အရည်အသွေးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေါ်ပေါက်လာဖို့
NEJ / ၄ မတ် ၂၀၁၀
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ဖေဖော်ဝါရီ (၂၄) ရက်မှ (၂၆) ရက်ထိ ကျင်းပခဲ့သည့် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (ဘီအမ်အေ) ၏ ပဉ္စမအကြိမ်ညီလာခံ၌ မြန်မာနိုင်ငံ နယ်စပ်အသီးသီးရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာရေးအတွက် ဆွေးနွေးခဲ့ကြသည့်အပေါ် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစင်သီယာမောင်နှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။
မေး။ ။ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းကို ဖွဲ့ရတဲ့ရည်ရွယ်ချက်နဲ့ ဘယ်သူတွေပါဝင်ပြီး အဓိက ဘာတွေလုပ်ဆောင်တယ် ဆိုတာလေး အရင်သိပါရစေ။
ဖြေ။ ။ ကျမတို့ ဒီမြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းကို ၁၉၉၁ ခုနှစ်၊ ဒီနယ်စပ်ဒေသမှာ လုပ်တဲ့ ပထမဦးဆုံး ကျန်းမာရေး ညီလာခံမှာ ဖွဲ့စည်းခဲ့တာပါ။ ဖွဲ့စည်းချိန်မှာတော့ ကျန်းမာရေး ၀န်ထမ်းတွေရဲ့ အတွေ့အကြုံ အသိပညာ အတတ်ပညာတွေကို ဖလှယ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ နောက်တော့ ကျမတို့ ပြည်သူလူထုကြားမှာ ကျန်းမာရေး အသိအမြင်တွေ မြင့်မားလာဖို့ ဆိုတဲ့ရည်ရွယ်ချက် အဓိကထားပြီးတော့ ဖွဲ့စည်းတာဖြစ်တယ်။ သို့သော်လည်း ၂၀၀၀ ပြည့်နှစ် ညီလာခံမှာ ကျမတို့ ရည်ရွယ်ချက်တွေကို ပြန်ဆွဲတဲ့အခါ ဒီကျန်းမာရေးဆိုင်ရာ လုပ်ငန်းစောင့်ရှောက်မှုတွေရဲ့ အရည်အသွေး ပိုပြီးတော့ မြင့်တင်ဆောင်ရွက်ဖို့ဆိုတာ ပါသလို တချိန်တည်းမှာပဲ ကျမတို့ ဒီလုပ်ငန်း စီစဉ်ဆောင်ရွက်မှုတွေကို ပိုပြီးတော့ ဆောင်ရွက်ဖို့လည်း ကျမတို့ ထည့်သွင်းခဲ့ပါတယ်။
ကျမတို့ ဘီအမ်အေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို တိုက်ရိုက် အကောင်အထည်ဖော်တာမျိုးတော့ မဟုတ်ပါဘူး။ ဘီအမ်အေရဲ့ အဓိက လက်ရှိလုပ်ငန်းတွေကတော့ နယ်စပ်ဒေသမှာ အခြေစိုက်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ နောက် တိုင်းရင်းသား ကျန်းမာရေးဌာနတွေရဲ့ လုပ်ငန်းတွေမှာ လိုအပ်တဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေ၊ အထူးသဖြင့် ငှက်ဖျားရောဂါ ထိန်းချုပ်ရေးတို့၊ သားဖွားဆိုင်ရာ အတတ်ပညာမျိုးတွေကို နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်ပေးရေးနဲ့ ဒီလုပ်ငန်းတွေကို ပိုပြီးတော့ အရည်အသွေး မြင့်မားလာအောင် လုပ်ဆောင်ပါတယ်။ နောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုနဲ့တခုကြား၊ ဆေးရုံ ဆေးခန်းတွေရဲ့ ကြားထဲမှာ နည်းပညာ အတတ်ပညာတွေကို အခြေခံ စံနမူနာတွေထားဖို့တို့၊ စာရင်းဇယား ကောက်ယူမှုစနစ်၊ ရောဂါကုသမှုစနစ်တွေကို စံဖြစ်အောင် ထိန်းပြီးကူညီသွားတာမျိုးတို့ကို လုပ်ဆောင်နေပါတယ်။
မေး။ ။ အခု ပဉ္စမအကြိမ်ညီလာခံမှာ ကျန်းမာရေး မူဝါဒပိုင်းဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရန်နဲ့ နည်းပညာအကူအညီများ ပေးရန် ဘီအမ်အေအသင်းက အဓိကအခန်းကဏ္ဍအဖြစ် သတ်မှတ်အတည်ပြုတယ်လို့ သိရပါတယ်။ အဲဒါ ဘယ်ဒေသတွေမှာ ဘယ်သူတွေကို အကူအညီပေးတာလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ဘီအမ်အေအနေနဲ့ လက်ရှိ ဆေးရုံဆေးခန်း (၃၀) ကျော်ပေါ့။ ဒီလူထုက (၃) သိန်းပတ်ဝန်းကျင်ရှိတဲ့အတွက် ကျမတို့ လက်လှမ်းမီနိုင်တဲ့ လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုမှာ ငှက်ဖျားရောဂါကို အဓိကထားပါတယ်။ နောက် မိခင်နဲ့ကလေး ကျန်းမာရေးအပြင် အရေးပေါ်သားဖွားခြင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းတဲ့ နည်းပညာတွေ မြှင့်တင်ပေးတဲ့ အပိုင်းတွေမှာ ကျမတို့ဆောင်ရွက်တယ်။ တချိန်တည်းမှာပဲ ကျမတို့ ဆေးသင်တန်းတွေနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတန်းဆိုင်ရာတွေကို ပြန်ပြီး လေ့လာတာတို့ မွမ်းမံတာတို့ကိုလည်း ဆက်လက်ပြီးတော့လုပ်တယ်။ ၂၀၀၂ ခုနှစ်၊ ၂၀၀၃ ခုနှစ်မှာ ပထမဦးဆုံး သင်ရိုးညွှန်းတန်းဆိုင်ရာကို ဘီအမ်အေက စတာဝန်ယူပြီး အခု ဒီညီလာခံကနေ ဆက်လက်ပြီးတော့ အဲဒီ သင်ရိုးညွှန်းတန်းကိစ္စကို တခြားသော ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆက်လက်ဆောင်ရွက်ဖို့ပေါ့။ မူဝါဒပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ကတော့ ကျန်းမာရေး၊ လူ့အခွင့်အရေး အခြေခံပြီးတော့ အရည်အသွေးရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေါ်ပေါက်လာဖို့ဆိုတာကို ရည်စူးပြီးတော့ လူမှုရေး၊ ကျန်းမာရေးကဏ္ဍတွေကို မြင့်တင်ပေးနိုင်တဲ့ ကျန်းမာရေးစနစ်တွေ ပိုပြီးတော့ ပါဝင်လာဖို့ ကြိုးစားဆောင်ရွက်သွားမှာပါ။
မေး။ ။ ဘယ်လိုပုံစံနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အကူအညီပေးတာပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့ လက်ရှိတော့ ကျမတို့ နယ်စပ်ဒေသမှာ ရှိတဲ့ တိုင်းရင်းသားဒေသ (၈) နေရာမှာ သူတို့ ဒေသခံ ကျန်းမာရေး ဌာနတွေ သို့မဟုတ် ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းတွေကနေပြီးတော့ တည်ထောင်ထားတဲ့ ဆေးခန်းလေးတွေ ရှိပါတယ်။ ဥပမာ ဆေးခန်းတခန်းဆိုရင် ကျမတို့က လူဦးရေ (၃) ထောင်ကနေပြီးတော့ (၄) ထောင်ကို လက်လှမ်းမီတဲ့ ရွာစုလေးမှာပေါ့ နော်၊ ဆေးရုံဆေးခန်းတွေ ဆောက်ပြီးတော့ အဲဒီဆေးရုံဆေးခန်းမှာ ဒီအဖြစ်များတဲ့ ရောဂါတွေကို ကုသရင်းနဲ့ တဆက်တည်းမှာပဲ ဒီဒေသခံ ကျန်းမာရေးဌာနတွေရဲ့ စွမ်းအင်မြှင့်တင်ရေးလုပ်ငန်းတွေကို အရည်အသွေးမြင့်တင်ရေးတွေ လုပ်ပေးတယ်။ နောက်တချိန်တည်းမှာပဲ အဲဒီဒေသတွေမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ကျမတို့ မှတ်တမ်းတင်ထားတာတို့၊ စာရင်းဇယား ပြုစုတာတို့ရှိပြီးတော့ ဒီရောဂါတွေကို ကာကွယ်နိုင်ဖို့၊ ကုသနိုင်ဖို့ နည်းလမ်းတွေကို ရှေ့ဆက်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆက်လက် ဆောင်ရွက်သွာတာမျိုးဖြစ်ပါတယ်။ အဲဒီ တိုင်းရင်းသားနေရာ (၈) နေရာက ကချင်၊ ပလောင်၊ ရှမ်း၊ ကရင်နီဒေသနဲ့ ကယားဒေသပေါ့နော်။ နောက် ကရင်၊ မွန်၊ ရခိုင် ရှိပါတယ်။
မေး။ ။ လူထုကို အခြေပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဆက်လက်ဆောင်ရွက်သွားဖို့ ညီလာခံက ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေက ဘာတွေပါလဲ။
ဖြေ။ ။ လူထုကို အခြေပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာကတော့ လူထုတွေကိုယ်တိုင်က မိမိဒေသမှာရှိတဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိလာပြီးတော့ ဒီကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရှေ့လုပ်ငန်းစဉ်တွေ ရေးဆွဲတာတို့ အစီအစဉ်ချမှတ်တာတို့၊ တချိန်တည်းမှာပဲ လူထုရဲ့ စွမ်းအားမြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာတို့ကို ဆိုလိုပါတယ်။ အဲဒီနေရာမှာ အထူးသဖြင့်တော့ ဒေသခံလူတွေရဲ့ အသိပညာတွေ၊ အတတ်ပညာတွေ တိုးတက် ဖွံ့ဖြိုးလာအောင် ကလေးတွေကို ကျောင်းနေစဉ်အရွယ်ကစပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိအမြင်တွေ၊ အလေ့အကျင့်တွေ၊ အပြုအမူတွေကို မြှင့်တင်မှုလုပ်ငန်းမှာ အများကြီး လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ တချိန်တည်းမှာပဲ အဲဒီဒေသထဲမှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့လည်း မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။
မေး။ မြန်မာနိုင်ငံ နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ ကျန်းမာရေးအခြေအနေ အဆင့်အတန်း ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လက်ရှိနယ်စပ်ဒေသမှာ စာရင်းဇယားနဲ့ ခိုင်ခိုင်လုံလုံရှိတာကတော့ မြန်မာပြည်အရှေ့ပိုင်းဒေသ ကရင်ပြည်နယ် ရှမ်းပြည်နယ်၊ ကယားပြည်နယ်ဒေသတွေကိုတော့ သတင်းအချက်အလက် ပိုပြီးလက်လှမ်းမီတယ်။ အထူးသဖြင့်တော့ နယ်စပ်ဒေသမှာရှိတဲ့ လူထုတွေ အခြေအနေက အတင်းအဓမ္မပြောင်းရွှေ့ခံရခြင်းတို့၊ ရိက္ခာတွေ ဖျက်ဆီးခံရတာတွေ၊ နောက်တော့ စစ်တပ် အကြမ်းဖက်မှုကိစ္စမျိုးတွေ၊ အတင်းအဓမ္မလုပ်အားပေးခိုင်းတာတွေ အဲလိုမျိုး အကျိုးဆက်ကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာပေါ့နော်။ အဲလိုအကျိုးဆက်ကြောင့် ကလေးတွေရဲ့ အာဟာရ ချို့တဲ့မှုနှုန်း မြင့်မားနေတာတို့ နောက်ပြီးတော့ အဖြစ်များတဲ့ရောဂါ၊ ကာကွယ်လို့ရတဲ့ ရောဂါတွေဖြစ်တဲ့ ငှက်ဖျားရောဂါ၊ ၀မ်းပျက် ၀မ်းလျှောရောဂါတွေ၊ အသက်ရှူလမ်းကြောင်းရောဂါတွေ အဲလိုရောဂါတွေကြောင့် အသေအပျောက်များတာကို တွေ့ရဆဲဖြစ်တယ်။ နောက်တချိန်တည်းမှာပဲ မိခင်နဲ့ ကလေးသေနှုန်းကို ကြည့်မယ်ဆိုရင်လည်း ပြည်တွင်းမှာ ရှိတဲ့စာရင်းဇယားထက်ကို ပိုပြီးတော့ မြင့်မားနေတယ်။ နိုင်ငံတကာမှာ အဆိုးဆုံး အခြေအနေဖြစ်တဲ့ ကွန်ဂိုနိုင်ငံတို့လို စစ်မဲ့ဖြစ်ပွားတဲ့ နေရာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့နေရာမှာတွေ့ရတဲ့ ကျန်းမာရေး စာရင်းဇယားတွေနဲ့လည်း တူညီနေတဲ့အတွက်ကြောင့် လက်ရှိ အရှေ့ပိုင်းဒေသရဲ့ ကျန်းမာရေးအခြေအနေက အဆိုးဆုံး အခြေအနေမှာရှိနေတယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ နယ်စပ်ဒေသမှာ အခြေခံကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆရာမဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အခြေခံကျန်းမာရေးကတော့ သူတို့ရဲ့ မွေးရပ်မြေဒေသမှာ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နိုင်ဖို့ကတော့ လူထုရဲ့ အဓိက လိုအပ်ချက်ပါပဲ။ သူတို့ရဲ့ နေရာတွေကို မရွှေ့မပြောင်းဘဲနဲ့ သူတို့ရဲ့ အလုပ်အကိုင်တွေ သူတို့ အေးအေးဆေးဆေး လုပ်နိုင်မယ်ဆိုရင် သူတို့ကျန်းမာရေးဘက်ကလည်း ပိုပြီးတော့ ထိန်းချုပ်မှုတွေကောင်းလာမယ်။ သားသမီးတွေရဲ့ ပညာ ရေးကလည်း ကောင်းလာပြီးတော့ တဖြည်းဖြည်း ကျန်းမာရေး၊ ပညာရေးအဆင့်အတန်း ပိုပြီးတော့ မြင့်မားလာမယ်။ နောက် တချိန်တည်းမှာပဲ လူထုတွေရဲ့ ကျန်းမာရေး အသိပညာတွေ၊ လူမှုရေး မြင့်မားမှုတွေဟာ ရေရှည်အတွက် တည်တံ့ခိုင်မြဲတဲ့ ကျန်းမာရေးစနစ်တွေ တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်။ လူထုအနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ်ဒေသမှာ တည်တည်ငြိမ်ငြိမ်နဲ့ အခွန်ကြေးကောက်ခံတာတွေ၊ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုတွေ မရှိဘဲနဲ့ ကိုယ့်ရဲ့ဒေသမှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ကြတဲ့ အခြေအနေရှိပြီး ဒေသမှာရှိတဲ့ အရင်းအမြစ်တွေကိုလည်း ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ အကျိုးရှိရှိအသုံးချနိုင်မယ်ဆိုရင်တော့ ကျန်းမာရေး အဆင့်အတန်းတွေ မြင့်မားလာမှာဖြစ်ပါတယ်။ ကျန်မာရေးစောင့်ရှောက်မှု အနေအထားနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ အဆင့်အတန်းဟာ အရှေ့တောင်အာရှ ဒေသမှာ မိခင်သေနှုန်း၊ ကလေးသေနှုန်း အမြင့်မားဆုံး နိုင်ငံတခုမှာရှိပါတယ်။
No comments:
Post a Comment