၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တိုင်းရင်းသား ပြဿနာ (သို့မဟုတ်) `ကောင်းမှု´ ၊`မကောင်းမှု´ ၏ အလယ်
မင်းဆွေသစ် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၀ ခုနှစ
(၁)
နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်း တည်ထောင်တယ်လို့ ဆိုတယ်။ ဒီတော့ … ̏ ̏ပြည်ထောင်စုစနစ် ̋ ဆိုတာ ဘာလဲဆိုတာနဲ့ ပတ်သက်လို့ သိရအောင် နိုင်ငံတကာက နိုင်ငံတွေရဲ့ အခြေခံဥပဒေတွေကို လေ့လာကြည့်ရအောင်ပါ။
တိုင်းပြည်တည်ဆောက်ပုံနဲ့ ပတ်သက်ရင် ပုံစံ ၂ မျိုးပဲ ရှိတာကို တွေ့ရပါမယ်။ တခုက တပြည်ထောင်စနစ်ဖြစ်ပြီး နောက်တမျိုးက ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပဲ ဖြစ်ပါတယ်။ တပြည်ထောင်စနစ်က အာဏာဟာ ဗဟိုတခုထဲမှာပဲ ရှိတယ်။ အဲဒီဗဟိုကပဲ အုပ်ချုပ်ရေးတခုလုံးကို ဆောင်ရွက်တယ်။ အုပ်ချုပ်ရေးအာဏာကို ဗဟိုက ချပေးတယ်။ လက်အောက်ခံ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လုပ်ကိုင်မှုတွေကို ဗဟိုက သဘောမကျရင် အာဏာတွေကို ဗဟိုက ချက်ချင်း ပြန်ရုပ်သိမ်းပစ်နိုင်တယ်။ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေဟာ တပြည်ထောင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။
ဖယ်ဒရယ်ပြည်ထောင်စုစနစ် အုပ်ချုပ်ရေးဆိုတာကတော့ ဗဟိုနဲ့ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်ကြတဲ့ ပြည်နယ်တွေအကြားမှာ နိုင်ငံတော်ရဲ့ အာဏာကို စေ့စေ့စပ်စပ် အသေးစိတ် ခွဲဝေထားကြတယ်။ ပါဝင်တဲ့ ပြည်နယ်တွေဟာ ကိုယ့်ဒေသအကျိုးအတွက် အာဏာကျင့်သုံးနိုင်ဖို့ အထူးသီးသန့် အခွင့်အာဏာတွေလည်း ရှိကြပြီး ဖယ်ဒရယ်အဆင့်မှာတော့ သီးသန့်အာဏာကို ဖယ်ဒရယ်ပြည်ထောင်စုအတွင်းမှာ ခွဲခြမ်းထားရှိပြန်တယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး စတဲ့ လုပ်ငန်းရပ်တွေ အားလုံးကို ကြီးကြပ်ထိန်းကွပ်ဖို့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကိုလည်း ထူထောင်ထားရှိပြန်တယ်။ ဒီတော့ …မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေ အရပ်ရပ်အရ အကောင်းဆုံးဖြစ်မယ့် နိုင်ငံတော် တည်ဆောက်ရေး ပုံစံတခုခုဟာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မှာ ပါရှိပါရဲ့လား ….။
(၂)
မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံဖြစ်တာနဲ့အညီ ဒီနိုင်ငံနဲ့ သင့်တော်မယ့် အခြေခံဥပဒေကို ရွေးချယ်ကြရာမှာ နိုင်ငံရဲ့ အတိတ်သမိုင်းမှာ ကြုံတွေ့ခဲ့ကြရတဲ့ အကြောင်းအရင်းအမှန် ပြဿနာတွေကို ဖော်ထုတ်ပြီး ထည့်တွက်စဉ်းစားဖို့ လိုပါမယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်မှုကို ပြည်ထောင်စုစနစ်လို့ သတ်မှတ်ခေါ်ဆိုကြပေမယ့် အမှန်မှာတော့ ဖယ်ဒရယ်တပိုင်းသာဖြစ်တယ်လို့ ဆိုရမှာပါ။ အဲဒီအခြေခံဥပဒေသစ်ဟာ နိုင်ငံသားတဦးချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မှု ပေးခဲ့တာ ရှိခဲ့ပေမယ့်လည်း တိုင်းရင်းသား လူမျိုးစုတွေအတွက်တော့ တန်းတူအခွင့်အရေးဆိုရာမှာ ထိထိရောက်ရောက် အာမခံတာမျိုး မရှိခဲ့ပါဘူး။
ဗိုလ်ချုပ်နေဝင်း ရေးဆွဲခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့်ရင် ဖွဲ့စည်းမှု ပုံသဏ္ဍာန်မှာ ပြည်နယ်၊ တိုင်း ၇ ခုစီနဲ့ ဖွဲ့စည်းထားတာကို တွေ့ရမှာပါ။ ပြီးတော့ --- တပါတီစနစ်ရဲ့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ ဖိနှိပ်ထားပြီး တိုင်းရင်းသား လူမျိုးစုတွေဟာ တန်းတူအခွင့်အရေးဆိုတာ လုံးဝ မရှိခဲ့ကြပါဘူး။ နောက်ထပ် ဆိုးတာက လူတဦးချင်းစီရဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးနေရတာပါပဲ။
(၃)
မြန်မာနိုင်ငံမှာတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာဟာ… အငြင်းပွားစရာအဖြစ်ဆုံး ကိစ္စဖြစ်နေတယ်။ ဒါကလည်း ခွဲထွက်ခွင့် ရှိတယ်၊ မရှိဘူးဆိုတဲ့အပေါ် အဓိပ္ပယ်ဖွင့်ဆိုရလို့ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅ဝ ကျော် လက်နက်ကိုင်တိုက်ပွဲ ဝင်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုအသီးသီးကတော့ ဖယ်ဒရယ် ပြည်ထောင်စုအတွင်းကပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် ကျင့်သုံးနိုင်ရေးနဲ့ ပတ်သက်လို့ အခြေခံမူထဲမှာ ဗဟိုနဲု့ ပြည်နယ် ဥပဒေပြုအဖွဲ့တွေအကြားမှာ ဘယ်လို အာဏာခွဲဝေမလဲဆိုတာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ လိုပါတယ်။
ဒါပေမဲ့ နအဖရဲ့ ဖွဲ့စည်းပုံသစ်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာတွေ ခွဲဝေရေးနဲ့ ပတ်သက်လို့ ဘာပြဋ္ဌာန်းချက်မှ မတွေ့ရပါဘူး။ ပြည်ထောင်စုကပဲဖြစ်ဖြစ်၊ ပြည်နယ်တွေကပဲဖြစ်ဖြစ် ကျင့်သုံးနိုင်တဲ့ အာဏာစာရင်းဆိုပြီး မရှိပါဘူး။ နောက်ပြီး ပြည်ထောင်စုကလာပြီး မထိပါးနိုင်တဲ့ပြည်နယ်တွေအတွက် အာဏာများဆိုတာကိုလည်း သတ်မှတ်ပေးထားတာ မတွေ့ရပြန်ပါဘူး။ ဘဏ္ဍာငွေကြေးနဲ့ သက်ဆိုင်ရင်လည်း ပြည်နယ်တွေရဲ့ စီမံခန့်ခွဲနိုင်တဲ့ ပိုင်ခွင့်တွေကိုလည်း မဖော်ပြထားပါဘူး။ အဲဒါတွေအပြင်ကို ဖွဲ့စည်းပုံသစ်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြားမှာ အုပ်ချုပ်ရေး ဆက်စပ်မှုတွေကိုလည်း ဖော်ပြထားဖို့ လိုပါတယ်။
နောက် လူများစုရဲ့ ဗဟိုချုပ်ကိုင် အနိုင်ကျင့်မှုတွေကို တားဆီးတဲ့ ပြဋ္ဌာန်းချက်ဆိုတာတွေလည်း ပါရှိသင့်ပါတယ်။ ဒါပေမဲ့ အခုစစ်အုပ်စုရဲ့ ဖွဲ့စည်းပုံသစ်က အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘာမှမဖော်ပြထားဘဲ ရှိနေပါတယ်။ ထားတော့။ ဒီတော့ မဖော်ပြထားတာကို မကြည့်တော့ဘဲ နအဖရဲ့ ဖွဲ့စည်းပုံသစ်ကိုပဲ ကြည့်မယ်ဆိုရင်တော့၊ ဘယ်လိုပြည်ထောင်စုမျိုးနဲ့ ဘယ်လိုအာဏာခွဲဝေထားသလဲ ဆိုတာကိုပါ တဖြည်းဖြည်း ရုပ်လုံးပေါ်လာမှာပါ။
နအဖရဲ့ ဖွဲ့စည်းပုံသစ်အရဆိုရင် နိုင်ငံတော်သမ္မတက ပြည်နယ်ရှိ လွှတ်တော်အမတ်တွေထဲကနေပြီး ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးပေးရပါမယ်။ ပြည်နယ်လွှတ်တော်ရဲ့ အကြံပြုချက်ကို ယူရမယ်ဆိုတာ ပါပေမယ့် သမ္မတက ရွေးပေးမယ့် ပြည်နယ်ဝန်ကြီးချုပ်လောင်းဟာ အရည်အချင်း မပြည့်မီသူဖြစ်ကြောင်း ဖော်ပြနိုင်မှ ငြင်းပယ်လို့ ရပါတယ်။ အရည်အချင်းဆိုတာကလည်း အသက်အရွယ်တို့၊ ပညာအရည်အချင်းတို့ ဆိုတာလောက်ပါ။ ဒီတော့ ငြင်းပယ်ဖို့ဆိုတာ မလွယ်ဘူး။
သမ္မတက ခန့်တယ်ဆိုတဲ့သူကို ပြည်နယ်လွှတ်တော်က အတည်ပြုပေးရုံပါပဲ။ ပြီးရင် သမ္မတခန့်ထားတဲ့သူလို့ ပြောလို့ရတဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ဒေသရေးရာ ပြည်နယ်ဝန်ကြီးနှစ်နေရာကို စစ်တပ်က စစ်သားကို ခန့်ပေးထားရမယ်။ ပြီးတော့ ပြည်နယ်ဝန်ကြီးတွေ ခန့်တဲ့နေရာမှာလည်း ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းပေးတဲ့သူတွေကို ပြည်နယ်လွှတ်တော်က အတည်ပြုပေးရပါမယ်။ ငြင်းပယ်ခွင့် ရှိတယ်ဆိုပေမယ့်လည်း အရည်အချင်းမပြည့်မှီသူလို့ ခိုင်လုံကြောင်းတခုထဲနဲ့ပဲ ငြင်းလို့ရပါတယ်။
နောက်ဆုံးတော့ သမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်ပြီးတော့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးအဖွဲ့ကို ခန့်ဆိုတာပါပဲ။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေကလဲ သမ္မတကိုပဲ တာဝန်ခံကြရပါတယ်။ ပြည်နယ်ဥပဒေအရာရှိတွေကို ခန့်အပ်ရာမှာလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုပြီးရင်တောင် မရသေးပါဘူး။ နောက်ဆုံး သမ္မတက သဘောတူအတည်ပြုမှ ရပါတယ်။ ဒီတော့ ဗဟိုကဖြစ်တဲ့ သမ္မတမှာ အာဏာအပြည့် ဖြစ်နေတယ်ဆိုတာ ပေါ်လွင်လွန်းလှနေပါပြီ။
(၄)
တန်းတူရေုးဆိုတဲ့ ပြဿနာဟာ… မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီးတဲ့ အချိန်ကစပြီး စိန်ခေါ်နေခဲ့တဲ့ ကိစ္စပါပဲ။ ဒီကိစ္စကို အခုအခြေခံမူတွေက ဘယ်လိုအာမခံချက် ပြုထားပါသလဲ။ ဒါ အရေးအကြီးဆုံး မေးခွန်းပဲ။ တန်းတူညီမျှခွင့်ကို ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေး စတဲ့ နိုင်ငံတော် အဆောက်အအုံအားလုံးရဲ့ ဖွဲ့စည်းမှုမှာ ကျင့်သုံးရမှာ ဖြစ်တယ်။
နအဖရဲ့ ဖွဲ့စည်းပုံသစ်မှာ ရွေးချယ်တင်မြောက်တဲ့စနစ်ကို ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါကြောင့် လက်ရှိ မဲပေးစနစ်ဖြစ်တဲ့ မဲအများစုရသူနိုင်တဲ့ စနစ်ကိုပဲ ကျင့်သုံးမှာပဲလို့ ထင်ရပါတယ်။ ဒီတော့ လူဦးရေများတဲ့ ဗမာလူမျိုးတွေက တခြားတိုင်းရင်းသား လူမျိုးစုတွေအပေါ် အသားစီးရပြီး လွှတ်တော် ၂ ရပ်ရဲ့ ၇၅ ရာခိုင်နှုန်းနေရာမှာ အများစုရဖို့ သေချာနေပါတယ်။ ဒီအတိုင်းဆိုရင် တန်းတူညီမျှရေးဆိုတဲ့ အရေးဟာ ပြေလည်နိုင်ပါ့ဦးမလား။ ဒီတော့ တန်းတူညီမျှရေးပြဿနာကို ဖြေရှင်းပြေလည်ဖို့ဆိုရင် မဲပေးမှုပုံစံစနစ်မှာ “အချိုးကျကိုယ်စားပြုစနစ်” တခုကို ကျင့်သုံးဖို့ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားဖို့ လိုပါမယ်။
(၅)
နအဖရဲ့ ဖွဲ့စည်းပုံသစ်အရ နိုင်ငံတော်ကို တည်ဆောက်ဖွဲ့စည်းရာမှာ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းမှုပုံသဏ္ဍာန်ကိုတော့ ပြည်နယ် ၇ ခု၊ တိုင်း ၇ ခု ပုံသဏ္ဍာန်အတိုင်း ပြည်ထောင်စုကို ပုံပျက်ပန်းပျက်နဲ့ လုပ်လာနေပြန်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံမှာ မရှိခဲ့တဲ့ ပြည်ထောင်စုနယ်မြေဆိုပြီး ပြည်ထောင်စု ဖွဲ့စည်းရာမှာ ထည့်လာပါတယ်၊ နအဖရဲ့ ဖွဲ့စည်းပုံကိုကြည့်ရင် ပြည်နယ် ၇ ခု ၊ တိုင်း ၇ ခုတို့ဟာ တခုချင်းစီ အဆင့်အတန်း တူညီကြတယ်လို့ သတ်မှတ်ပါတယ်။ တိုင်းဒေသ ၇ ခုရဲ့ တည်ရှိရာ ဒေသတိုင်းမှာက ဗမာလူမျိုးအများစု နေထိုင်ကြတာ ဖြစ်ပါတယ်။
ဒီတော့ တိုင်းရင်းသား လူမျိုးတခုစီရဲ့ ပြည်နယ် တခုစီဟာ တိုင်းဒေသ ၇ ခုနဲ့မှ တန်းတူညီမျှသလို ဖြစ်နေရပါတော့တယ်။ တိုင်းရင်းသားလူမျိုးစု ၁ ခုနဲ့ ဗမာလူမျိုး ၇ ခုနဲ့ တန်းတူညီမျှမှုရယ်လို့ ဖြစ်နေပါတယ်။ နောက်ပြီး တိုင်းပြည်အတွင်းမှာရှိတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ ပြည်ထောင်စုနယ်မြေတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဟာ နိုင်ငံတော်ကနေပြီး ဘယ်တော့မှ ခွဲမထွက်စေရဘူးလို့ ဆိုထားပါတယ်။
ဒီအချက်ကိုကြည့်ရင် စစ်အုပ်စုရဲ့ ချဉ်းကပ်ပုံအမြင်ဟာ အပျက်သဘောဆောင်တဲ့ဘက်မှ ရှုမြင်နေတာ ဖြစ်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းထားတာမျိုးဟာ နိုင်ငံတကာမှာရှိတဲ့ ဖွဲ့စည်းပုံတွေထဲမှာဆိုရင် အရင်ကရှိခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု တနိုင်ငံထဲမှာပဲရှိခဲ့၊ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ တကယ်မှာတော့ ဖယ်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ အခြေခံဥပဒေတခုကို အပြုသဘောဆောင်တဲ့ ထူထောင်မှုမျိုး ရှိခဲ့ရင် ပြည်ထောင်စုမှ ခွဲထွက်ရေးဆိုတာ ပေါ်ပေါက်လာစရာ မရှိပါဘူး။ နအဖ စစ်အုပ်စုအနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို နှိုင်းယှဉ်လေ့လာပြီး မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ တူညီတာ ကွဲပြားတာတွေကို ကြည့်ရှုသုံးသပ်ပြီး မိမိတို့နိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေတွေကို စူးစမ်းလေ့လာပြီး ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတခုကို ထူထောင်လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။ ဒါမှသာ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းမှု၊ စုပေါင်းညီညွှတ်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆီကို ဦးတည်စေနိုင်မယ်ဆိုတာ ကောက်ချက်ချလို့ ရပါလိမ့်မယ်။
(၆)
မြို့တော်ဖြစ်တဲ့ ကြပ်ပြေးနေပြည်တော်ကို ပြည်ထောင်စု နယ်မြေအဖြစ် ဖွဲ့စည်းပုံသစ်မှာ သတ်မှတ်ထားတယ်။ သမ္မတရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ သမ္မတက ကြပ်ပြေးနေပြည်တော်ကောင်စီကို တည်ထောင်ဖွဲ့စည်းရမှာ ဖြစ်တယ်။ ကောင်စီဥက္ကဋ္ဌ အပါအဝင် ကောင်စီဝင်ဦးရေကို သမ္မတက သတ်မှတ်ပေးရမယ်။ ကောင်စီထဲမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်က စစ်ဗိုလ်ပါရမယ်။ ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်အားလုံးဟာ နိုင်ငံရေးပါတီဝင်တွေထဲကတော့ တယောက်မှ ပါဝင်ခွင့် မရှိပြန်ဘူး။ ကောင်စီဥက္ကဋ္ဌဟာ ပြည်ထောင်စု ဝန်ကြီးတဦးအဆင့်နဲ့ အတူတူပါပဲ။ အဆိုးဆုံးက --- လိုအပ်ရင် ကောင်စီဝင်အားလုံးကို စစ်တပ်က စစ်ဗိုလ်တွေနဲ့ပဲ ခန့်လို့ရတယ် ဆိုတာပါပဲ။ သမ္မတက ကောင်စီဝင်တွေထဲက ဖြုတ်မယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်က သဘောတူအတည်ပြုမှ ရတယ်။ ဒီတော့ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ဗဟိုချက်မကို စစ်တပ်က ချုပ်ကိုင်ထားလိုက်တာပဲ ဖြစ်တယ်လို့ ပြောရမှာ ဖြစ်တယ်။
(၇)
နိဂုံးချုပ်ပါတော့မယ် ..... နိဂုံးချုပ်ကို ပြက်လုံးတခုနဲ့ ချုပ်ပါရစေ။ ပြက်လုံးတခုဖြစ်ပေမယ့် လေးနက်ပါတယ်။ တခါက .... ဦးလေးဖြစ်သူက သူ၏ တူဖြစ်သူကို ချီးမွမ်းခန်းဖွင့်ပါတယ် .....
``ကျုပ်တူက လူကောင်းဗျ၊ တခုပဲ ချို့ယွင်းတယ်၊ `ကောင်းမှု´ နဲ့ `မကောင်းမှု´ ကို ခွဲခြားမသိခြင်းဘဲ´´ လို့ ဆိုပါတယ်။
ဗုဒ္ဓရဲ့ အဆုံးအမထဲက… `သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ´ တရားတော်ဟာ `ကောင်းမှု´ နဲ့ `မကောင်းမှု´ တို့ကို ခွဲခြားသိဖို့ ညွှန်းဆိုဆုံးမတဲ့ တရားဖြစ်တယ်လို့ နားလည်မိပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားအရေးဆိုတာက ... ဗမာ ၇ ကျပ်၊ တိုင်းရင်းသားများ ၁ ကျပ်ဆိုတဲ့ တန်းတူရေးပါ။ အဲဒီတော့ … ရွေးကောက်ပွဲဝင်ကြမယ့် တိုင်းရင်းသား ခေါင်းဆောင် ဆိုသူတို့အနေနဲ့က … `သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ´ တရားရဲ့ အဆုံးအမမှာ တည်ပြီး `ကောင်းမှု´ `မကောင်းမှု´ ကို အနည်းဆုံးတော့ ခွဲပြီး သိဖို့ လိုပါမယ်။
`ကောင်းမှု´ နဲ့`မကောင်းမှု´ ရဲ့ အလယ်မှာ `ကြား´ ဆိုတာ မရှိပါဘူး။
ရည်ညွှန်း
- ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ - ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်မိန့်ခွန့် (၂ဝဝ၆၊ ဇူလိုင်၊ ၂၉)
- ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ - ဦးအောင်တိုး၏ ညီလာခံကျင်းပရေး ကော်မရှင် အစည်းအဝေးတွင် ရှင်းလင်းတင်ပြချက် (၂ဝဝ၆၊ အောက်တိုဘာ၊ ၁ဝ)
- အခြေခံမူ ၁ဝ၄ ချက်
- ဒေါင်းအိုးဝေနှင့် ဦးဒယ်နီရယ်အောင် တွေ့ဆုံမေးမြန်းခန်း
mizzima သတင်းမှပြန်လည်ကူးယူသည်။
No comments:
Post a Comment