ondragstart="return false" onselectstart="return false"

Friday, June 4, 2010

စစ်အစိုးရ ဥမင်လိုဏ်ခေါင်းများ ဆက်ဖောက်

ရန်ပိုင် Friday, June 04, 2010

မကွေးတိုင်း ပဒါန်းမြို့နယ် အနောက်ဘက် မိုင် ၅၀ ခန့် အကွာရှိ ရခိုင်ရိုးမတွင် စစ်အစိုးရက သံသယ ဖြစ်ဖွယ် ဥမင် လိုဏ်ခေါင်းများ ဖောက်လုပ် နေကြောင်း သိရသည်။

အဆိုပါ လိုဏ်ခေါင်းများ၏ အကျယ်နှင့် အမြင့်မှာ ပေ ၅၀ ခန့်ရှိပြီး တနေ့လျှင် အလုပ်သမား ၅၀၀ ခန့် အလုပ်လုပ်ကိုင်နေကြောင်း၊ ကိုရီးယားလူမျိုး ကျွမ်းကျင်သူ ပညာရှင်များက ကြီးကြပ်၍ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထိုလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် ဒေသ ခံတဦးက ဧရာဝတီသို့ ပြောသည်။

မကွေးတိုင်း ပဒါန်းမြို့နယ် အတွင်းရှိ ဥမင်လိုဏ်ခေါင်း ဖောက်လုပ်သည့် တည်နေရာ မြေပုံ

“ပဒါန်းမြို့နယ်ကနေ တောထဲကို ၃နာရီလောက် မောင်းရတယ်၊ စစ်တပ်ကခွင့်ပြုထားတဲ့ ကားတွေပဲ သွားရတယ်၊ လိုဏ်ခေါင်းက တော်တော်ရှည်နေပြီ မိုင်းခွဲလို့ အပြင်ကို ထွက်ပြေးရင် မိနစ် ၃၀ လောက် ပြေးရတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ပင်မလိုဏ်ခေါင်း နှင့် ကွန်ရက်သဖွယ် ဆက်သွယ်ထားသည့် လိုဏ်ခေါင်းများကိုလည်း ဘေးပတ်လည်တွင် ရှိကြောင်း၊ တောင်၏ ကျောက်သားနံရံများကို တနေ့လျှင် မိုင်း ၅ ကြိမ်ခန့် ခွဲ၍ တူးဖော်ပြီး မြေတူးစက်များ၊ မြေသယ်ကားများဖြင့် လုပ်ကိုင်နေ ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

လိုဏ်ခေါင်း အတွင်း မြေထိန်းနံရံများ ဆောက်လုပ်ရာတွင် လိုအပ်သည့် လက်သမား၊ ပန်းရံ၊ နှင့် သံချည်သံကွေး လုပ်သားများကို တနေ့လျှင် လုပ်အားခ ၉၀၀ကျပ် ပေးပြီး နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း သိရသည်။

ယင်းစီမံကိန်း ကန့်သတ်နယ်မြေတွင် စစ်တပ်များချ၍ လုံခြုံရေး တင်းကျပ်ထားပြီး အလုပ်သမားများမှာ အလုပ်ခွင်အတွင်း ၀င် ထွက်ခွင့် လက်မှတ်များဖြင့် သွားလာရကြောင်း အလုပ်သမားများက ပြောသည်။

ယခင် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရ လက်ထက်ကတည်းက ဧရာဝတီမြစ်နှင့် ရခိုင်ရိုးမအကြား၊ ဧရာဝတီမြစ် အနောက်ဘက် ပြည်ခရိုင်အတွင်းရှိ ဆင်တဲ၊ ထုံးဘို၊ ညောင်ခြေထောက်၊ အထက်မင်းလှ မြို့နယ်ရှိ မလွန်ဒေသတွင် ကာကွယ်ရေးနှင့် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ခဲ့သည်။

ထို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများကို ပုသိမ်- မုံရွာကားလမ်းနှင့် ဆက်စပ်ထားသည်။

ပဒါန်းမြို့နယ်သည် ပုသိမ်- မုံရွာ ကားလမ်းနံဘေး တည်ရှိပြီး မင်းဘူး- အမ်းလမ်းနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်သည်။

ယခုတည်ဆောက်နေသည့် ဥမင်လိုဏ်ခေါင်းများကို စစ်အစိုးရက စစ်ရေး သို့မဟုတ် စီးပွားရေး မည်သည့်ကဏ္ဍတွင် အသုံးချမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။

မင်းတုန်း၊ ပဒါန်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း ဒေသ နှင့် ဆိပ်ဖြူမြို့အနောက်ဘက် ဒေသများ၊ ပခုက္ကူ၊ လောင်းရှည်၊ ဆောနယ်တွင် စစ်အစိုးရက စစ်ရေးလျှို့ဝှက်စီမံကိန်းများ လုပ်ကိုင်နေကြောင်း နေပြည်တော်ရှိ စစ်တပ် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦးက ပြော သည်။

“အခု ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် မကွေးတိုင်း ဥက္ကဋ္ဌလုပ်တုန်းက တပ်မ ၈၈ က ဗိုလ်မှူးကြီး ဇော်မင်းတို့ ပွင့်ဖြူ စကုဘက်မှာ ယူရေနီယံတွေ့လို့ ထုတ်ဖို့ စီမံကိန်းဆွဲတယ်လို့ ကြားဖူးတယ်”ဟု၎င်းက ဆိုသည်။

စစ်အစိုးရသည် တခြားသော စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစီမကိန်းများကို နေပြည်တော်၏ အနောက်ဘက် ပဲခူးရိုးမ အနောက်ဘက်ခြမ်း တောင်တွင်းကြီး၊ နတ်မောက်ဒေသ၊ ပဲခူးရိုးမ အတွင်းရှိ အောင်လံမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် ဆက်စပ် နေသည့် ဒေသတွင် စစ်လက်နက်ပစ္စည်း စက်ရုံများ တည်ဆောင်နေကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရ၏ နျူကလီးယားဆိုင်ရာ လျှို့ဝှက်ဖိုင်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)အဖွဲ့ ဒါရိုက်တာဟောင်း ဘော့ကယ်လီ(Bob Kelley)ကို ပြသခဲ့သည်ဟု ဒီမိုကရက်တစ် မြန်မာအသံ(DVB)နှင့် တွေ့ဆုံခန်း တွင် ပြော ဆိုသည်။

စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်နှင့် ရှမ်းပြည်နယ် အတွင်း မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့် မြေအောက်ဥမင် ကွန်ရက်များ တည်ဆောက်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာက ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်ခန်းတွင် ပြောဆိုခဲ့သည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက် ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသော မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။
ဧရာဝတီသတင်းမှကူးယူသည်။

No comments:

Post a Comment