ondragstart="return false" onselectstart="return false"

Wednesday, June 23, 2010

စာရင်းလိမ် စီးပွားရေးစနစ်

အောင်ကျော်ခင် / ၂၃ ဇွန် ၂၀၁၀

မြန်မာစစ်အစိုးရရဲ့ ဆိုရှယ်လစ်စီးပွားရေးနဲ့ ဈေးကွက်စီးပွားရေးဟာ စာရင်းလိမ်ပြတဲ့နေရာမှာ တူတယ်။ အထက်ကအာဏာပိုင်ကို အမြဲတမ်းကြောက်ရတဲ့စနစ်မှာ အထက်လူကြီးကျေနပ်အောင် စာရင်းလိမ်ပြတာဟာ ဓလေ့ထုံးစံလို ဖြစ်နေပြီ။ ကျေးလက်ကိုဆင်းပြီး စာတမ်းကောက်ရင်လည်း အချက်အလက်ကို အမှန်အတိုင်း မှတ်တမ်းမတင်ဘဲ အထက်လူကြီးကြိုက်အောင် ရေးကြတယ်။ ဒါကြောင့် စစ်အစိုးရ စာရင်းအင်းဌာနက အချက်အလက်တွေဟာ မမှန်ဘူးလို့ ၀ါရင့်အရာထမ်းတဦးက ပြောဖူးတယ်။

အာဏာရှင်နေ၀င်းအကြိုက်လိုက်ပြီး အောက်ခြေက စာရင်းလိမ်ပြတယ်။ စာရင်းလိမ်ပြရင်း ၁၉၈၇ မှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားတယ်။ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရရင် နိုင်ငံခြားအကြွေးမှာ အတိုးဆပ်စရာမလိုတဲ့အတွက် အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ မဆလစစ်အစိုးရက ကုလသမဂ္ဂမှာ လျှောက်ထားတယ်။ အဆင်းရဲဆုံးစာရင်းဝင်ဖြစ်ဖို့ လိုအပ်တဲ့ အချက်တွေထဲမှာ စာတတ်သူ လူကြီးဦးရေ နည်းဖို့လိုတယ်။ ဘုန်းကြီးကျောင်းပညာရေးကြောင့် မြန်မာပြည်မှာ စာတတ်သူများတော့ အဆင်းရဲဆုံးနိုင်ငံ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် စာရင်းလိမ်ဝိဇ္ဇာ မဆလစစ်အစိုးရက စာတတ်သူ အလွန်နည်းကြောင်း စာရင်းလိမ်ပြနိုင်တဲ့အတွက် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်သွားတယ်။

၁၉၆၂ မှာ စစ်အာဏာသိမ်းကတည်းက ကလိမ်စေ့ငြမ်းဆင်လာတာမို့ အခုဆိုရင် စာရင်းလိမ်စီးပွားရေးသက်တမ်းဟာ (၄၈) နှစ် ရှိသွားပြီ။ စာရင်းဇယားတွေကို ကလိမ်ကလည်လုပ်လွန်းတဲ့အတွက် မြန်မာ့စီးပွားရေးကို လေ့လာသူအလွန်နည်းတယ်။ တိုင်းပြည်အ၀င်အထွက် ခက်ခဲရတဲ့အထဲ စာရင်းလိမ်ကို လေ့လာရပြန်တော့ သိပ်စိတ်မရှည်တော့ဘူးပေါ့။ ဒါတောင် လွန်ခဲ့တဲ့ မေလနဲ့ ဇွန်လအစောပိုင်းက မြန်မာ့စီးပွားရေးစာတမ်း (၂) စောင် ထွက်လာသေးတယ်။ ၀ါရှင်တန်အခြေစိုက် ငြိမ်းချမ်းရေး သုတေသနဌာန United States Institute of Peace က မြန်မာ့စီးပွားရေးအထူးအစီရင်ခံစာကို မေလမှာ ထုတ်ဝေတယ်။ ရေးသူဟာ ၀ါရင့်သုတေသီ Lex Rieffel ဆိုသူဖြစ်တယ်။ အနှစ် (၆၀) လောက် တိုးတက်မှု ဆိတ်သုဉ်းနေတဲ့ မြန်မာ့စီးပွားရေးကို သုံးသပ်ထားတာပါပဲ။

တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ အင်ဒိုနီးရှားမှာ အာဏာရှင်အစိုးရလက်ထက် စီးပွားရေးတိုးတက်လာလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ကြပေမယ့် မြန်မာပြည်မှာတော့ စစ်အစိုးရဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင် မလုပ်နိုင်တာကြောင့် သူများနိုင်ငံလို မဖြစ်နိုင်ဘူးလို့ Lex Rieffel က ဆိုတယ်။ ဒါကြောင့် ပထမဆုံးအုပ်ချုပ်ရေး ကောင်းမွန်ဖို့သာ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက တိုက်တွန်းရမယ်လို့ဆိုတယ်။ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးမှာ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍဟာ အဓိကကျပေမယ့် နေရာတကာချုပ်ကိုင်တဲ့ နအဖဟာ ကောင်းမွန်တဲ့ ပုဂ္ဂလိကကဏ္ဍ ရှင်သန်ကြီးထွားလာအောင် ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတယ်။ ဒါကြောင့် အစိုးရအဖွဲ့အစည်းထဲမှာ လုပ်ရည်ကိုင်ရည် ရှိလာပြီး ချုပ်ချယ်ကန့်သတ်မှုတွေကို ရုပ်သိမ်းမှသာလျှင် မြန်မာ့စီးပွားရေးအလားအလာ ကောင်းမှာဖြစ်ကြောင်း ၂၀၁၀ မြန်မာ့စီးပွားရေးအထူးစာတမ်းမှာ ဖော်ပြထားတယ်။

မြန်မာ့စီးပွားရေးစောင့်ကြည့်ရေးအဖွဲ့ အခြေစိုက်တဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Macquarie တက္ကသိုလ် ဘောဂဗေဒဌာန ပါမောက္ခ Sean Turnell ကတော့ နအဖရဲ့ ကလိမ်ခြုံစောင်ကို ဖယ်ရှားပြီး အတွင်းသရုပ်ကို လေ့လာထားတဲ့စာတမ်းကို မီးမောင်းထိုးပြတာပါပဲ။ မြန်မာ့စီးပွားရေး (၁၀) ရာခိုင်နှုန်းနဲ့ (၁၄) ရာခိုင်နှုန်းအကြား တိုးတက်တယ်ဆိုတဲ့ နအဖစာရင်းလိမ်ကို အရင်ဆုံးဖြေရှင်းထားတယ်။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာရင် လောင်စာစွမ်းအင်သုံးစွဲမှုကလည်း တိုးပွားလာတာသဘာဝပါ။ ဒါပေမယ့် မြန်မာပြည်မှာတော့ နအဖရဲ့ စီးပွားရေးတိုးတက်မှုနှုန်းထား မြင့်မားနေပြီး ဓာတ်ဆီနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းက အလွန်နိမ့်ကျနေတာကြောင့် စာရင်းလိမ်တိုးတက်မှုဖြစ်တာ ထင်ရှားတယ်တဲ့။

စစ်အစိုးရရဲ့ စာရင်းလိမ့်ဓလေ့ကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းကို ခန့်မှန်းရတာဟာ အလွန်ခက်တယ်။ Sean Turnell
ကတော့ အကြောင်းသိမို့ စီးပွားရေးတိုးတက်မှုနှုန်းဟာ (၂) သို့မဟုတ် (၃) ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်တယ်လို့ တွက်ပြတယ်။ မြန်မာနိုင်ငံသားတဦးရဲ့ တနှစ်ထုတ်လုပ်မှုဟာ (၄၃၅) ဒေါ်လာသာရှိတာကြောင့် အာဆီယံနိုင်ငံတွေထဲမှာ အနည်းဆုံးဖြစ်တယ်လို့ဆိုတယ်။ သဘာဝဓာတ်ငွေ့ရောင်းလို့ရတဲ့ငွေတွေကို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အသုံးမပြုတာကိုလည်း အစီရင်ခံစာ (၂) ခုစလုံးက ထောက်ပြတယ်။ ဓာတ်ငွေ့ရောင်းလို့ရတဲ့ငွေကို နိုင်ငံ့ငွေစာရင်းမှာ အကုန်လုံး ဖော်ပြထားတာမဟုတ်ပါဘူး။ ပြည်တွင်းမှာ စာရင်းလိမ်ပြပြီး ဓာတ်ငွေ့ကရတဲ့ ငွေအတော်များများ နိုင်ငံခြားဘဏ်တွေမှာ အမည်အမျိုးမျိုးနဲ့ အပ်နှံထားတယ်လို့ဆိုတယ်။

စာရင်းလိမ်စီးပွားရေးစနစ်မှာ နိုင်ငံခြားကုမ္ပဏီတွေ မျက်စိကျနေတာဟာ သဘာဝသယံဇာတ ထုတ်ယူတဲ့ လုပ်ငန်းဖြစ်တယ်။ နိုင်ငံခြားအရင်းအနှီးနဲ့ အတတ်ပညာနဲ့ အလုပ်သမားတွေ ၀င်လာကြပြီး ဓာတ်ငွေ၊ ဓာတ်သတ္တု၊ ရေနံ၊ ကျောက်မျက်၊ ရေအားလျှပ်စစ် စတာတွေကို ထုတ်ယူကြတာဟာ မြန်မာပြည်သားတွေ အကျိုးမခံစားရပါဘူး။ အင်္ဂလိပ်ကိုလိုနီခေတ်က အတိုင်းပါပဲ။ အင်္ဂလိပ်နေရာမှာ စစ်ဗိုလ်ကို အစားထိုးကြည့်လိုက်ရင် ကွက်ကွက်ကွင်းကွင်းပေါ်ထွက်လာတယ်။ ဒါပေမယ့် အင်္ဂလိပ်ဟာ မြန်မာစစ်ဗိုလ်လို ဒို့တာဝန်အရေးတွေနဲ့ လိမ်ညာနေတာမဟုတ်တော့ မြန်မာတွေ မစားရမှန်းသိတယ်။ နအဖကတော့ သဘာဝသယံဇာတကို နိုင်ငံခြားရောင်းစားပြီး အိတ်ထဲထည့်တာကို စာရင်းလိမ်ထားတော့ ပြည်သူတွေအဖို့ မစားရ၀ခမန်း ဖြစ်ကုန်တာပေါ့။ ဒါကြောင့် တရုတ်၊ ပြင်သစ်၊ ထိုင်းနဲ့ တောင်ကိုရီးယားကုမ္ပဏီတွေ သယံဇာတ ထုတ်ယူနေတာဟာ မြန်မာ့အနာဂတ်အတွက် မကောင်းတဲ့ အလားအလာပဲဖြစ်တယ်။

စာရင်းလိမ်စနစ်နဲ့ အစိုးရနှောင့်ယှက်မှုကင်းတဲ့ ကောက်ပဲသီးနှံကဏ္ဍမှာ အောင်မြင်နေပုံကိုလည်း Sean Turnell က ဖော်ပြထားတယ်။ ၂၀၀၉/၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ မြန်မာပြည်ထွက်ပဲမျိုးစုံ (၈၄) ရာခိုင်နှုန်းကို အိန္ဒိယက ၀ယ်သွားတယ်။ တရုတ်ပြည်ကိုလည်း နယ်စပ်လမ်းကြောင်းက တင်ပို့တယ်။ အိန္ဒိယနဲ့တရုတ်မှာ ပဲအထွက်နည်းသွားတာဟာ မြန်မာအတွက် အခွင့်အလမ်းဖြစ်တယ်။ စစ်အစိုးရ ၀င်မရှုပ်မချင်း ပဲရောင်းလို့ ကောင်းနေမယ့်ပုံပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ အများဆုံးတင်ပို့ခဲ့တဲ့ ဆန်လုပ်ငန်းဟာ စစ်အစိုးရ ၀င်ရှုပ်လိုက်တဲ့နောက်ပိုင်း ဈေးကွက်ပျောက်ပြီး ဆန်ကွဲတင်ပို့ခဲ့တဲ့အဆင့် ဖြစ်သွားတယ်။

နိုင်ငံခြားဝင်ငွေအများဆုံးက သဘာဝဓာတ်ငွေ့၊ ဒုတိယအများဆုံးက ပဲမျိုးစုံ၊ တတိယက ကျွန်းသစ်နဲ့ သစ်မာဖြစ်တယ်။ ဒါကြောင့် ပဲလုပ်ငန်းထဲမှာ နအဖအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေ ပါနေမှာ သေချာတယ်။ အ၀တ်အထည်လုပ်ငန်းက စတုတ္ထ၀င်ငွေ အများဆုံးဖြစ်ပြီး ဆန်က နံပါတ် (၅) အဆင့်က လိုက်နေတယ်။ အ၀တ်အထည်ကို ဂျပန်နဲ့ဥရောပကို တင်ပို့တယ်။ ကျွန်းသစ်နဲ့ သစ်မာတင်ပို့တာဟာ ငွေရပေမယ့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့အတွက် ဒေသခံလူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေတယ်။ သစ်နဲ့ကျောက်မျက်ကို တရုတ်ပြည်က အများဆုံးဝယ်ယူတယ်။ မြန်မာပြည်ကို စားသုံးကုန်ပစ္စည်း အများဆုံးရောင်းချနေသူဟာ တရုတ်၊ ထိုင်းနဲ့၊ စင်ကာပူဖြစ်တယ်။

၁၉၆၂ မှာ စစ်အစိုးရတက်လာပြီး စာရင်းလိမ်စီးပွားရေးစနစ် စတင်ကျင့်သုံးချိန်ကစပြီး လက်ရှိ စစ်အစိုးရလက်ထက်အထိ ပေးဆပ်စရာရှိတဲ့ နိုင်ငံခြားအကြွေးဟာ အမေရိကန်ဒေါ်လာ သန်း (၈,၁၀၀) ရှိတဲ့အတွက် နိုင်ငံလုံးဆိုင်ရာ ထုတ်လုပ်မှုရဲ့ (၃၀) ရာခိုင်နှုန်းဟာ အကြွေးဖြစ်ကြောင်း Sean Turnel က တွက်ပြထားတယ်။ မဆလခေတ်က ကြွေးဟောင်းက သန်း (၃,၅၉၄) ရှိပြီး ကြွေးသစ်က သန်း (၄,၅၀၆) ရှိတယ်။ ကြွေးဟောင်းမှာ ဂျပန်ကို ဒေါ်လာသန်း (၂,၂၀၀)၊ ဂျာမဏီကို သန်း (၃၅၀)၊ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ကို သန်း (၃၂၅)၊ ကမ္ဘာ့ဘဏ်ကို သန်း (၇၁၉) ပေးစရာရှိတယ်။ အကြွေးမဆပ်နိုင်လို့ နောက်ထပ်မချေးတာဖြစ်တယ်။ ကြွေးသစ်ထဲမှာတော့ တရုတ်က အများဆုံးဖြစ်မှာ သေချာတယ်။ နအဖမှာ ဒေါ်လာငွေလက်ကျန် ဒေါ်လာသန်း (၅,၀၀၀) ကျော် ရှိရဲ့သားနဲ့ မဆလကြွေးဟောင်းကို မဆပ်တာပါ။

ဗိုလ်နေ၀င်းဦးဆောင်တဲ့ မဆလအစိုးရရဲ့ နိုင်ငံခြားအကြွေးတွေကို နောက်တက်တဲ့ ဗိုလ်သန်းရွှေဦးဆောင်တဲ့ နအဖအစိုးရက မဆပ်တဲ့သဘောဖြစ်နေတယ်။ ကြွေးဟောင်းတွေကိုမဆပ်လို့ မြန်မာအစိုးရကို အေဒီဘီနဲ့ကမ္ဘာ့ဘဏ်က ငွေချေးဖို့ မစဉ်းစားတာပါ။ တကယ်တော့ ဘဏ် (၂) ခုကို ဆပ်ရမယ့်အကြွေးက ဒေါ်လာသန်း (၁၀၄၄) သန်းသာရှိလို့ နအဖအုပ်စု ခိုးထားတဲ့ ငွေလောက် မများပါဘူး။ နောက်တင်တဲ့အကြွေးသစ်ဟာ တရုတ်ကိုဆပ်ရမှာဖြစ်လို့ မဆပ်နိုင်ရင် တရုတ်အလိုကျ လိုက်လျောဖို့သာ ရှိပါတော့တယ်။ မြန်မာပြည်မှာ စစ်ခေါင်းဆောင်တွေ ကြီးစိုးနေသမျှ စာရင်းလိမ်စီးပွားရေးအဆင့်ထက်ပိုပြီး တိုးတက်စရာအလားအလာမရှိကြောင်း သုံးသပ်ထားတာကို တွေ့ရပါတယ်။
ခေတ်ပြိုင်မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment