DKBA တပ်မှူး အိမ်သစ်တက်ပွဲ သိန်းရာချီ အကုန်ခံမည်
ခွေးရူးကောင်းစားတမွန်းတည့်တဲ့ ကြားဘူးလား ချစ်သူရေ.....
သန်းထိုက်ဦး Tuesday, March 23, 2010
တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ၉၉၉မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ နေအိမ်သစ် တက်ပွဲကို သိန်းရာချီ အကုန်အကျခံပြီး ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး စောချစ်သူ၏ “ချစ်သူမြိုင်စံအိမ်”
ဗိုလ်ချစ်သူ၏ နေအိမ်ကို ကရင်ပြည်နယ် မြ၀တီမြို့ရှိ ရွှေကုက္ကိုမြိုင် ကျေးရွာတွင် “ချစ်သူမြိုင်စံအိမ်” ဟူ၍ အမည် ပေးထားသော အိမ်သစ် တက်ပွဲကို စတိတ်ရှိုး၊ ဗွီဒီယို သရုပ်ဆောင်များနှင့် ထိုင်းလူငယ် အကတို့ဖြင့် ယခုလ ၂၄ ရက်မှ စတင်၍ ၃ရက်ခန့် ဧည့်ခံဖျော်ဖြေ သွားမည် ဖြစ်သည်။
ယင်းကဲ့သို့ DKBA တပ်မှ အရာရှိ တဦး တယောက်မှ အိမ်သစ် တက်ပွဲ အခမ်း အနားကို ကျင်းပနိုင် ခဲ့ခြင်းမျိုး မြ၀တီမြို့နှင့် ဘားအံမြို့တွင် မရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။
“အိမ်ကတော့ တော်တော် သားနားတယ်၊ ဒီလို အိမ်မျိုး ဘားအံမြို့ မှာတောင် မရှိဘူး”ဟု ၎င်း အိမ်သို့ သွားရောက်ဖူးသူ ကိုဒွေးက ဧရာဝတီသို့ ပြောသည်။
ယင်း အိမ်ကို ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး အင်ဂျင်နီယာများကို ငှားပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က စတင်၍ ဆောက်လုပ် ခိုင်းခဲ့ကြောင်း သိရသည်။
အိမ်ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး ကုန်ကျသည့် ငွေပမာဏကိုမူ မသိရှိရသေးသော်လည်း လက်ရှိတွင် ဗိုလ်ချစ်သူက ပဲခူးတိုင်း ရွှေကျင်မြို့နယ် အနီးအနားတွင် သစ်နှင့် ရွှေတူးသည့် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း DKBA နှင့် နီးစပ်သူများထံမှ သိရ သည်။
“ဖိတ်စာရိုက်ဖို့ အတွက်ပဲ ကျပ်ငွေ သိန်းသုံးရာ ကုန်တယ်၊ ဖိတ်စာ တစောင်ကိုပဲ ပုံနှိပ်ခ ကျပ်ငွေတသောင်းပေးရတယ်”ဟု ဧရာဝတီသို့ DKBA နှင့် နီးစပ်သူ တဦးက ပြောသည်။
အိမ်သစ်တက်ပွဲ အခမ်းအနားကို တက်ရောက်ရန် အတွက် ဖိတ်ကြားထားသည့် ကြော်ငြာပိုစတာများကို မဲဆောက်မြို့ရှိ ဘုန်းကြီး ကျောင်းနှင့် ဈေးများတွင် လိုက်လံကပ်ထားကြောင်း ဒေသခံ မျက်မြင်သက်သေများက ပြောသည်။
“မဲဆောက်က လူတွေကတော့ အများကြီး သွားကြမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ပွဲဖြစ်တိုင်း မဲဆောက်က အလုပ်သမားတွေ အများ ကြီးသွားကြတယ်”ဟု မဲဆောက်ဒေသခံ တဦးက ပြောသည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက် ကိုင်အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် မြန်မာ့တပ်မတော် နှင့် DKBA ပူးပေါင်းပြီး KNU တပ်မဟာ ၇ မှ စခန်းများကို အပြင်းအထန် ထိုးစစ် ဆင်ခဲ့သဖြင့် KNU က အဆိုပါစခန်းများကို လက်လွှတ်ပေးခဲ့ရသည်။
ဧရာဝတီသတင်းမှ
1 comment:
ခေတ်တိုင်း စနစ်တိုင်းမှာ ကိုယ်ကျိုးရှာ အတ္တသမားတွေ၊ ရန်သူအလိုတော်ရိတွေ၊ အမျိုးသားသစ္စာဖောက်တွေဟာပေါ်ပေါက်စမြဲ၊ ရှိစမြဲပါ။ သူတို့ဟာ အာဏာရနိုင်တယ်၊ ချမ်းသာနိုင်တယ်၊ ဒါပေမဲ့ မတရားသဖြင့်ရတဲ့ဒီအာဏာနဲ့ချမ်းသာမှုတွေဟာ မြဲတယ်မရှိပါဘူး၊ ဒါပေမဲ့ သားစဉ်မြေးဆက် ပြည်သူရဲ့အော့နှလုံးနာ၊မုန်းတီးမှုကိုတော့အမြဲမသွေခံရစမြဲပါ။
Post a Comment