်။

အင်ဂျင်နီယာ ဘွဲ့ရတဲ့သားတစ်ယောက်ဟာ အလုပ်ရပြီး မကြာခင် မိဘအတွက်ငွေအနည်းငယ်၊ တယ်လီဗေးရှင်း နှင့် မီးစက်တစ်လုံးကို လူကြုံဖြင့် ပို့လိုက်ပါတယ်။ ဆရာဝန်ဖြစ်လာတဲ့သမီးလည်း ငွေအနည်းငယ်၊ မိဘသောက်ရမည့်ဆေးနှင့် စာရေးကာ ပို့လိုက်ပါသည်။ ကျောင်းဆရာဖြစ်တဲ့ သားကတော့ ငွေမပို့နိုင်ပေမဲ့ သူညီ ညီမငယ်များ အတွက် အကျိုးရှိမည့်စာအုပ်တစ်ချို့ကိုပို့လိုက်ပါတယ်။ လုပ်သက်ရလာတဲ့
သားသမီးတစ်ချို့ဟာ ခွင့်တွေရလို့မိဘတွေဆီပြန်လည်ကြပါတယ်။ နိုင်ငံခြားမှာ ဘွဲ့ရပြီး
အလုပ်လုပ်နေတဲ့အင်ဂျင်နီယာသားဟာ အိမ်မှာ တိုးလိုတန်းလန်း သွယ်ထားတဲ့ လျှပ် စစ်
ဝါယာကြိုးကိုတွေ့တော့ စိတ်ပူကာလျှပ်စစ်အန္တရာယ် ကြီးမားပုံကိုရှင်းပြပြီး လျှပ်စစ်ဝါယာ
ကြိုး စနစ်တကျ သွယ်တန်းပုံကိုရှင်းပြရင်း ကိုယ်တိုင်သွယ်နေပါတယ်။ခွင့်ရက်နည်းသဖြင့်
တစ်အိမ်လုံးကို လုပ်မပေးနိုင်ဘဲ ကျန်သည့်နေရာကို သေသေချာချာ ဆက်လုပ်ရန် မိဘ
နှင့်ညီငယ်များကို မှာခဲ့ပါသည်။ မီးစက်အသုံးပြုပုံနှင့် ထိန်းသိမ်းထားရှိပုံကိုလည်းတွေ့ရော
အင်ဂျင်နီယာသားဟာ စိတ်ဆိုး ပြီးအဖေနှင့်ညီငယ်တွေကို ဆူပါတော့တယ်။ သို့သော်လည်း
မိဘ နှင့်ညီငယ်များဟာ အင်ဂျင်နီယာသားကို ဘယ်လိုမှစိတ်မထားဘဲ ပြန်လာလည်တဲ့
တွက်ဘဲ ကြည်နူးမဆုံးဖြစ်နေပါ တယ်။

ဆရာဝန်ဖြစ်နေတဲ့သမီးပြန်လာတော့ မိဘနှင့်ညီငယ်ညီမငယ်တွေ ဟာ အရမ်းပျော်ရွင်ကြပါတယ်။ ဒါနဲ့ ဆရာဝန်ဖြစ်တဲ့သမီးဟာ မိသားစုရဲ့ ကျန်းမာရေးနှင့်မညီညွတ်သော နေထိုင်မှုကိုကြည့်ပြီး အရမ်းစိတ်ပျက်သွားတယ်။ အထူးသဖြင့်လယ်တောပြန်လာတဲ့အခါ ခြေ လက်သေသေချာချာမဆေးဘဲ အိမ်ပေါ်တက်ခြင်း၊ထမင်းမစားခင် ဆပ်ပြာဖြင့်သေသေ ချာချာလက်မဆေးခြင်း၊ အိမ်သာကို စနစ်တကျမ
ဆောက်ခြင်း၊ စတာတွေကြည့်ပြီး ဆရာ ၀န်လုပ်တဲ့သမီးဟာ မိဘတွေကို ဆူပါတော့တယ်။
သို့သော်မိဘတွေက ဆရာဝန်ဖြစ်တဲ့သမီးကိုကြည့်ပြီး ဂုဏ်ယူမဆုံး ကြည်နူးနေကြပါတယ်။
ဒါနဲ့ဘဲ သမီးဟာ မိဘတွေကို မှာစရာရှိတာမှာပြီး အလုပ်ရှိနေတဲ့နေရာကို
ပြန်သွားပါတယ်။

ကျောင်းဆရာဖြစ်တဲ့သားပြန်လာတော့ တစ်အိမ်လုံးဝမ်းသာကြတာပေါ့၊
မိဘ၏စကားပြောဆိုဆက်ဆံတာကိုကြည့်ပြီး ကျောင်းဆရာသားဟာ ဘာမှမပြောဘဲ
စိတ်ထဲက အရမ်းရှက်နေပါတယ်။ သူအရင်ပို့ထားတဲ့ အကျိုးရှိစာတွေကို မဖတ်တာလည်း
သိရော စိတ်အရမ်းဆိုးပြီးဘာမှမပြောဘဲ စိတ်ထဲမှာထားလိုက်ပါတယ်။ ဒါနဲ့ကျောင်းဆရာ
သားဟာ အချိန်တန်တော့ ဘာမှမပြောတော့ဘဲပြန်သွားပါတယ်။

ခွင့်ရလို့ အင်ဂျင်နီယာ လုပ်တဲ့သားဟာ မိဘအိမ်ကိုပြန်လာလည်ပါတယ်။ ဒီတစ်ခါ သူပြောတဲ့အတိုင်းလျှပ်စစ်
ဝိုင်ယာကြိုးကို စနစ်တကျ မသွယ်ထားတာတွေလည်းတွေ့ရော၊ အရမ်း စိတ်ဆိုးသွားတယ်။
သံချေးတက်ပြီး ကောင်းကောင်းမလည်ပတ်နိုင်တဲ့မီးစက် လည်းတွေ့ပိုစိတ်ဆိုးသွားပြီး
နောက်တနေ့မှာဘဲ အလုပ်ကိုအကြောင်းပြပြီးပြန်သွားပါတယ်။

ဆရာဝန်လုပ်တဲ့သမီးက ပြန်လာတော့ မတိုးတက်တဲ့ မိဘရဲ့နေထိုင်မှုကို ကြည့်ပြီး စိတ် ထဲကရှက်တဲ့စိတ်တွေပေါ် လာပြီး ဘာမှမပြောတော့ဘဲပြန်သွားတယ်။ ကျောင်းဆရာကတော့ ဆင်းရဲနေတဲ့ဘဝ
ဟာ မိဘအသုံးမကျတာဟု ပြောပြီး ပြန်မလာတော့ပါ။ သူ့မိဘတွေအကြောင်းပြောရင်
သူကရှက်ပြီး သူ့မိဘမဟုတ်တဲ့ကြောင်းပြောပါ တယ်။

မိဘနှင့်အတူနေတဲ့ သားတစ်ယောက်ဟာ ခက်ခဲတဲ့မိဘ အခြေနေကို နားမလည်ဘဲ မိဘအိမ်ကထွက်ပြီးလူဆိုးဓါးပြတွေနဲ့ သွားပေါင်းပါတယ်။ အချို့သားသမီးတွေက မိဘ နဲ့ဘဲသစ္စာရှိစွာဆက်နေပါတယ်။ မိဘတွေကတော့ သားသမီးတွေ အကြံအညံပေးတဲ့အတိုင်း ကြိုးစားနေသော်လည်း ဘ၀ရပ်တည်ရေးတွက် မိုးလင်းမိုးချုပ် လယ်တောထဲဆင်း၊ တရိစ္ဆာန်တွေထိန်းကျောင်းကျွေးမွေး၊အိမ်အလုပ်နဲ့ တနေကုန် ပင်ပန်းသဖြင့် သားသမီးတွေ အကြံ ပေးတဲ့အတိုင်း အကုန်မပြုပြင်နိုင် ဖြစ်နေပါတယ်။ တနေကုန်ရုန်းကန်ရတဲ့ မိဘတွေရဲ့ဘ၀ဟာ မလုံမလောက်နဲ့
ဆင်းရဲချို့တဲ့နေတာကို- သားသမီးတချို့သိနေပြီး၊ တချို့ကလုံးဝမသိတာလည်းရှိတယ်၊
သိနားလည်တဲ့သားသမီးတချို့ကမိဘကိုကူညီချင်သော်လည်းမကူနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။
တချို့သားသမီးတွေကလည်း ကိုယ်ပိုင်အသုံးစရိတ်ထက် အပိုငွေရှိမှ မိဘကိုကူမယ်လို့ဆုံးဖြတ်ထားပါတယ်။
တချို့သားသမီးတွေက မိဘတွေကို ကူညီခြင်သော်လည်း မိဘဆီသွားရင် လူဆိုးဓါးပြ တွေရဲ့ ရန်မူခြင်းကို
ကြောက်လို့ မသွားဘဲနေနေကြပါတယ်။
တချို့သားသမီးတွေက မိဘတွေကို ကူညီနိုင်သော်လည်း သူတို့အကြံပေးတဲ့အတိုင်းမပြုပြင်မနေ
ထိုင်နိုင်လို့ မကူညီဘဲကြည့်နေပါတယ်။
တချို့သားသမီးတွေက မိဘတွေကိုနည်းနည်းကူညီပြီးများများဆူနေတာလည်းရှိပါတယ်။
တချို့ပညာတတ်သားသမီးတွေကဆင်းရဲနေတဲ့မိဘတွေရဲ့ဘ၀ဟာ မှားယွင်းနေတဲ့မူဝါဒ၊ပညာမရှိ
တဲ့မိဘကြောင့်ဆိုပြီး မိဘတွေကို အပြစ်တင်နေပါတယ်။
အချို့သားသမီးတွေကလည်း ငါတို့ဟာ အရွယ်ရောက်ပြီ မိဘမလိုတော့ဘူး၊ မိဘလည်းမရှိတော့ဘူး
ဆိုပြီးသဘောထားကြတယ်။
အချို့သားသမီးတွေကလည်း သူတို့မိဘ အရင်းကိုမသိကြတော့ဘဲ သူတို့ဘာသာနေထိုင်ကြတယ်။
တချို့ပညာတတ်သားသမီးတွေက မိဘတွေဘ၀ အေးဆေးရအောင် လူဆိုးဓါးပြတွေရဲ့အလိုကိုလိုက်ပြီး
တည့်အောင်ပေါင်းဖို့ မိဘတွေကို တိုက်တွန်းနေပါတယ်။ အချို့သားသမီးတွေက မိဘကိုကူလည်းမကူ
ဘာမှလည်းမပြောဘဲ နဲ့ မိဘ အိမ်ယာတွေပြန်ရတဲ့နေ့ကျမှ မိဘဆီပြန်နေကာ အမွှေတောင်းပြီး
ရင်းနှီးမြုပ်နှံဖို့စောင့်နေပါတယ်။

သို့သော်လည်း သားသမီးအများစုဟာ လယ်ထဲဆင်းနေရတဲ့အမေဖေကို လယ်ထဲဆင်းစရာ မလိုအောင်လည်းမထောက်ပံ့နိုင်ဘူး။ သားသမီးကအများရှိနေပေမဲ့ သူထောက်နိုးနိုး ငါ ထောက်နိုးနိုး နဲ့ဆင်းရဲနေတဲ့မိဘ ရဲ့ဘ၀ ကိုမကယ်တင်နိုင်ကြဘူး။ အသက် (၆၀) ကျော် နေပြီ ဖြစ်တဲ့ မိဘလည်း ဆုံရှုံးခဲ့တဲ့ သူ့ အိမ်ယာဥစ္စာ တွေကို ပြန်ရဖို့ ဆင်းရဲစွာရုန်းကန်ရင်း အမှုရင်ဆိုင်တိုက်ပွဲဝင်နေပါတယ်။

မိတ်ဆွေတို့.... အဝေးရောက်သားသမီးတစ်ဦးနေနဲ့ ကျွန်တော်ကြိုးစားပုံဖေါ်နေတဲ့ KNU အခြေအနေ ကို
မြင်တတ်ဖို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့နှင့် မနီးမဝေး မှာနေခဲ့ အခြားမိသားစု (၂) စု ဆိုတာက KNU
နှင့်မရှေးမနှောင်း တော်လှန်ရေးစခဲ့တဲ့ အဖွဲ့ (၂) ဖွဲ့ကို ဆိုလိုပါ တယ်။ ကျွန်တော်တို့တတွေ
ဘယ်သားသမီးအုပ်စုထဲမှာ ပါနေတယ်ဆိုတာ ပြန်လည်ဆန်းစစ်ကြပါစို့လား၊ မိဘကို ဆင်းရဲဒုက္ခတွင်းမှ
အရင်ကယ်ထုတ်ပြီး၊ မိဘရဲ့ဦးဆောင်မှုနဲ့ ဆုံးရှုံးခဲ့တဲ့ အမွှေဥစ္စာကို တက်ညီလက်ညီပြန်ယူကြပါစို့လား။

ရဲရင့်ခြင်းနှင့်အင်အားတည်ဆောက်လျှက်
ညီညွတ်ခြင်းဖြင့် ပန်းတိုင်ဆီသို့
အတူတကွ ချီတက်ပါစို့လား.....
ချစ်သော
ဖူးဒို
အောက်တိုဘာ ၁၂ရက် ၂၀၀၉။
karenunited.com မှပြန်လည်ကူးယူဖေါ်ပြသည်။

2 comments:

Anonymous said...

All Karen people ! it's time to stand for our mother land the truth and for Justic.

Anonymous said...

Let's do it together.

Post a Comment