ondragstart="return false" onselectstart="return false"

Wednesday, March 3, 2010

ရွှေကြောအသစ်များ ထပ်မံတွေ့ရှိ

Wednesday, 03 March 2010 16:12 ဧရာဝတီ

မြန်မာနိုင်ငံ ပဲခူးတိုင်းနှင့် မွန်ပြည်နယ် တို့တွင် ရွှေကြောသစ် အများအပြား ထပ်မံတွေ့ရှိပြီး ရွှေတူးဖော်ရေး လုပ်ငန်းများကို စစ်အစိုးရနှင့် နီးစပ်သူများသာ လုပ်ကိုင်ခွင့် ရရှိထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းရွှေကျင်မြို့နှင့် မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း ဒေသများတွင် ရွှေထွက်ရှိသည့် နေရာအများအပြား တွေ့ရှိလာကြောင်း၊ အဆိုပါ ရွှေလုပ်ကွက်များကို စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးများက ဦးစီးလုပ်ကိုင်သော ရွှေတူးဖော်ရေး ကုမ္ပဏီကြီးများသာ လုပ်ခွင့်ရ ကြောင်း မန္တလေးနှင့်ရန်ကုန်မြို့မှ ရွှေသန့်စင်ရေး လုပ်ငန်းပိုင်ရှင်များက ပြောသည်။

ရွှေတူးဖော်ရေး လုပ်ပိုင်ခွင့်ရရှိသော ပြည်တွင်းကုမ္ပဏီကြီး ၇ ခုရှိပြီး တခြားသော ကုမ္ပဏီ ၁၃ ခုခန့်ကလည်း ရွှေ လုပ်ကွက်များ တူး ဖော် လုပ်ကိုင်ခွင့် ရရှိရေးအတွက် သတ္တုတွင်း ၀န်ကြီးဌာနတွင် လျှောက်ထားကြောင်း ယင်းကုမ္ပဏီများနှင့် နီးစပ်သော သတင်း ရပ်ကွက်မှ သိရသည်။

ရွှေတူးဖော်ခွင့် ရရှိသော ကုမ္ပဏီကြီးများ အနက် ထူး ကုမ္ပဏီ၊ အေးမြပြည့်စုံ၊ ဇမ္ဗူရစ်၊ ဆန်းရွှေပြည်၊ ရွှေနဂါး နှင့် ရွှေကျင်သား ကုမ္ပဏီကြီးများမှာ နာမည်ကျော် ကုမ္ပဏီကြီးများဖြစ်ပြီး ကုမ္ပဏီအားလုံးသည် စစ်အစိုးရထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် ပတ်သက် ဆက်နွယ်မှုရှိသော ကုမ္ပဏီများဖြစ်သည်ဟု ဇမ္ဗူရစ် ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။

“အေးမြပြည့်စုံဆိုတာ အငြိမ်းစားဝန်ကြီး ဗိုလ်မှူးချုပ်ပြည့်စုံရဲ့မိသားစုတွေပိုင်တဲ့ ကုမ္ပဏီပါ၊ တချို့ ကုမ္ပဏီတွေက သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်နဲ့ ပတ်သက်တာတွေ ရှိသလို ဦးဆောင် ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး ချုပ်တွေရဲ့
အမျိုးတွေ တည်ထောင် ထားတွေလည်း ရှိတယ်”ဟု ၎င်းက ပြောပြသည်။

မွန်ပြည်နယ် ကျိုက်ထီးရိုးတောင် အနောက်ဘက် ကျိုက်ထိုမြို့နယ်အနီး မဒဲ့ချောင်းတွင် ရွှေ အများအပြား ထွက်ရှိနေပြီး ယင်း ဒေသတွင် ဇမ္ဗူရစ် ကုမ္ပဏီနှင့် အေးမြပြည့်စုံကုမ္ပဏီတို့က အများဆုံးလုပ်ခွင့်ရထားကြောင်း ၎င်းက ဆိုသည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)ကလည်း ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရသည်ဟု သိရှိရသည်။

ပျဉ်းမနား လယ်ဝေးနှင့် ပဲခူးရွှေကျင်ဒေသများတွင် ရွှေလုပ်ကွက်သစ်များ ရှာဖွေတွေ့ရှိရသော်လည်း ကျိုက်ထိုနှင့် ဘီးလင်း ဒေသ ရှိ ရွှေလုပ်ကွက်သစ်များမှသာ ရွှေအများဆုံးထွက်နေကြောင်း ရွှေလုပ်ငန်းရှင်များ အသိုင်းအ၀န်းက ပြောသည်။

“ကျိုက်ထို-ဘီးလင်းဒေသမှာ အများဆုံးထွက်တာလို့ သိရတယ်၊ အထူးသဖြင့် မဒဲ့ချောင်းမှာလို့ သိရတယ်”ဟု ရန်ကုန် ရွှေသန့်စင် ရေးလုပ်ငန်းပိုင်ရှင်တဦးက ဆိုသည်။

ရမည်းသင်း၊ပျဉ်းမနားနှင့် ကချင်ပြည်နယ်အတွင်းရှိ ရွှေမှော်များမှ တူးဖော်ရရှိသော ရွှေ များသည် မန္တလေးဈေးကွက်သို့ ရောက်ရှိ ပြီး ပဲခူး၊ ရွှေကျင်နှင့် မွန်ပြည်နယ်ကျိုက်ထို-ဘီးလင်း ဒေသများမှ သန့်စင်ရရှိသောရွှေများသည် ရန်ကုန်ဈေးကွက်သို့ တိုက်ရိုက် ရောက်ရှိသည်ဟု သိရှိရသည်။

“ရန်ကုန်၊ မန္တလေးရွှေဈေးကွက်ထဲကို ၁၀ ရက်ကို အနည်းဆုံး ရွှေ ပိဿာ ၇၀ ၊ ၈၀ ၀င်တယ်”ဟု မန္တလေး ရွှေကုန်သည် တဦးက ပြောသည်။

လက်ရှိရွှေဈေးမှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သား ကျပ် ခြောက်သိန်း ၀န်းကျင်ဈေး ရှိသောကြောင့် ယခုနှစ် ရွှေမှော်များသို့ ရွှေတူးလုပ်သား သိန်းပေါင်းများစွာ သွားရောက်လုပ်ကိုင်ကြပြီး နေ့စဉ် ရွှေတူးလုပ်သားများသေဆုံးမှုရှိသည်ဟု သိရှိရသည်။

“ငှက်ဖျား၊ အေအိုင်ဒီအက်စ်ရောဂါတွေလည်း အဖြစ်များတယ်၊ ရွှေမှော်မှာက တနိုင်ငံလုံးက လူတွေ လာအလုပ်လုပ်တာဆိုတော့ လောင်းကစား၊ဖဲ၊ မိန်းမ၊ မူးယစ်ဆေးဝါး အကုန်ရတယ်၊ ရာဇ၀တ်မှုတွေလည်း ပေါတယ်၊လုပ်ငန်းခွင်မတော်တဆမှုတွေကြောင့် လည်း လူသေတာတွေ နေ့စဉ်လိုလိုပဲရှိတယ်”ဟု ရွှေမှော်များသို့ သွားရောက်လေ့ရှိသူ ရွှေကုန်သည်တဦးက ဆိုသည်။

ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရွှေမှော်များမှာ စစ်အစိုးရစစ်တပ်၊ ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် DKBA အဖွဲ့များ အခြေစိုက်သည့် ဒေသများဖြစ်သောကြောင့် လုံခြုံရေးအရ အနက်ရောင် နယ်မြေများဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment