ondragstart="return false" onselectstart="return false"

Friday, March 12, 2010

နယ်ခြားစောင့်တပ် အရေး မတ်လ ၁၅ ရက် နောက်ဆုံး အကြောင်းပြန်ရမည်

Friday, 12 March 2010 18:48 သန်းထိုက်ဦး

စစ်အစိုးရ တာဝန် ရှိသူများနှင့် KIO အဖွဲ့ ခေါင်းဆောင် တချို့တို့က မြစ်ကြီးနား မြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေး နေကြောင်း အပစ် အခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် နီးစပ်သူများ အဆိုအရ သိရသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းသည် ကချင် ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ်ကို ထပ်မံ ဆွေးနွေးနေသည်ဟု KIO နှင့် နီးစပ်သူ ကိုမာလာက ဧရာဝတီသို့ ပြောသည်။

“သူတို့ ဆွေးနွေးနေကြတယ်၊ အဲဒါ သူတို့က ဒီ နယ်ခြားစောင့်တပ်ကို လက်ခံလား လက်မခံဘူးလား၊ အဲဒါ လက်မခံဘူးဆိုရင် ဒီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီးတော့ စစ်ရေးအရ အရေးယူမယ်ပေါ့၊ အဲဒီတော့ KIA ဘက်ကလည်း အဖြေရဖို့ရန် ထိပ်ပိုင်း ကော်မတီဝင်တွေ ၃ ရက်လောက် အစည်းအဝေး လုပ်ပြီးတော့ ဒီနေ့ အဖြေသွားပေးတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ၂၉ ရက်နေ့က မြစ်ကြီးနားမြို့၌ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင် သည့် စစ်အစိုးရ အရာရှိများနှင့် ကချင်ခေါင်းဆောင်များ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။ ယခု တွေ့ဆုံမှုသည် ၂၀၁၀ ပြည့်နှစ်အတွင်း ဒုတိယ အကြိမ်ဖြစ်သည်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြား စောင့်တပ် ပြောင်းလဲရေး အတွက် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းကြားရန် စစ်အစိုးရက သတိပေးထားကြောင်းလည်း ကိုမာလာက ဆိုသည်။

စစ်အစိုးရက ယခုအခါ KIA နှင့် ၀ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) ဒေသ တလျှောက်တွင် စစ်အင်အား ခန့်မှန်းခြေ ၇၀၀၀၀ ကျော် တိုးချဲ့၍ စစ်ရေးပြင်ဆင်ထားကြောင်း ဧရာဝတီ သတင်းဌာနက စုံစမ်းသိရှိရသည်။

KIO နှင့် နီးစပ်သူ ကိုမာလာက“စစ်အစိုးရက တောတွေထဲမှာ စခန်းချပြီးတော့ စစ်ရေး လှုပ်ရှားမှုတွေလုပ်နေတယ်၊ စစ်သားတွေ လည်း တော်တော်ရောက်နေတယ်၊ အဲဒီ စစ်သားတွေက UWSA ဘက်ကို ဦးတည် နေလား၊ KIA လက်ကို ဦးတည် နေလားတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် တရုတ်-မြန်မာ နယ်စပ်တွင် တင်းမာမှုများရှိနေသည်နှင့်အမျှ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကလည်း နယ်စပ် ဒေသတွင်အနီးကပ်စောင့်ကြည့်၍ တပ်လှန့်ထားကြောင်း တရုတ် စစ်ဘက်သတင်းများက ဆိုသည်။

စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို UWSA တပ်ဖွဲ့ လက်ခံလာစေရေး ကြားဝင်ဖျောင်းဖျရန် စစ်အစိုးရ အရာရှိများက တရုတ် အာဏာ ပိုင်များကိုပန်ကြားထားကြောင်း၊ အကယ်၍ UWSA တပ်ဖွဲ့သာ တရားမဝင်အဖွဲ့ဖြစ်သွားပါက အင်အား သုံးသောင်းခန့် ရှိ UWSA တပ်ဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရသည်။

ယခု အခြေအနေမှာ ပွင့်လင်းရာသီ ကုန်ဆုံးခါနီး ဖြစ်ကြောင်း၊ မိုးများသည့် မုတ်သုံရာသီတွင် စစ်ဆင်ရေး လုပ်မည်ဆိုပါက
စစ်အစိုးရတပ်များ အနေဖြင့် အခက်အခဲရှိကြောင်း၊ UWSA တပ်ဖွဲ့အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ပြောက်ကျား တိုက်ခိုက်သည့် မဟာဗျူဟာကို အသုံးပြုနိုင်သည့်အတွက် စစ်ပွဲမှာ ကြာရှည်နိုင်ကြောင်း တရုတ် မြန်မာနယ်စပ် ရှိ စစ်ရေး အကဲခတ်များက ဆိုသည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန်အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
ဧရာဝတီသတင်းမှ

No comments:

Post a Comment