ondragstart="return false" onselectstart="return false"

Tuesday, June 29, 2010

ဦးစောစေးဝါး (အထွေထွေအတွင်းရေးမှူး၊ ကရင်ပြည်သူ့ပါတီ)



ခိုင်စု | အင်္ဂါနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၃၈ မိနစ်

(အထွေထွေအတွင်းရေးမှူး၊ ကရင်ပြည်သူ့ပါတီ)

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ကရင်ပြည်သူ့ပါတီကို ကရင်အမျိုးသားများ၊ စစ်မှုထမ်းဟောင်းများ အများစု ပါဝင်သည့် လူပုဂ္ဂိုလ် ၁၆ ဦးဖြင့် ဖွဲ့စည်းထူထောင်ခဲ့သည်။

ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ရာ၊ မေလ ၂၁ ရက်နေ့တွင် ပါတီ မှတ်ပုံတင်အမှတ် ၀၀၉ ဖြင့် ခွင့်ပြုချက် ကျခဲ့သည်။

ကရင်ပြည်သူ့ပါတီသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သာမက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းတွင် အဓိက ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ လတ်တလောတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦး ရှိထားပြီး ဖြစ်သည်။

ထိုအထဲမှ ပဲခူးတိုင်း တောင်ငူခရိုင်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောစေးဝါး (အထွေထွေအတွင်းရေးမှူး) ကို သူ့အနေဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ရသည့်အကြောင်း၊ ပါတီထူထောင်ရသည့် ရည်ရွယ်ချက်၊ မဲဆွယ်စည်းရုံးမည့် စိတ်ကူးစိတ်သန်း၊ တောင်ငူဒေသ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အခြေအနေများ၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအမြင်များကို ဆက်သွယ်မေးမြန်းထားပါသည်။


အမည် ဦးစောစေးဝါး

မွေးသက္ကရာဇ် ၃၁. ၈ . ၁၉၄၆

မိဘ ဦးစောအောင်ညွန့် ၊ ဒေါ်အားမူ

မွေးရပ် တောင်ငူမြို့၊ ပဲခူးတိုင်း

မွေးချင်း ၇ ဦးအနက် ၆ ယောက်မြောက်

ပညာရေး ၁၉၆၃ ခုနှစ်တွင် တောင်ငူ အထက (၂) မှ ဂုဏ်ထူး ၂ ဘာသာဖြင့် ၁၀ တန်း အောင်မြင်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၆၈ ခုနှစ်အထိ ဖွင့်လှစ်သော စစ်တက္ကသိုလ် အပတ်စဉ် ၁၀ မှ B.Sc (DSA) ဘွဲ့ ရရှိခဲ့သည်။

မိသားစု ဇနီး နော်ရိန်နာသိန်းနှင့် သားသမီး ၅ ဦး



ဦးစောစေးဝါးသည် ၁၉၆၈ ခုနှစ်မှစ၍ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဗိုလ်မှူးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။ ၁၉၈၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲမှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ကချင်ပြည်နယ်တွင် ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဒုပြည်နယ်မှူး တာဝန်ယူခဲ့သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း MANA တွင် ပဲခူးတိုင်းအရှေ့ခြမ်း ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးလောကသို့ ရောက်ရှိလာပုံ

“ကျနော်က ၂၀၁၀ မှ နိုင်ငံရေးလောကကို တရားဝင် စရောက်လာတာပါ။ ၂၀၀၉ ကတည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်”

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရသည့်အကြောင်း

“အမှန်က အမတ်လောင်းအဖြစ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ စိတ်မ၀င်စားဘူး။ ပါတီလုပ်ငန်းတွေပဲ လုပ်ချင်တာ။ ဒါပေမဲ့ ၀င်ပြိုင်မယ့်လူ မရှိတော့ ကိုယ်တိုင်ဝင်ရမယ့် သဘော ဖြစ်သွားတာပေါ့”

ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေသ

“ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ၀င်ပြိုင်မယ်။ အမျိုးသားလွှတ်တော်ကို ဖြစ်ဖို့များတယ်”

ကရင်ပြည်သူ့ပါတီ ထူထောင်ရပုံ

“ပါတီအဟောင်းတခု ရှိပါတယ်။ သူတို့နဲ့ ပူးပေါင်းဖို့ အခြေအနေမပေးလို့ပါ။ သီးခြားလုပ်မှ ပိုအကျိုးရှိမယ်ထင်လို့ သီးခြားပါတီ ထောင်ဖြစ်သွားတာပါ”

ကိုယ်စားလှယ်လောင်းများတွင် မည်သည့် အရည်အချင်းများ ရှိသင့်သလဲ

“မျိုးချစ်စိတ် ရှိရမယ်။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းအတွက် စေတနာထားနိုင်ရမယ်။ ရိုးသားကြိုးစားရမယ်။ ဘ၀အတွေ့အကြုံ အရည်အချင်းနဲ့ ပညာ အရည်အချင်းမှာပါ သာမန်ထက် ရှိသင့်တယ်”

ဒေသခံများက မည်သည့်အပြောင်းအလဲ ဖြစ်ချင်သလဲ

“လက်ရှိအစိုးရကနေပြီး ပြည်သူ့အစိုးရကို သွားနေတယ်လေ။ ပြည်သူ့အစိုးရ ဖြစ်လာရင် သူတို့လိုချင်တဲ့ ပုံစံအတိုင်း တဖြည်းဖြည်းချင်း ဖြစ်သွားမှာပေါ့။ လမ်းပန်းဆက်သွယ်ရေး ကောင်းစေချင်တယ်။ လမ်းတွေပေါက်ပြဲနေတာတွေ မလိုချင်ဘူး။ နယ်မြေတွေကို ငြိမ်းချမ်းစေချင်ကြတယ်။ ဒါတွေက ပြင်ပေးရမယ့် ကိစ္စတွေပေါ့”

လူထုထောက်ခံမှု ရရှိရန် မည်သို့ မဲဆွယ်စည်းရုံးမလဲ

“မျိုးချစ်စိတ်ရှိတယ်။ တိုင်းပြည်အပါ် စေတနာမှန်တယ် ဆိုတာကိုပဲ အဓိက ချပြရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကျွမ်းကျင်မှုတွေတော့ ရှိရမှာပေါ့”

အနိုင်ရခဲ့လျှင် မည်သည့်ဥပဒေများ ပြောင်းလဲမလဲ

“ဥပဒေလို့တော့ မပြောလိုပါဘူး။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေ တိုးတက်အောင် အမြင်တူ၊ စိတ်သဘောတူတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပေါ့”

တောင်ငူမြို့ စီးပွားရေး တိုးတက်ရန် မည်သည်က အဓိကကျလဲ

“တိုးတက်အောင်လုပ်ဖို့ အခြေခံအချက်လက်တွေက အများကြီးပဲလေ။ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ ရှိရမှာပေါ့။ မှန်ကန်တဲ့ စီးပွားရေးပေါ်လစီတွေ၊ နိုင်ငံရေးပေါ်လစီတွေ ချမှတ်နိုင်ဖို့ပဲ နိုင်ငံတော်မှာလည်း တာဝန်ရှိပါတယ်”

တောင်ငူရှိ ကရင်အမျိုးသားများ ရပ်တည်မှု

“တောင်ငူမှာက ကရင် လူဦးရေ ၅၀ ရာခိုင်နှုန်း ရှိတယ်။ မြို့နေနဲ့ ကျန်တဲ့ မြို့တွေလိုပဲ လည်ပတ်တိုးတက်နေတာပဲ။ ကရင် အမျိုးသားထုက သိတဲ့အတိုင်း တောသူတောင်သားတွေက ဆင်းသက်လာတာဆိုတော့ မြို့ပေါ် လုပ်စားရတာ အခက်အခဲ ရှိတာပေါ့။ မြို့ပေါ်မှာ လုပ်စားတဲ့ သူတွေကျတော့ သူဟာနဲ့သူ အဆင်ပြေပါတယ်”

တောင်ငူ၏ ပညာရေး အခြေအနေ

“တခြားမြို့တွေလိုပါပဲ။ ဒို့ကရင်လူထုတွေက ပညာလိုလားစိတ် နည်းတယ်။ အများကြီး ပညာပေး၊ ဗဟုသုပေးရမယ့် သဘောရှိတယ်”

ကျန်းမာရေး အခြေအနေ

“ကျန်းမာရေးလည်း တခြားမြို့တွေလိုပါပဲ။ ဆင်းရဲရင် ဆင်းရဲသလိုတော့ ကုသမှု ပြုစုမှုအပိုင်းတွေ လိုအပ်နေတာပေါ့။ ဒါကလည်း တပြည်လုံးမှာဖြစ်တဲ့ အတိုင်းအတာပါ”

ဒေသထွက်ကုန်များကို စီးပွားရေးဖွံ့ဖြိုးရန် မည်သို့အသုံးချသွားမလဲ

“ဥယျာဉ်ခြံမြေလုပ်ငန်းတွေ ရှိပါတယ်။ လိမ္မော်သီး၊ နာနတ်သီး၊ ဒူးရင်းသီးတွေ ထွက်တယ်။ ဖာလာတွေလည်း ထွက်ပါတယ်။ တခုရှိတာက နယ်မြေမအေးချမ်းတော့ တောင်သူတွေ လုပ်ရကိုင်ရ အဆင်မပြေဘူးပေါ့။ ဒီ့အတွက် ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး မရမချင်း ပြည်သူလူထုက ကြားကနေ ဒုက္ခရောက်တယ်လေ’’

’’အန်ကယ်တို့က ငြိမ်းချမ်းရေးကို အဓိကထားတဲ့ ပါတီပါ။ အဲဒါကို အထူးကြိုးစားရမယ့်သဘော ရှိတယ်။ အလားတူပဲ ပတ်ဝန်းကျင်မှာ ရွှေတွေထွက်တာ ရှိတယ်လေ။ ဒါတွေကို လွတ်လွတ်လပ်လပ် တူးနိုင်ဖို့ ငြိမ်းချမ်းရေးရှိဖို့က အဓိက”

အနိုင်ရခဲ့လျှင် ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့ ပုံဖော်မလဲ

“အန်ကယ်တို့ ရည်ရွယ်ချက်ကလည်း ငြိမ်းချမ်းရေးအတွက်ဆိုတော့ အဲဒါတွေဖြစ်ဖို့ အသေအချာ အစည်းအဝေးထိုင် ဆွေနွေးဖို့ လိုပါမယ်။ ဒီကိစ္စက ပေါ့သေးသေးကိစ္စ မဟုတ်ပါဘူး။ အခုက ပါတီသက်တမ်း နုသေးတော့ ပါတီခိုင်မာရေးနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ရေးကိုပဲ လုပ်နေရသေးတယ်”

တောင်ငူမြို့ခံများ နိုင်ငံရေး စိတ်ဝင်စားမှု

“အစောပိုင်းတုန်းကတော့ လူထုက စိတ်ဝင်စားမှု မရှိကြပါဘူး။ နိုင်ငံရေးနဲ့ ကင်းကွာနေတာ ကြာတော့လေ။ အခုတော့ ဂျာနယ်တွေမှာလည်း နိုင်ငံရေးပါတီတွေအကြောင်း သတင်းတွေ ပါလာတော့ စိတ်ဝင်စားမှုတွေ ရှိလာကြပါပြီ”

ကရင်ပြည်နယ်မှာ ငြိမ်းချမ်းမှု မရှိသည့် အဆိုးဆုံး ဒေသများ

“တောက လူတွေ အများဆုံးရှိတဲ့ နေရာတွေပေါ့။ ဖာပွန်တို့၊ တောင်ငူရဲ့ အရှေ့ခြမ်းတို့ပေါ့။ ကျန်တဲ့နေရာတွေမှာလည်း သီးသီးသန့်သန့် ရှိပါတယ်။ အဲဒီဒေသတွေမှာ လူထုတွေက ထွက်ပြေးနေရတာတို့ ရှိတာပေါ့”

စည်းရုံးရေး ဆင်းရာတွင် အခက်ခဲဆုံးအရာ

“အခက်အခဲက သိပ်မရှိပါဘူး။ ငွေရေးကြေးရေးပါပဲ။ ငွေခက်ခဲတဲ့အခါ သွားချင်တဲ့နေရာ သွားပြီး မစည်းရုံးနိုင်ဘူးပေါ့။ နောက်တခုက လူထုကို နားလည်အောင် ရှင်းပြရမယ့်ကိစ္စ။ လူထုက နိုင်ငံရေးနဲ့ အကျွမ်းတ၀င် မရှိတာ ကြာပြီဆိုတော့ နိုင်ငံရေးစကားနဲ့ နိုင်ငံရေးအသိတွေ ပေးရင် သူတို့မှာ စိုးရိမ်စိတ်တွေ ရှိတာပေါ့။ သူတို့ စိုးရိမ်စိတ်ကို ကျော်လွှားနိုင်ဖို့ ကြိုးစားရမယ်”

“လူထုတွေက စိုးရိမ်စိတ်နဲ့ မရွံ့မရဲ ဖြစ်နေတာတွေ ရှိတယ်။ စည်းရုံးရေး လုံးဝ လုပ်လို့မရအောင် အနေအထားတော့ မရှိပါဘူး”

၂၀၁၀ ရွေးကောက်ပွဲသည် အပြောင်းအလဲ ဖြစ်စေနိုင်မလား

“အတိုင်းအတာ တခုအထိတော့ အပြောင်းအလဲ ဖြစ်မယ်လို့တော့ မြင်တယ်။ ချက်ချင်း ပြောင်းသွားမယ်တော့ သဘာဝလည်း မကျဘူး၊ ဖြစ်လည်း မဖြစ်နိုင်ဘူး။ တဖြည်းဖြည်း ကူးပြောင်းသွားမယ်လို့ ယုံကြည်လို့ ပါတီထောင်ပြီး ၀င်ပြိုင်တာပါ”

ပြည်သူကို ပြောချင်သည့် စကား

“ရွေးကောက်ပွဲကို တို့တွေရော၊ ပြည်သူတွေရော လွတ်လပ်ပြီး တရားမျှတဖို့ မျှော်လင့်တယ်။ သူတို့ပြောပြောနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို သွားနေတဲ့အခါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ရင် အဲဒီဘူတာတောင် ရောက်မှာ မဟုတ်ဘူး။”
http://www.mizzimaburmese.com/election2010/people-profile/5613-2010-06-29-15-15-11.html

1 comment:

William phan said...

ဦးစောစေးဝါးရေ ခင်ဗျားပြောသလိုဘဲ နအဖခေတ်မှာ နအဖကိုယ်တိုင်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြီး သူတို့လိုရာဆွဲနေ တာဟာ အာဏာရှင်စနစ်သက်ဆိုးရှည်ရေးကို ဦးတည်နေတာမို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်သလို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ လည်းဖြစ်လာမယ်လို့ ပြည်သူရော ကမ္ဘာကရော မယုံဘူးဗျ။

Post a Comment