ondragstart="return false" onselectstart="return false"

Wednesday, June 30, 2010

မွန်အပစ်ရပ်အဖွဲ့၏ ၁၅ နှစ်တာ ခရီး

အဆောင်းဝီ Wednesday, June 30, 2010

ဇွန်လ ၂၉ ရက်နေ့က မွန်ပြည်သစ်နှင့် နအဖ စစ်အစိုးရတို့၏ အပစ်ရပ်စဲရေးဟာ ၁၅ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။ ယခုနှစ် အတွက် ပို၍ ထူးခြားသည်မှာ အပစ်ရပ်စဲရေး အထိမ်းအမှတ် အခမ်းအနားကို မကျင်းပ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော ၂ နှစ် မှစ၍ နအဖ ခေါင်းဆောင်တို့ကလည်း ယင်းအခမ်းအနားကို တက်ရောက်ချီးမြှင့်ခြင်း မရှိတော့ပေ။

မွန်ပြည်သစ် ပါတီက ကျင်းပသော အခန်းအနားတခု မြင်ကွင်း

အခြေအနေ တင်းမာပြီး နောက်ပိုင်း မွန်ပြည်သစ် ပါတီက ၎င်းတို့၏ ပြည်တွင်း ရုံးများကို ပိတ်ပစ် ထားခဲ့ပြီး ပြီးခဲ့သည့် အပတ်ကမှ ရုံးများကို ပြန်လည်ပတ်ခဲ့၍ အခမ်းအနားကို မကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်က အကြောင်း ပြသည်။ မည်သို့ပင်ဆိုစေကာမူ အပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ် အခမ်းအနား ကျင်းပရန် နှစ်ဘက်စလုံးက လေးနက်မှု မရှိတော့သည်မှာ အသေအချာပင်။

အပစ်ရပ်ထားစဉ် ကာလတွင် မွန်ပြည်သူများ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ကြသည်။ ငြိမ်းချမ်းရေး အသီးအပွင့်များပင် ဖြစ်ကြောင်း မွန်ပြည်သစ် ခေါင်းဆောင်တို့က ထောက်ပြကြသည်။

အပစ်ရပ်ခဲ့စဉ် ပါတီ၏ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်က အပစ်ရပ်ရသည့်အကြောင်းရင်းများနှင့် ပတ်သက်၍ မီးရထားဖြင့် ရထားဘူတာတိုင်းတွင် ဟောပြောပွဲ ကျင်းပခဲ့သည်။ “မွန်ပြည်သစ်ဟာ မွန်ပြည်သူတို့နဲ့ အနီးစပ်ဆုံး တွေ့ဆုံဆွေးနွေး နိုင်တော့မယ်။ ဆယ်စုနှစ်ပေါင်း များစွာက ဆုံးရှုံးလာခဲ့ရတဲ့ ငြိမ်းချမ်းရေး အသီးအပွင့်တွေကို အပြည့်အဝ ခံစားရတော့မယ်” ဟု အာမခံချက် ပေါင်းများစွာဖြင့် ပြည်သူများ၏ အားကိုးမှုကို ရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ထိုစဉ်က ဟောပြောပွဲများတွင် “သူချရင် ငါတို့မှာလည်း လက်နက်ကိုင်ထားတာပဲ။ ပြန်ချမှာပေါ့။ တောင်းဆိုတာ မရရင် ပြန်ချပေါ့။ ဒါပဲ ရှိတယ်” ဆိုသည့် ယခု ပါတီဗဟို အလုပ်အမှုဆောင် နိုင်ထာဝရ၏ ယုံကြည်ချက်အပြည့် ပါသော စကားသံနှင့် အတူ ပြည်သူလူထု၏ အားပေးသည့် လက်ခုပ်သံက ညံသွားခဲ့သည်။ မွန်ပြည်သစ်ပါတီသည် “မွန်ပြည်အသစ်ကို ထူထောင်ပေးနိုင်မည့် ပါတီ” ဟု မွန် ပြည်သူလူထုက နားလည်ထားကြသည်။

မွန်ပြည်သစ်ပါတီ၏ တောင်းဆိုချက်များအား နအဖက လိုက်လျောမှု မရှိသည်ကို လေ့လာကြည့်လျှင် မွန်ပြည်သစ် သည် တခြားသော အပစ်ရပ် ပါတီများထက် ခေါင်းဆောင်မှုပိုင်း ပို၍ ထက်မြက်သည်၊ အတွေ့အကြုံအရလည်း သာသည်ကို တွေ့ရသည်။

“မွန်ပြည်သစ်က တမတ်ရရင် တမတ်ယူတာ မဟုတ်ဘူး။ တောင်းဆိုတဲ့အတိုင်း အပြည့်ရမှ ယူမယ့်ပါတီ ဖြစ်တယ်” ဟု ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောဖူးသည်။ “ခင်ဗျားတို့ တောင်းဆိုချက်တွေကို အမျိုးသားညီလာခံမှာ တက်ရောက် တောင်းဆိုနိုင်တယ်” ဟူ၍လည်း ထိုစဉ်က ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်က အကြောင်းပြန်တတ်သည်။ ထိုထက်မက မွန်ခေါင်းဆောင်တို့နှင့် တွေ့ဆုံလျှင် တောင်းဆိုချက်များ အပေါ် လမ်းလွှဲနိုင်ရန် အတွက် နောက်တက်လာမည့် အစိုးရ လက်ထက်ကျမှ တောင်းဆိုရန် ဟူ၍လည်း နအဖ ခေါင်းဆောင်တို့က ပြောတတ်ကြသည်။

မွန်ပြည်သစ်ပါတီက အမျိုးသားညီလာခံကို တက်ရောက်ခဲ့သည်။ ဘဝတူ တိုင်းရင်းသားတို့နှင့်အတူ အမျိုးသား ညီလာခံ၌ တောင်းဆိုချိန်တွင် ပယ်ချခံရ၍ မွန်ပြည်သစ်ပါတီက အမျိုးသားညီလာခံကို ၂၀၀၅ ခုနှစ်မှစ၍ ကျောခိုင်းခဲ့သည်။ ယခုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်၍ ရွေးကောက်ပွဲကို ဝင်ပြိုင်မည် မဟုတ်ကြောင်း ပါတီက အကြောင်းပြန်သည်။ သို့သော် တောင်းဆိုချက်များကို နအဖ ဘက်က မည်သည့်အရာမျှ လိုက်လျောခဲ့ခြင်း မရှိသေးချေ။

မွန်ပြည်သစ် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက “အပစ်အခတ်ရပ်စဲမှုက အကျိုးအမြတ်တချို့ ရှိပါတယ် ပြည်သူလူထုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်စားသောက်လို့ ရလာတယ်။ စီးပွားရေး ပိုင်ဆိုင်မှုတွေ တိုးတက်လာတာ ရှိတယ်။ လမ်းပန်းဆက်သွယ်မှု ကောင်းလာတဲ့အတွက် သူတို့ခြံတွေ တန်ဖိုးရှိလာတယ်။ ပါတီကလည်း မွန် ပြည်သူတွေနဲ့ နီးကပ်မှု ပိုရလာတယ်။ အဲဒီ အတွက် အမြင်တူလာတာ ရှိတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းမှာ တိုးချဲ့လာနိုင်တယ်” ဟု ဧရာဝတီနှင့် အင်တာဗျူးရာတွင် ဖြေကြားခဲ့သည်။

အပစ် ရပ်ထားစဉ်က မွန်ပြည်သစ်နှင့် နအဖတို့အကြား အခြေအနေ တင်းမာလာစေသော ကာလများကို ပြဆိုရသော် ပါတီ၏ ခရိုင်ကော်မတီဝင် နိုင်ယက္ခ၊ နိုင်မျိုးသွေးတို့နှင့် အပေါင်းအပါများအား နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၀၀၃ ခုနှစ် ဇူလိုင်က ဖမ်းဆီးထားစဉ် (၎င်းတို့၏ ပါတီဝင်တဦးဖြစ်သူ နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့အား ရည်စူး၍ ပြည်ပရောက် မွန်အဖွဲ့အစည်းတို့က နှစ်ပတ်လည်နေ့များ နှစ်စဉ် ကျင်းပခဲ့ကြသော်လည်း မွန်ပြည်သစ် ပါတီကမူ ယင်းကဲ့သို့ လုပ်ဆောင်ခြင်း မရှိကြောင်း သတိပြုမိသည်)၊ ၂၀၀၃ ခုနှစ်အတွင်း တရားမဝင် ကားအစီးပေါင်း များစွာ အသိမ်း ခံရစဉ်နှင့် နယ်ခြားစောင့်တပ် လက်မခံကြောင်းကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အကြောင်းပြန်ခဲ့စဉ် အချိန်တို့ကို ပြရမည် ဖြစ်သည်။

နအဖဘက်ကမူ အပစ်အခတ်ရပ်စဲရေးကို ထိခိုက်စေနိုင်သော တခြားချိုးဖောက်မှုများစွာ ရှိသေးသည်။ ဗဟိုဌာနချုပ် နယ်မြေအထိ တစုံတရာ အကြောင်းကြားခြင်း မရှိဘဲ နအဖ စစ်တပ်များ ရောက်ရှိလာခြင်း၊ စစ်တပ်အင်အား တိုးချဲ့ခြင်း စသည့် ကျူးလွန်မှုများ ရှိသည်။ သို့သော် အပစ်ရပ်စဲရေးကို မွန်ပြည်သစ်က ဆက်ထိန်းသွားရန်သာ ကြိုးပမ်းနေသည်။

“ကျနော်တို့ဘက်က ဒီသဘောတူညီချက်ကို အရင်ဖျက်မှာ မဟုတ်ပါဘူး” ဟု ပါတီခေါင်းဆောင်တို့က အမြဲပြောနေသည့်အပေါ် မွန်ပြည်သူလူထုက မွန်ပြည်သစ်၏ “အပစ်အခတ် မပျက်ချင်သော အကြောင်းအရင်း” အပေါ် ယခုအချိန်တွင် သံသယ ရှိလာကြသည်။

အပစ်ရပ်စဲရေး ကာလအတွင်း ပါတီ၏ ခေါင်းဆောင် ဗဟိုကော်မတီဝင်အဆင့် ၁၉ ဦးကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးခဲ့ရသည်။ ထူးခြားသည်မှာ ထိုသူများထဲတွင် နအဖနှင့် အပစ်ရပ်စဲရေးသည် အကျိုးမရှိဟု ဆိုကာ ပါတီမှ အနားယူ (သို့မဟုတ်) နုတ်ထွက်ကာ ပါတီအသစ် တည်ထောင်သူများလည်း ပေါ်ပေါက်လာခဲ့သည်။

ထိုအချိန်မတိုင်မီ အချိန်က မွန်တွင် တပါတီသာ ရှိခဲ့သည်ဟု ဆိုသည်။ ယခုဆိုလျှင် နောက်ထပ် မွန်လက်နက်ကိုင် အဖွဲ့ငယ်ပေါင်း ၅ ဖွဲ့ထက်မနည်း ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ ထိုအခြင်းအရာများသည် အပစ်ရပ်ကာလအတွင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ပါတီ၏ ဗဟိုအလုပ်မှုဆောင် အဆင့်ရှိသူ နိုင်မင်းထွန်းကိုလည်း ၂၀၀၁ ခုနှစ်တွင် ဆုံးရှုံးခဲ့ရသည်။ မွန်ပြည်သစ်အား ပြန်လည် ထိုးနှက်နိုင်ရန် ရည်ရွယ်၍ နအဖဘက်က မွန်ခေါင်းဆောင် တချို့ကိုလည်း ဖဲ့ထုတ်စည်းရုံးမှု အောင်မြင်ခဲ့သည်။ ပါတီ၏ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အောင်နိုင်ကို နအဖက စည်းရုံးနိုင်ခဲ့သည်။ ဗိုလ်မှူးကြီး အဆင့် နိုင်ရှောင်လည်း အပစ်အခတ် ရပ်စဲရေးကို မလိုလား၍ ပါတီမှ အနားယူကာ လက်နက်ကိုင် အဖွဲ့အသစ် ဖွဲ့စည်းပြီး မကြာခင်၌ပင် နအဖ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ယင်းအနက် စစ်ဘက်မှ ဗိုလ်မှူးကြီးအဆင့် နိုင်ပန်းညွန့်က ပါတီမှ ခွဲထွက်ကာ၊ မွန်ပြည်ပြန်လည် တည်ထောင်ရေးပါတီ ထူထောင်ကာ အချင်းချင်း သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြသည်။

ဆိုလိုရင်းမှာ အပစ်ရပ်ပြီးနောက်ပိုင်း မွန်အချင်းချင်း သတ်ဖြတ်မှုများသည် ပိုမို များပြားလာသည်ကို မည်သူမျှ မငြင်းနိုင်ချေ။

ဗဟိုကော်မတီဝင် အဆင့်ဖြင့် ပါတီမှ နုတ်ထွက်သွားသူများထဲတွင် ပါတီ၏ လမ်းစဉ်ကို မနှစ်သက်၍ သော်လည်းကောင်း၊ အသက်ကြီးရင့်၍ သော်လည်းကောင်း၊ စီးပွားရေး အကျပ်အတည်းကြောင့် သော်လည်းကောင်း အလွန် နည်းပါးလှသည်။ အများစုမှာ ငြိမ်းချမ်းရေး ရယူထားစဉ် ကာလတွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ပြည်တွင်းတွင် အခြေခိုင်သွားခြင်း၊ ပိုင်ဆိုင်မှု ဆုံးရှုံးရန် မလိုလားခြင်းတို့ကြောင့် ဗဟိုကော်မတီဝင် အဆင့်မှ အနားယူသွားသူ များပြားနေသည်။ သို့သော် သာမန်အောက်ခြေ စစ်သားများကမူ ပါတီမှ နုတ်ထွက် သွားသည့် အကြောင်းအရင်းများ အနက် စီးပွားရေးအကျပ်အတည်းကြောင့် ဖြစ်နေသည်ကို တွေ့ရသည်။

ပြည်တွင်းတွင် တာဝန်ကျသူ ခေါင်းဆောင်များကို တနေရာတည်း၌ တနှစ်ထက်ပို၍ တာဝန်ပေးလေ့မရှိချေ။ နအဖ ခေါင်းဆောင်တို့နှင့် နီးစပ်မှု ရရှိသွားမည်ကို မလိုလားခြင်းကြောင့်ဟု နားလည်ထားသည်။ သို့သော် အနည်းနှင့်အများ ဆိုသကဲ့သို့ နအဖ နှင့် ပူးပေါင်းရန် ဝန်မလေးသူ၊ စီးပွားရေး မျက်နှာကြည့်တတ်သူများ ရှိဆဲပင်။

အပစ်ရပ်စဲရေး သဘောတူညီချက်ထဲတွင် “အင်အားမတိုးချဲ့ရ၊ အင်အားသစ် မစုစည်းရ၊ တပ်တည်နေရာ မချဲ့ထွင်ရ” ဟူ၍ ပါဝင်သော်လည်း အပစ်ရပ်စဲပြီး နောက်နှစ် ၁၉၉၆ ခုနှစ်မှစ၍ နအဖ စစ်အစိုးရ၏ စစ်တပ်များ တည်ဆောက်ရန် အတွက် ပြည်သူတို့၏ လယ်ယာခြံမြေများစွာ အတင်းအဓမ္မ အသိမ်းခံခဲ့ရသည်။ ထိုဖြစ်ရပ်ကို မွန်ပြည်သစ် ပါတီက တချို့တလေ ကာကွယ်ပေးနိုင်ခဲ့သည်ဟု ဆိုသော်လည် အများစုကို ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ချေ။ ၁၅ နှစ်တာ ကာလအတွင်း ယင်းကဲ့သို့ အသိမ်းခံခဲ့ရသည့် မြေယာ ဧကပေါင်း ၈၀၀၀ ကျော် ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တို့၏ မှတ်တမ်းများအရ သိရသည်။ ထိုမျှမက အလားတူ မြေယာသိမ်းမှုမျိုး မွန်ပြည်သစ် တပ်ဖွဲ့ဝင် တချို့က ကျူးလွန်ခဲ့သည့် မှတ်တမ်းတချို့လည်း ရှိခဲ့သည်။

အပစ်ရပ်စဲခြင်း မပြုလုပ်ခင်က မွန်ပြည်နယ်တွင် နအဖ စစ်တပ် တပ်ရင်း ၁၀ ခုသာ ရှိခဲ့သော်လည်း ယခုဆိုလျှင် နအဖ စစ်တပ်၏ အမြောက်တပ် ၃ တပ် အပါအဝင် တပ်ပေါင်း ၃၀ ဝန်းကျင်အထိ မွန်ပြည်နယ်အနှံ့တွင် တပ်ဖြန့်ထားသည်ကို တွေ့ရသည်။

အပစ်ရပ်ထားခြင်းကြောင့် မွန်ပြည်သစ်ထက် နအဖဘက်က အမြတ်များစွာ ရှိမည်မှာ အသေအချာပင် ဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်းမှ ဆုံးရှုံးမှု နည်းပါးခြင်း၊ နိုင်ငံတကာကို ပြသနိုင်ခြင်း၊ နယ်မြေစိုးမိုးရေးအတွက် အပြည့်အဝ လုပ်ဆောင်နိုင်ခြင်း၊ သွေးခွဲရန် အခွင့်အလမ်း ပိုမိုရရှိခြင်း စသောရလဒ်များကြောင့် မွန်ပြည်သစ်ပါတီအား နအဖဘက်ကစ၍ တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အတွက် အနည်းအကျဉ်း၊ စစ်ရေးအရ အနည်းအကျဉ်း ဖိအားပေးရုံသာ လုပ်ဆောင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလက နအဖဘက်က ဖိအားပေးမှု ရပ်တန့်သွားသည်ကို ကြည့်ခြင်းအားဖြင့် အပစ်ရပ်စဲရေးကို ၎င်းတို့ဘက်ကလည်း မဖျက်လိုကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

အပစ်ရပ်စဉ်က အကြောင်းကြောင်းကြောင့်ဟု ဆိုကာ နအဖနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။

“မြေပြိုချိန်မှာ ဖားနဲ့မြွေတို့ တွင်းတတွင်းတည်းတွင် ခေတ္တ အတူနေရပုံ” ကို မွန်ပြည်သစ် ခေါင်းဆောင်တို့က ဥပမာ ပေး၍ ရှင်းပြတတ်ကြသည်။ အပစ်ရပ်စဲရေးသည် တနည်းအားဖြင့် အဓိပ္ပာယ်ဖွင့်ရသော် လက်ဝှေ့သမားနှစ်ဦးကို အနားပေးခြင်း ဟုလည်း မွန်ခေါင်းဆောင်တချို့က နှိုင်းယှဉ်တတ်ကြသည်။ သို့သော် အပစ်ရပ်ကာလအတွင်း မွန်ပြည်သစ်ဘက်က အင်အားတောင့်တင်းလာခြင်း မရှိသည့်အပြင် အဆပေါင်းများစွာ ချိနဲ့လာနေသည်။

မွန်ပြည်သစ်နှင့် နအဖတို့အကြား အခြေအနေ တင်းမာခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၂ မှ ၂၈ အခင်းအကျင်းတွင် ပြန်လည်တောခိုလာသူ အများအပြား ရှိသေးကြောင်း သက်သေပြလိုက်သကဲ့သို့ မွန်ပြည်သူတို့၏ ထောက်ခံမှုကို ရရှိနေဆဲ ဖြစ်ကြောင်း တွေ့ရသည်။

သို့သော် ထောက်ခံသည် ဆိုရာဝယ် နအဖ စစ်အစိုးရကို လက်နက်ကိုင်၍ ပြန်လည်တိုက်ခိုက်ခြင်းကြောင့် ထောက်ခံသည်လား၊ သို့တည်းမဟုတ် တိုက်ရည် ခိုက်ရည် ပြသချင်သူတို့၏ ထောက်ခံခြင်းမျိုးလား ဆိုသည်ကို ဝေခွဲရန် ခက်လှသည်။

မည်သို့ပင်ဆိုစေ “တိုက်ခိုက်နေရလျင် ပျော်သည်” ဟု ဆိုသူများစွာ မွန်ပြည်သစ်တွင် ရှိနေသေးသည်မှာ ဧကန်မလွဲပင်။ ထိုထက်ပို၍ အပစ်အခတ်ရပ်စဲရေးအပေါ် ငြီးငွေ့လာသူများ မွန်ပြည်သစ်တွင် တနေ့တခြား များပြား လာနေသည် ကိုလည်း သတိပြုမိလိုက်သည်။
ဧရာဝတီသတင်းမှ

No comments:

Post a Comment