ondragstart="return false" onselectstart="return false"

Tuesday, March 9, 2010

ပညာတော်သင်တဲ့လား… - အပိုင်း (၁)

ဆောင်းပါးရှင် - မြန်မာပြည်သား (ရုရှားရောက် မြန်မာပညာတော်သင်တစ်ဦး)

စာဖတ်ပရိသတ်များခင်ဗျား

ရုရှားနိုင်ငံရောက် မြန်မာပညာတော်သင်တစ်ဦးက “ပညာတော်သင်တဲ့လား” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ ဆက်သွယ်ပြီး ပေးပို့လာပါ တယ်။ ဒီဆောင်းပါးမှာ နိုင်ငံတော်အကြီးအကဲတွေဟာ နျူးကလီးယား အတွက် ရုရှားနိုင်ငံကို ပညာတော်သင် (စစ်ဗိုလ်) အများအပြားအား နိုင်ငံခြားငွေတွေ အမြောက်အများ အကုန်အကျခံပြီး (၁၀) နှစ်စာချုပ် ချုပ်ကာ DSA အပတ်စဉ် (၅၀) အထိ စေလွှတ်ခဲ့ပုံ၊ ၂၀၀၈ ခုနှစ်မှာ အရပ်ဘက် ပညာတော်သင်တွေကိုပါ ရွေးချယ်ပြီး သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာနက ကထိက ဆရာများနဲ့ အဆင်မြင့်ပညာဦးစီးဌာနက နည်းပြ သရုပ်ပြ ဆရာ တွေကိုပါမကျန် အယောက် (၂၀၀) နီးပါး ရွေးချယ်စေလွှတ်ခဲ့ပုံ၊ ရုရှားနိုင်ငံမှ ပြန်ရင် ဘာဆက်လုပ်ရမည်မှန်း မသိသလို သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ်များမှာ ပြန်လည် တာဝန်ထမ်းဆောင်ရမယ် ဆိုရင်လည်း ဘယ်ဌာနတွင် နေရမယ်မှန်း မသိဖြစ်နေကြပုံ၊ ရုရှားနိုင်ငံရှိ တချို့တက္ကသိုလ်များမှာဆိုလျှင် နိုင်ငံခြားငွေရဖို့ အဓိကထားပြီး ကျောင်းကို တစ်ပါတ် ၃ ရက် လောက် သွားတက်ရုံမျှနဲ့ပင် ဘွဲ့ပေးနေပုံ၊ မြန်မာနိုင်ငံကို ကောင်းစေ ချင်ရင်၊ ပညာကိုတကယ်လိုအပ်ရင် မြှောက်စားလိုရင် တော့ တကယ့်ပညာရမယ့် တိုင်းပြည်တွေကိုသာ စေလွှတ်သင့်ပုံ၊ တနည်း မြန်မာပြည်တွင်းမှာဘဲ မြန်မာ့ပညာရေး အတွက် ရုရှားမှာကုန်ကျမဲ့ စရိတ်တွေအား အသုံးပြုစေချင်ပုံတွေကို သုံးသပ် တင်ပြထားပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ဆောင်းပါးရှင် ရုရှားရောက် မြန်မာပညာတော်သင် မိတ်ဆွေအား ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူးတင်ရှိပါကြောင်း နဲ့ စည်းလုံခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ဆက်လက် ရေးသားပေးပို့နိုင်ရန် တိုက်တွန်းရင်း တင်ပြ လိုက်ပါတယ်။

ရုရှားရောက် ပညာတော်သင်များ မိန်းကလေးဝတ်စုံဖြင့် ကခုန်နေပုံ

၂၀၀၉ ခုနှစ်အတွက် “အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနဲ့စာပေဆု” ကို ရရှိခဲ့တယ်သိရလို့ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် တည်ထောင်ခဲ့သူ ကိုဖိုးတရုတ်နဲ့အတူ ထပ်တူထပ်မျှ ၀မ်းသာဂုဏ်ယူမိပါတယ်။ သူငယ်ချင်းအနေနဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်တွင်းဖြစ် ဆောင်ပါးများ၊ ရင်တွင်း ခံစားချက် သတင်းအမှန်များဖြင့် ကြိုးစားခဲ့တာ ဖြစ်သလို ကျွန်တော်တို့ အနေနဲ့ကလည်း နိုင်ငံကောင်းစားဖို့အတွက် အလိုရှိသူတွေဖြစ်ပါတယ်။ ကျနော့်အနေနဲ့ နိုင်ငံရေးကို ကောင်း ကောင်း နားမလည်ပါ။ ဘယ်သူတွေ အုပ်ချုပ်စေချင်ပါတယ် ဘာတွေပြောင်းလဲ စေချင်ပါတယ်လို့လည်း မပြောတတ်ပါ။

ကျနော်သိတာက ကျနော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေအလယ်ကို မပြောနဲ့ အရှေ့တောင်အာရှမှာကို နိမ့်ပါးနေခဲ့ရပါပြီ။ ကျနော်တို့ အားလုံး ၀ိုင်းဝန်းကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကြိုးလည်း ကြိုးစားချင်ကြပါတယ်။ ဒါပေမယ့် အဲလို ကြိုးစားခွင့် ကိုပဲ ရရှိအောင် အမျိုးမျိုးသော ဖိနှိပ်မှုတွေကြားကနေ စွမ်းနိုင်သလောက်လေး သန်မာပြနေကြရတယ် မဟုတ် ပါလား။

ကျနော့်အနေနဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဘယ်လိုရည်ရွယ်ချက်မှန်း မသိနိုင်တဲ့ လုပ်ရပ်တွေကို ပြောပြချင်ပါတယ်။ နိုင်ငံရေးဝက်ဘ်ဆိုဒ်များရဲ့ ဆောင်းပါးတွေ သတင်းတွေ အရ နိုင်ငံတော်ဟာ နျူးကလီးယားအတွက် ရုရှားနိုင်ငံကို ပညာတော်သင် (စစ်ဗိုလ်) အများအပြားအား နိုင်ငံခြားငွေတွေ အမြောက်အများ အကုန်အကျခံပြီး လွှတ်နေတယ်လို့ ဖတ်ရပါတယ်။ ရုရှားနိုင်ငံနှင့် ၁၀ နှစ် စာချုပ်ချုပ်ဆိုတယ်လို့ သိရတာကြောင့် စာချုပ်သက်တမ်းဆုံးတဲ့ အပတ်စဉ်ဟာ ဗိုလ်သင်တန်း အပါတ်စဉ် (၅၀) က နောက်ဆုံး အသုတ် ဖြစ်ပါတယ်။

ဒါပေမယ့် ထူးခြားမှုအနေနဲ့ ၂၀၀၈ ခုနှစ်မှာ အရပ်ဘက် ပညာတော်သင်တွေကိုပါ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ အရပ်ဘက် အနေနဲ့မှာ သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနက ကထိက ဆရာများနဲ့ အဆင်မြင့်ပညာ ဦးစီးဌာနက နည်းပြ သရုပ်ပြ ဆရာတွေကို အယောက် (၂၀၀) နီးပါး ရွေးချယ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ရှိစဉ်ကတည်းက ဘယ်ကို ဘာ ရည်ရွယ်ချက်ဖြင့် ဘာသွားသင်ရမှန်း မသိအောင် သတင်းမိုးမှောင်ချထားခဲ့လို့ တချို့ သူငယ်ချင်းတွေဆို ထင်ကြေးမျိုးစုံနဲ့ အပြစ်အမျိုးမျိုးခံယူကာ မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့ပါ တယ်။ နိုင်ငံခြားကို လာသူတွေများထဲမှာ ဆန့်ကျင်ရင်လည်း အပြစ်ခံယူရမှာ စိုးရိမ်လို့ လာကြသူတွေ များသလို၊ နိုင်ငံခြားကို ရောက်ချင်လို့၊ ခန့်အပ်ပေးတဲ့ ရာထူးကို မက်မောလို့ လာဖြစ်ခဲ့ကြသူတွေလည်း အထိုက်အလျောက် ပါပါတယ်။ နိုင်ငံတော်အတွက် ရသလောက် ပညာယူမယ်ဆိုတဲ့သူ လုံးဝ မရှိသလောက်ကို ရှားလှပါတယ်။

ပေးအပ်တဲ့တာဝန်အရ ပညာကိုရအောင် ယူမယ်ဆိုတဲ့ ဆန္ဒဟာ အရပ်ဘက်မပြောနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ သားကောင်းစစ်သည် စစ်ဗိုလ် တစ်ယောက်ချင်းစီကို ရှိ မရှိ လိုက်မေးကြည့်စေချင်ပါတယ်။ ထွက်နေတဲ့ သတင်းတွေလို ဒီရုရှားပြန်ပညာရှိတွေကိုသာ နျူးကလီးယားဓါတ်ပေါင်းဖို တည်ဆောက်ရေးတွေ၊ တည်ဆောက်ပြီးသားတွေမှာသာ ထည့်သွင်းကိုင်တွယ်စေရင်ဖြင့် မတွေးဝံ့စရာသာ ဖြစ်ပေတော့တယ်။ ရုရှားပညာတော်သင် ဆိုလို့ အထင်ကြီးပြီး ချီးမွန်း မစောလိုက်ပါနဲ့ ဘာတွေ သင်ယူခဲ့လဲ၊ ဘာတွေ ရယူနိုင် ခဲ့လဲဆိုတာ ရုရှားပြန်တွေကို အရပ်ဘက်ပါမောက္ခကြီးများအား လွတ်လပ်စွာစစ်မေးခွင့် ပေးကြည့်စေချင်ပါတယ်။

အပိုင်း (၂) ကို လာမည့် ကြာသပတေး (၁၁.၃.၂၀၁၀) နေ့တွင် ဆက်လက် ဖေါ်ပြပါမည်။
ဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment