ondragstart="return false" onselectstart="return false"

Tuesday, June 29, 2010

ကချင်ပါတီအသစ် တည်ထောင်ရန် စစ်အစိုးရ တိုက်တွန်း

နအဖစစ်အစိုးရက ကရင်တွေကို အချင်းချင်းသွေးခွဲ ပေးတိုက်ပြီးပြီ.. ဒီတခါတော့ ကချင်အလည့်ပဲ.. သတိရှိကြ ညီနောင် ကချင်လူမျိုးတို့ ရေ...

Tuesday, 29 June 2010 12:32 KNG

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေသခံ ကချင်တိုင်းရင်သားများအား ကချင်ပါတီအသစ် တည်ထောင်ရန် မြန်မာစစ်အစိုးရက အတင်းတိုက်တွန်းနေကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကြံ့ဖွံ့ပါတီဝင် ဒူဝါ ခက်ထိန်နန်သည် ၎င်းပါတီခေါင်းဆောင်များ၏ တိုက်တွန်းချက်အရ “ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီ (Kachin State Unity and Democracy Party, KSUDP)” ကို ပြီးခဲ့သည့်အပတ်က အလျင်အမြန် တည်ထောင်ခဲ့သည်။

စစ်အစိုးရ ကြံ့ဖွံ့ပါတီမှ နုတ်ထွက်ပြီး ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီ (Kachin State Unity and Democracy Party, KSUDP)” ကို တည်ထောင်သူ ကချင်စီးပွါးရေးသမား ဒူဝါ ခက်ထိန်နန်။ ဓါတ်ပုံ - ကချင်သတင်းဌာန

မကြာမီ KSUDP အား နေပြည်တော် အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် မှတ်ပုံတင်မည်ဖြစ်ကြောင်း ကချင်ပါတီသစ်နှင့်နီးစပ်သူများပြောသည်။

ဒူဝါခက်ထိန်နန် အား ကြံ့ဖွံ့ပါတီမှ ခွဲထွက်၍ ကချင်ပါတီအသစ်တည်ထောင်ရန် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က စစ်အစိုးရ ကြံ့ဖွံ့ပါတီ၏ အတွင်းရေးမှုးနှစ်ဦးဖြစ်ကြသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့ တိုက်တွန်းခဲ့ကြောင်း ဒေသခံ ကြံ့ဖွံ့ အတိုင်းအ၀ိုင်းမှ သိရသည်။

ဦး ခက်ထိန်နန်သည် ယခင်က မြစ်ကြီးနားအခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်ပြီး မြစ်ကြီးနားမြို့ မန်ခရိန် ရပ်ကွက်တွင် ၁၀ နှစ်တိုင် ရပ်ကွက် ဥက္ကဌ တာဝနကို ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။

စစ်အစိုးရအလိုကျ ကချင်ပါတီ မဖွဲ့စည်းမီအချိန်အထိ သူသည် ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေးမှုးဖြစ်ပြီး မြစ်ကြီးနားမြို့၏မြောက်ဘက် ၁၀ မိုင်အထက်ပိုင်း ဆွမ်ပရာဘွမ် လမ်းတစ်လျှောက် လူထုစည်းရုံးရေး ပြုလုပ်နေခဲ့သည်။

“ကျွန်တော်ပြောချင်တာက KSPP ပါတီမှာ မပါဝင်ရင်နေပါ ကြံ့ဖွံ့ပါတီ မှာလည်း ကချင်တွေပါဝင်သင့်ပါတယ်။ ဒါပေမဲ့ ကချင်ပါတီအသစ် တည်ထောင်မယ်ဆိုရင် အိမ်သားအချင်းချင်း ရန်တိုက်ပေးနေတာနဲ့တူတယ် မျက်နှာပူစရာတွေဖြစ်မယ်” ဟု မြစ်ကြီးနားအခြေစိုက် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) မှ ပါတီအရာရှိတစ်ဦးက ပြောသည်။

ယခုလ ၁၉ ရက်နေ့ က ကြံဖွံ့ပါတီ အတွင်းရေးမှုး ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့သည် စစ်အစိုးရသစ္စာခံ ယခင် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်ြဖစ်သူ ဗိုလ်မှူးကြီး လဆန်အောင်ဝါ အား ကချင်ပါတီတည်ထောင်ရန် တိုက်တွန်းခဲ့ပြီး တပတ်အတွင်း ပြန်လည်ရုပ်သိမ်းခဲ့သည်။

ယခုလို ရုပ်သိမ်းပြီးသည့်နောက် လက်ရှိကြံ့ဖွံ့ပါတီ စည်းရုံးရေးမှုး ဒူဝါ ခက်ထိန်နန် ကို ပါတီမှ နုတ်ထွက်စေပြီး ကချင်ပါတီသစ် တည်ထောင်ရန် တိုက်တွန်းခဲ့သည်။
http://kachinnews.com/burmese/2010-01-18-05-43-21/170-2010-06-29-07-07-12.html

ယခုချိန်ထိ ဒီနှစ်မကုန်မီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ကချင်နိုင်ငံရေးပါတီ စုစုပေါင်း ၄ ပါတီ ရှိနေပြီဖြစ်ပြီး ၃ ပါတီက နေပြည်တော်အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ပါတီမှတ်ပုံတင်လျှောက်ထား ပြီးဖြစ်သည်။

ယနေ့အထိ ရွေးကောက်ပွဲကော်မရှင် သို့ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ပါတီရှိရာ ၃၈ ပါတီကို ပါတီထောင်ခွင့်ပြုခဲ့သော်လည်း ၎င်းတွင် ကချင်ပါတီ တစ်ခုမှ မပါပါဘူး။

No comments:

Post a Comment