ondragstart="return false" onselectstart="return false"

Tuesday, March 30, 2010

လင်းယုန်ငှက်၏ အချိန်ကိုက် ထိုးသုတ်မှုနှင့်တူသော ဆုံးဖြတ်ချက်

စိုးနေလင်း | အင်္ဂါနေ့၊ မတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်

စစ်အစိုးရက တတိုင်းပြည်လုံးကို စစ်ကျွန်အဖြစ် ထာဝရသွတ်သွင်းဖို့၊ အာဏာသိမ်း တရားမဝင် စစ်အစိုးရဘဝက တရားဝင် စစ်အစိုးရဘဝကို အရေခွံလဲဖို့ အဆုံးသတ် ကြိုးစားတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တတိုင်းပြည်လုံး ပြည်သူတရပ်လုံးကိုယ်စား အဆုံးအဖြတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ တဖက်မှာ ပါတီရဲ့ တရားဝင် ရပ်တည်ရေးကို ထည့်သွင်းစဉ်းစားရသလို တဖက်မှာလည်း ပြည်သူလူထုက ယုံကြည်အပ်နှံလွှဲအပ်ထားတဲ့ တိုင်းပြည်ကို လူ့အခွင့်အရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတခုအဖြစ် တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေး လောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ အချိန်ကတည်းက ခင်ပွန်းသည်၊ သားသမီးနဲ့ မိသားစုဘဝ ဆိုတဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားတွေကို စွန့်လွှတ်စတေးပြီး အမှန်တရား၊ တရားမျှတမှုနဲ့ တိုင်းပြည်ရဲ့ ပြည်သူလူထုမျက်နှာကိုပဲ ကြည့်လာခဲ့တယ် ဆိုတာကတော့ အထူးပြောနေစရာ လိုမယ်မဟုတ်ပါဘူး။ တိုင်းပြည်အာဏာကို မတရား သိမ်းယူထားတဲ့ စစ်အစိုးရကို အံတုရင်ဆိုင်ရတဲ့ အခါတိုင်းလည်း တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို အဓိက အလေးထားပြီး လူကြီးလူကောင်းဆန်ခဲ့သလို သဘောထား ပျော့ပျောင်းခဲ့ပါတယ်။

ဒါပေမဲ့ ပျော့ပျောင်းသလိုပဲ မာကျောခဲ့ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် စစ်အာဏာသိမ်း အစိုးရကတော့ ဘယ်တုန်းကမှ လူကြီးလူကောင်း မဆံခဲ့သလို၊ ပျော့ပျောင်းနူးညံ့တယ် ဆိုတာလည်း မရှိခဲ့တာ မြန်မာတင်မက ကမ္ဘာအထိ သိကြပြီး ဖြစ်ပါတယ်။ အရက်စက်ဆုံး၊ အမိုက်ရိုင်းဆုံး၊ အယုတ်မာဆုံး၊ အကောက်ကျစ်ဆုံး၊ လူမဆန်ဆုံး ဆိုတဲ့ နည်းလမ်းတွေကိုပဲ သုံးပြီး ရဟန်းရှင်လူ ပြည်သူလူထုအားလုံးကို ဖိနှိပ်ညှဉ်းဆဲ သေနတ်မိုး အုပ်ချုပ်လာခဲ့တာပါ။

အခုအချိန်ကတော့ တကယ့်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေ၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကြီး တရပ်လုံးက စစ်အစိုးရက ခေါ်ယူလိုက်တဲ့ လမ်းကြောင်းအတိုင်း၊ လျှောက်စေချင်တဲ့ လမ်းအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရပ်တည်ရေး တခုတည်း ဦးစားပေးပြီး လိုက်သွားမလား၊ ပြည်သူလူထုကြီး တရပ်လုံးရဲ့ တကယ့်စိတ်ဆန္ဒနဲ့ လိုလားချက်တွေကို မျက်နှာလွှဲခဲပစ် လုပ်လိုက်မလားဆိုပြီး ရင်တမမနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြတာပါ။

ဂန္ဒီခန်းမကိုပါ ထည့်တွက်မယ်ဆိုရင် အခုတကြိမ်ဟာ ၄ ကြိမ်မြောက် ဖြစ်လိမ့်မယ် ထင်ပါတယ်။ ဂန္ဒီခန်းမကလွဲရင် ကျန်တဲ့ အကြိမ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ အခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး၊ ရွေးကောက်ပွဲဥပဒေတွေကို လက်မခံနိုင်ဘူး၊ ပါတီမှတ်ပုံမတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အပါအဝင် ဖြစ်ပါတယ်။

ဒီတကြိမ် အဆုံးအဖြတ်ကတော့ ပါတီထိပ်ပိုင်း ဗဟိုအလုပ်အမှုဆောင်တွေကပဲ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ အကျဉ်းကျခံနေတဲ့ ဗဟိုကော်မတီဝင်တွေကလွဲရင် ကျန်တဲ့ တိုးချဲ့ဗဟိုကော်မတီဝင်တွေအထိပါ ပါတယ်။

တကယ်ပဲ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခင်ဗျား .. ကျေးဇူးလည်း တင်ပါတယ်၊ လူထုတောင့်တနေတဲ့ တိုက်ပွဲကို ခေါ်ယူလိုက်တာပါပဲ။

တပြိုင်နက်တည်းမှာပဲ ဒီဆုံးဖြတ်ချက်ရဲ့နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီ ပြည်ထောင်စုတခုကို ခိုင်ခိုင်မတ်မတ် တည်ဆောက်နိုင်ဖို့ စစ်အာဏာရှင်တွေရဲ့ ဖိစီးနှိပ်ကွပ်မှု၊ ရက်စက်ကြမ်းတမ်း ကောက်ကျစ်မှုတွေကို ခုခံတန်ပြန်တိုက်ခိုက်ဖို့ မှန်ကန်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ အခိုင်အမာ ချမှတ်ထားဖို့ အဲဒီမဟာဗျူဟာ၊ နည်းဗျူဟာတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် လူထုကို ရှေ့ဆောင်လမ်းပြ လုပ်နိုင်ဖို့ ကိုယ်ကျိုးစွန့် အနစ်နာခံမယ့်သူတွေ အများကြီး ရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြင်ဆင်ထားပြီး ဖြစ်ပါလိမ့်မယ်။

ပြည်ပက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ အလံတော်အောက်ကနေပြီး စစ်အာဏာရှင်စနစ်ကို အသုံးပြုလို့ ရနိုင်သမျှ တော်လှန်ရေးနည်းနာတွေ အားလုံးကို အသုံးပြုပြီး ဆန့်ကျင်တိုက်ခိုက်သွားကြဖို့ လိုအပ်ပါလိမ့်မယ်။

ပြည်တွင်းက ပြည်သူလူထုတွေအနေနဲ့လည်း မိမိတို့ လိုလားတောင့်တနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချမှတ်ထားခဲ့ပြီးဖြစ်လို့ ပါတီရဲ့ ဦးဆောင်လမ်းညွှန်မှုအတိုင်း ဖော်ဆောင်ပေးလာမယ့် တိုက်ပွဲပုံစံအတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ။ ကိုယ်နဲ့မဆိုင်ဘူး၊ အန္တရယ်များတယ်၊ ကိုယ့်စီးပွား ကိုယ်ရှာနေတာပဲ ကောင်းပါတယ် စတဲ့ အချောင်သမား စိတ်ဓာတ်တွေကို မမွေးမြူသင့်ကြပါဘူး။ ကိုယ်စီကိုယ်စီက မတရားမှု၊ မတရားတဲ့ အမိန့်အာဏာတွေကို အာခံဆန့်ကျင်ဖို့ သတ္တိမွေးကြရပါလိမ့်မယ်။ ”တယောက်အားဖြင့် ယူသော်မရ၊ တသောင်းအားဖြင့် ယူသော်ရ၏” ဆိုတဲ့ စကားအတိုင်း ပေါင်းစည်းလို့ ရနိုင်သမျှ အင်အားတွေကို ပေါင်းစည်းဖို့ ကြိုးစားကြရပါလိမ့်မယ်။

ကျနော်တို့ဘက်မှာ ပြည်သူလူထု သန်းပေါင်း ၅ဝ ကျော် ရှိပါတယ်။ စစ်အစိုးရရဲ့ဘက်မှာ ၄ သိန်းကျော်ပဲ ရှိပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုရဲ့ သားသမီးတွေဖြစ်တဲ့အတိုင်း ပြည်သူလူထုဘက်ကို ကူးပြောင်းပူးပေါင်းလာနိုင်မယ့် သူတွေလည်း ရှိနေကြပါသေးတယ်။ သူတို့တွေကိုလည်း အမှားကအမှန် အမှောင်က အလင်းဘက်ကို ကူးပြောင်းလာကြဖို့ စည်းရုံးသိမ်းသွင်းကြရပါလိမ့်မယ်။ သူတို့ကိုယ်တိုင်လည်း အသေအချာ စဉ်းစားရမယ့်အချိန် ဖြစ်ပါတယ်။ အမှန်တရားနဲ့ ပြည်သူလူထုကြီး တရပ်လုံးဘက်က ရပ်မလား၊ မတရားတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်ဆိုသူတွေဘက်က ရပ်တည်မလားဆိုတာပါပဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုကြီးရဲ့ တခဲနက် ပါဝင်ဆောင်ရွက်မှုကို ရယူပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ပါလိမ့်မယ်။ ပြည်ပနိုင်ငံ အသီးသီးက ဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင် အင်အားစုတွေအနေနဲ့လည်း တပြိုင်နက်တည်းမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ကြဖို့ အပြောမဟုတ်ဘဲ၊ အလုပ်နဲ့ တကယ်တမ်း ကြိုးစားကြရပါလိမ့်မယ်။
mizzima သတင်းမှ

No comments:

Post a Comment