ondragstart="return false" onselectstart="return false"

Thursday, March 18, 2010

ကရင်ခေါင်းဆောင်များ နိုင်ငံရေးပါတီ ဖွဲ့မည်

စောရန်နိုင် Thursday, March 18, 2010

ထင်ရှားသည့် ကရင်တိုင်းရင်း သားများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပါတီထူထောင်ရေး ကိစ္စများနှင့် ပတ်သက်ပြီး ကြိုးပမ်း ဆောင်ရွက် နေကြကြောင်းနှင့် တသီးပုဂ္ဂလ အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေ ကြကြောင်း သတင်း ရရှိသည်။

အသစ်ဖွဲ့စည်းရန် စီစဉ်နေသော ပါတီများအနက် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် အခြေပြုမည့် ကရင်ပြည်သူ့ပါတီ (Karen-People Party – KPP) သည်လည်း တခုအပါအ၀င်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားများက ပြောသည်။

၎င်းတို့၏ အဆိုအရ KPP အား ထင်ရှားသည့် ကရင်ဆေးပညာရှင် ဒေါက်တာ စောဆိုင်မွန်သာ က ဖွဲ့စည်းလိုက် ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ရွေးကောက်ပွဲ ၀င်မှာပါ။ ကျနော်တို့ပါတီက မြန်မာပြည်က ကရင်ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုမှာပါ”ဟု ပါတီဝင် တဦးက ပြောသည်။

KPP သည် ကရင်အမျိုးသားအလံကို ပါတီ အလံတော်အဖြစ် အသုံးပြုမည်ဖြစ်ကြောင်းလည်း သိရသည်။

KPP က ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မည် ဖြစ်ကြောင်း ၎င်းပါတီဝင်က ပြောသည်။ ကရင်လူမျိုး အများ အပြားနေထိုင်သော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ယင်းပါတီအနေနှင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဆိုင်မွန်သာသည် ကရင်လက်နက်ကိုင် အဖွဲ့များနှင့် မြန်မာစစ်အစိုးရ အကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ကျော်ကြား လာခဲ့သူဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် ရန်ကုန်၌ကျင်းပသော ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ဦးဆောင်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့နှင့် ထိုအချိန်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်ဦးဆောင်သည့် စစ်အစိုးရ ကိုယ်စား လှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေး စကားဝိုင်းကို ၎င်း စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ စောဆိုင်မွန်သာသည် ရန်ကုန်အခြေစိုက် ကရင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဥက္ကဌလည်း ဖြစ်သည်။

ကရင်သတင်းရပ်ကွက်များ အဆိုအရ ပဒိုအောင်ဆန်း ဦးဆောင်သည့် “ငြိမ်းချမ်းရေးအဖွဲ့” တဖွဲ့သည်လည်း အထွေထွေ ရွေး ကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ကရင်ပြည်နယ်တွင်း အခြေပြုကြသော အခြားအဖွဲ့များဖြစ်ကြသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ဗိုလ်မှူးကြီး သူမူဟဲ ဦးဆောင်သော ကရင် ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ ဗိုလ်မှူးချုပ်ထိန်မောင် ဦးဆောင်သော KNU/KNLA ငြိမ်းချမ်းရေးကောင်စီ နှင့် ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ နေစိုးမြ ဦးဆောင်သော အဖွဲ့ အပါအ၀င် ခွဲထွက် အဖွဲ့ ၆ ဖွဲ့သည် နိုင်ငံရေးပါတီဖွဲ့စည်းရန်နှင့် ရွေးကောက်ပွဲဝင်ရန် သဘောထားမရှိကြောင်း ယင်းသတင်းရပ်ကွက်များက ပြောကြသည်။

ရန်ကုန်အခြေစိုက် ကရင်သတင်းရပ်ကွက်များ အဆိုအရ စစ်အစိုးရကို ထောက်ခံသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအ သင်း (USDA) သည် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအတွက် ကရင်လူမျိုးများကြား မဲဆွယ်စည်းရုံးနိုင်ရန် သြဇာရှိ၍ လူအများလေးစားသော ကရင်ဘာသာရေး ခေါင်းဆောင်များ၏ အကူအညီကို ရယူလျှက်ရှိကြောင်း သိရသည်။

ဗြိတိသျှအုပ်ချုပ်ရေးကာလအတွင်း မြန်မာ့တပ်မတော်၌ အမှုထမ်းခဲ့သူလည်းဖြစ် လူအများလေးစားခံရသည့် ကရင်အမျိုးသား လည်း ဖြစ်သူ အငြိမ်းစား ဗိုလ်မှူးကြီးဟောင်း စောခင်စိုးသည် ကရင်ပြည်နယ်အတွင်း USDA အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူခဲ့ပြီးဖြစ်ကြောင်း DKBA နှင့် နီးစပ်သည့် သတင်းရပ်ကွက်တခုက ဧရာဝတီသို့ ပြောပြသည်။

စောခင်စိုးသည် မြန်မာစစ်အစိုးရက ယုံကြည်ရသူဟု ပြောနိုင်ရုံသာမက DKBA အဖွဲ့ဝင်များ အပါအ၀င် ကရင်လူထုကြား၌ လေးစား အသိအမှတ်ပြုခံရသူဖြစ်ကြောင်းလည်း သိရသည်။ သူသည် တချိန်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၌ စစ်သံမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

ရွေးကောက်ပွဲများ ကျင်းပပြီးစီးသွားပါက စောခင်စိုးအား ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးနိုင်ကြောင်း DKBA သတင်း ရပ်ကွက်များက ပြောကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ၌ မဲဆန္ဒနယ် ဒေသကြီးများနှင့် ပြည်နယ်များအတွက် ၀န်ကြီးချုပ်များ ခန့်အပ်နိုင် သည့် အာဏာရှိသည်။

၁၉၉၀ ရွေးကောက်ပွဲ ကာလအတွင်း ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်(UKL) နှင့် ကရင်အမျိုးသားဒီမိုကရေစီကွန်ရက် (KNCD) စသည်ဖြင့် ကရင်နိုင်ငံရေးပါတီ ၃ ခု ဖွဲ့စည်းခဲ့ပြီး ယင်းတို့အနက် KSNO သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေတခု၌ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထိုရွေးကောက်ပွဲ၌ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ ၁၄ ခု အနက် ၁၀ ခုတွင် အနိုင်ရရှိခဲ့ကြောင်းလည်း သိရသည်။
ဧရာဝတီသတင်းမှ

No comments:

Post a Comment