ondragstart="return false" onselectstart="return false"

Saturday, June 19, 2010

နှစ်ပေါင်းနှစ်ထောင်ကျော် စစ်ဖြစ်နေသော ဒေသ

ဖိုးသံချောင်း


မကြာသေးမီက ပါလက်စတိုင်းတို့၏ ဂါဇာဒေသတွင် လူပေါင်း ထောင်နှင့်ချီ၍ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဆက်လက် သတ်ဖြတ်ဆဲလည်း ဖြစ်သည်။ ဆေးရုံတွေ၊ ကျောင်းတွေ ဗုံးကြဲခံနေရသည်။ သာမန်အရပ်သား လူနေရပ် ကွက်များအပေါ်သို့ ပိတ်ပင်ထားသော အင်မတန်လူမဆန် သည့် ဖော့စ်ဖရပ်စ်ဗုံးများလည်း ကြဲချသည်။ လူ့အခွင့်အရေး အော်သံများ ကြားရသည်မှာ နည်းလှချေကလား။ လူ့အခွင့်အ ရေးဆိုရာတွင် ပါလက်စတိုင်းများ၏ အခွင့်အရေးများ မပါဝင် လေရော့သလား။

အစ္စရေးလ်ကျူးလွန်သမျှကို အနောက်တိုင်း မီဒီယာအများအ ပြားက ဘာကြောင့် နှုတ်ပိတ်နေကြသလဲ ဆိုခြင်းမှာ စိတ်ဝင် စားစရာကောင်းသည်။ စောကြောသင့်ပါသည်။ ဘယ်လိုအ ကြောင်းတွေကြောင့် အစ္စရေးလ်နိုင်ငံဟာ ဒါလောက် “ကင်းလွတ်ခွင့်” တွေ ရနေကြသလဲဆိုတာ စဉ်းစားစရာဖြစ်ပါသည်။ ပြန်စဉ်း စားလိုက်တော့ စစ်အေးခေတ်ကာလတုန်းကလည်း အစ္စရေးလ်တို့ ထင်ရာစိုင်းခွင့်ရခဲ့သည် မဟုတ်ပါလော။

အစ္စရေးလ် သတင်းဌာနများ၏ အဆိုအရဆိုရင် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က စတင်ခဲ့သော တိုက်ခိုက်မှုကို အစ္စရေးလ် အစိုးရက ခြောက်လကျော်တင်ကြိုပြီး စေ့စေ့စပ်စပ်ပြင်ဆင်ခဲ့သည်။ ပြင်ဆင်တာမှ စစ်ရေးနဲ့ မီဒီယာဝါဒဖြန့်ချိရေးဆိုပြီး တိတိပပပြင် ဆင်ခဲ့ပါသည်။ ထို့ပြင် သူတို့သည် ၂ဝဝ၆ ခုနှစ် လီဘာနွန်နိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်စဉ်က အတွေ့အကြုံနှင့်သင်ခန်းစာ များကို အသေအချာ သုံးသပ်နိဂုံးချုပ်ခဲ့ပါသည်။ သူတို့ အမြင်တွင် လီဘာနွန်တုန်းက သူတို့ဖက်က ပြင်ဆင်မှုညံ့ဖျင်းခဲ့သည်၊ ဝါဒဖြန့် ချိမှုလည်း မလုံလောက်ခဲ့။ ထို့ကြောင့် ယခုအကြိမ် စတင်တိုက်စစ်ဆင်ရာတွင် ရွေးချယ်သည့်နေရာနှင့် အချိန်ကိုပဲကြည့်ပါ။ ဂါဇာမြို့၏ လူအထူထပ်ဆုံးနေရာမှာမှ ကျောင်းလွှတ်ချိန်၊ လမ်းပေါ်တွင်ကလေးတွေ ပုရွက်ဆိတ်လေးတွေလို အုံလိုက်ကျင်းလိုက် ရှိနေချိန်၊ လူ ၂၂၅ ယောက်သေပြီး ၇ဝဝ ကျော်ဒဏ်ရာရစေရန် မိနစ်အနည်းငယ်သာအသုံးပြုလိုက်ရသည်။

ပါလက်စတိုင်းဖက်ကပြောရလျှင်မူ စင်စစ် ဤဒေသတခုလုံး မှာ သူတို့၏ နယ်မြေသာဖြစ်သည်။ ဟာမာ့ဇ်တို့ကဒုံးပျံနှင့် ပစ်သဖြင့် အစ္စရေးလ်က ဆုံးမရပါသည်ဆိုသော ဒေသမှာ လည်း ၁၉၆၇ ခုနှစ် နောက်ပိုင်းတွင်မှ စစ်ဖြစ်ပြီး အစ္စရေးလ် ကလုယူသွားသော နယ်မြေများဖြစ်ပါသည်။

တကယ်တော့ အစ္စရေးလ်တွေက ပါလက်စတိုင်းတွေအပေါ် ပြုမူနေသည်များမှာ လူမျိုးတုန်းအောင် သတ်ဖြတ်ခြင်းဖြစ် သည်ဟု ပြောနေကြသည်မှာ ကြာလှပေပြီ။ ဂျူးလူမျိုးတဦး ဖြစ်သည့် Ilan Pappe ရေးသော “ပါလက်စတိုင်းများကို လူမျိုး တုန်းသတ်ဖြတ်မှု” (The Ethnic Cleansing of Palestine) ဆိုသောစာအုပ်မျိုးပင် ပေါ်ထွက်ခဲ့သည်။ ဤအချက်ကို မနည်းလှသော အစ္စရေးလ်ခေါင်းဆောင်များကလည်း ဝန်ခံကြသည်။ သူတို့က ဤနေရာ (ပါလက်စတိုင်းတိုင်းပြည်) တွင် လူမျိုးနှစ်မျိုးနေဖို့ ဆိုသည်မှာမဖြစ်နိုင်ဟု ဗြောင်ပြောကြသည်။ ထို့ကြောင့် သူတို့သည် အစီ အစဉ်ရှိရှိ လူမျိုးရေးအရသန့်စင်ရေး (ethnic purity)၊ တဆက်တည်းတွင် ဘာသာရေးအရ သန့်စင်ရေးတို့ကို ထူထောင်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ဤပြဿနာကို အစချီလိုက်သည်နှင့် ဤဒေသကို ဘယ်သူပိုင်သနည်းဆိုသည်ကို မပြောမဖြစ် ပြောကြရသည်။ ဟီဘရူး လူမျိုးများ၏ အစ္စရေးလ်ဟူသောနိုင်ငံကို ခရစ်မပေါ်မီ ၁ဝ၂ဝ ခုနှစ်တွင်ဤဒေသ၌ တည်ထောင်ခဲ့ပါသည်။ တည်ထောင် သူမှာ ဆော်လ် (Saul) ဆိုသော ဘုရင်ဖြစ်သည်။ ဟီဘရူးမင်းများအနက် ဆော်လမွန်ဘုရင်မှာ လွန်စွာမှဘုန်းတန်ခိုးကြီးသော မင်းအဖြစ် ထင်ရှားခဲ့ ပါသည်။

ဘီစီ ၅၃၆ တွင် ဘေဘီလွန်နိုင်ငံ (ယခုအီရတ်နိုင်ငံနေရာ) က ဟီဘရူးတို့၏နယ်မြေကို သိမ်းပိုက်လိုက်သည်။ ယင်းနောက်သမိုင်း တ လျှောက်တွင် ဤဒေသကို ပါရှား၊ ဂရိ၊ ရောမ၊ ဘိုင်ဇင်တင်းအင်ပါယာ၊ အစ္စလမ်နှင့်ခရစ်ယံခရူးဆိတ်တပ်များ၊ အော်တိုမန် အင်ပါယာ နှင့် ဗြိတိသျှအင်ပါယာတို့က အဆက်ဆက်သိမ်းပိုက်ခဲ့ကြပါသည်။ စုစုပေါင်း နှစ်ပေါင်း ၂၅ဝဝ ကျော်သည့် တဆက်တစပ်တည်း ကာ လကြီးဖြစ်ပါသည်။ ၁၈၉၇ ခုနှစ်တုန်းက သန်းခေါင်စာရင်းအရဆိုလျှင် ဤဒေသတွင် ၉၃% မှာ ပါလက်စတိုင်းအာရပ်လူမျိုး၊ မူဆလင် က ၈၈%၊ ခရစ်ယံက ၁ဝ% ရှိပါသည်။ သို့သော်…

ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်တွင် ကိုလိုနီနိုင်ငံများတခုပြီး တခု လွတ်လပ်လာကြသည်။ တနည်းပြောရလျှင် ကိုလိုနီ နယ်ချဲ့များက တနိုင်ငံပြီးတနိုင်ငံ လက်လွှတ်ကြရသည်။ ထို အထဲတွင် ရေနံကြွယ်ဝသော အရှေ့အလယ်ပိုင်းဒေသနှင့် အာ ရပ်နိုင်ငံများလည်းပါသည်။ အာရပ်နိုင်ငံများစုစည်းမိမှာကို မ လိုလားသော၊ အလယ်ခေတ်က ခရစ်ယံခရူးဆိတ်တို့၏ ရန် ညှိုးများကို မစွန့်လွှတ်နိုင်သော ဗြိတိသျှကိုလိုနီ သခင်များ သည် ဤဒေသကို ပစ်ရမှာလည်း အဆီနဲ့တဝင်းဝင်းဟုသာ ရှုမြင်ကြသည်။ ထို့ကြောင့် သူတို့ လွတ်လပ်ရေးပေးရာတွင် လုပ်လေ့ရှိသည့်အတိုင်း သပ်တချောင်းလျှိုထားခဲ့ရန် စီစဉ် တော့၏။ ယင်းမှာအခြားမဟုတ်၊ လွန်ခဲ့သော ထောင်စုနှစ် ၂ ခုခွဲ ကျော်ကတည်းက ပျောက်ကွယ်သွားသော အစ္စရေးလ်နိုင်ငံကိုဖန်တီးကာ ပြဿနာဖော်ခဲ့ခြင်း ဖြစ်ပါသည်။

ဗြိတိသျှတို့သည် ပထမကမ္ဘာစစ်အပြီးတွင် ပါလက်စတိုင်းဒေသကို အော်တိုမန်အင်ပါယာလက်မှ ရယူလိုက်နိုင်ခဲ့သည်။ ထိုအချိန်မှစ ၍ သူတို့သည်ယင်းဒေသကို ရေရှည်ချုပ်ကိုင်နိုင်ရေးအတွက် အစီအစဉ်တရပ် ချမှတ်ခဲ့သည်။ ဗြိတိသျှတို့သည် နိုင်ငံအနှံ့အပြားရှိ ဂျူး ဘာသာဝင်တွေကို ပြန်လာချင်အောင် အမျိုးမျိုးဆွဲဆောင်ကာ သူတို့ချုပ်ကိုင်ထားသော ပါလက်စတိုင်းဒေသတွင် နေရာချထားပေး သည်။ ထို့နောက်ပါလက်စတိုင်းတွေကို ဘိုးဘွားပိုင်မြေများမှမောင်းထုတ်ရွေ့ပြောင်းစေခဲ့သည်။ ပုံပြင်ထဲက ကုလားအုပ်ကြီးက အာ ရပ်ကြီး၏ တဲထဲဝင်ပုံမျိုးပင် ဖြစ်ပါသည်။ သို့ဖြင့် ၁၉၄၈ ခုနှစ်တွင် ပါလက်စတိုင်းများနှင့် ဂျူးများအကြားကပြဿနာကို ကုလသမဂ္ဂက ဖြေရှင်းလိုက်ပါသည်ဆိုပြီး ပါလက်စတိုင်းနယ်မြေနှင့် ဂျူးနယ်မြေများကိုခွဲလိုက်သည့်အခါတွင် ဂျူးတို့၏ နယ်မြေမှာ ၈ဝ% တိုးများလာ တော့သည်။ သည့်အရင်က ဂျူးပိုင်နယ်မြေမှာ နယ်မြေတခုလုံး၏ ၇% သာရှိရာမှ ၅၅% ဖြစ်လာသည်။ ပါလက် စတိုင်းလူမျိုး ၈ သိန်း တို့မှာ မိမိတို့ အိမ်ယာများမှဖယ်ပေးခဲ့ကြရသည်။

ဤနေရာတွင် ဖြတ်ပြောလိုသော အချက်တချက်ရှိပါသည်။ ဂျူးဆိုသော စကား၏အဓိပ္ပာယ် ဖြစ်ပါသည်။ ဂျူးဆိုသည်မှာ လူမျိုး ဟုတ် ပါ၏လော ဆိုသည်ကို မြန်မာနိုင်ငံသားများ စဉ်းစားဖူးကြပါသလား။ ကျွန်တော်တို့ငယ်စဉ်က ရုရှားဂျူးများ၊ ပိုလန်ဂျူးများ၊ ဟန်ဂေရီဂျူး များ စသည့်အခေါ်အဝေါ်အသုံးအနှုန်းများကို မကြာခဏတွေ့ကြရပါသည်။ သို့သော် ထိုစဉ်က ကျွန်တော်သိပ်နက်နက် ရှိုင်းရှိုင်းမစဉ်း စားခဲ့ပါ။ လူလတ်ပိုင်းဝင်တော့မှ ရုရှားနိုင်ငံသားဂျူးတယောက်ရေးသော ကိုယ်ရေးအတ္ထပ္ပတ္တိတွင်သူက ဂျူးဆိုသည်မှာ လူမျိုးမဟုတ် ကြောင်း၊ ဘာသာတခုကို ယုံကြည်သူများဖြစ်သည်ဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။ ကျနော်အလွန်တရာမှ အံ့သြသွားခဲ့ပါ သည်။ ဤအမှန်တရားမှာ အစ္စရေးလ်နိုင်ငံကို အတင်းဖန်တီးတည်ဆောက်သော ဇီယွန်ဝါဒီနှင့် ဗြိတိသျှကိုလိုဝါဒီများကြောင့် ဖုံးကွယ် နေရခြင်း ဖြစ်ပါသည်။ ၂ဝ ရာစုနှစ်ထဲရောက်ပြီးတော့မှ ဇီယွန်ဝါဒီဂျူးများကြောင့် ပေါ်လာသည့် အယူအဆနှင့် သမိုင်းသစ်ဖြစ်ပါ သည်။ သူတို့ကနိုင်ငံသစ်၊ အမျိုးသားသစ်နှင့် သမိုင်းသစ်ကိုပါ ဖန်တီးတည်ထောင်ခဲ့ကြပါသည်။ ထို့ကြောင့် ယနေ့ကမ္ဘာတွင် သမိုင်း ကို အမှန်အတိုင်းရေးခွင့်မပြုသည့် အစိုးရများထဲတွင် လူမျိုးသစ်ကိုဖန်တီထားသော အစ္စရေးလ်အစိုးရနှင့် ဒုတိယကမ္ဘာစစ်၏ အမှန်တ ရားများကို ထိန်ချန်လိုသည့် ဂျပန်အာဏာရအလွှာထဲမှ လက်ျာဂိုဏ်းသားများ ထိပ်တန်းက ပါသည်ဟု ဆိုရပါမည်။

သို့တိုင်အောင် အစ္စရေးလ်နိုင်ငံ၏ ပထမဆုံးခေါင်းသော ဝန်ကြီးချုပ်ဖြစ်သည့် ဒေးဗစ်ဘင်ဂူရီယံ (David Ben Gurion) အပါအဝင် ခေါင်းဆောင်ဟောင်းများက ယနေ့ ပါလက်စတိုင်းလူမျိုးများမှာ ယခင်ရှေးတုန်းကဤဒေသရှိ ဟီဘရူးများကဆင်းသက်လာ သူများဖြစ် သည်၊ နောင်ကျမှ အစ္စလမ်ဘာသာထဲ ကူးပြောင်းသွားကြခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့ကြပါသည်။ (ယခင် ဟီဘရူးအင် ပါယာကြီးမှ ဟီဘရူးလူမျိုးများ ဘယ်ရောက်သွားကုန်ကြသလဲဆိုသည်မှာ သမိုင်းဆရာအချို့အဖို့ ကျေနပ်လောက်သည့် အဖြေမတွေ့ သေးသော ပဟေဠိဖြစ်မြဲဖြစ်နေပါသည်။)။

ပြောသင့်သည့်နောက်တချက်မှာ ဂျူးလူမျိုးတို့၏ ထူးခြားသောစွမ်းရည်၊ တိုက်ခိုက်စွမ်းကြောင့် ဤကဲ့သို့ အစ္စရေးလ်နိုင်ငံကို တည် ထောင်နိုင်ခဲ့ခြင်း၊ ကာကွယ်နိုင်ခြင်းဖြစ်သည်ဟု အမွှန်းတင်နေကြသည့်အချက် ဖြစ်ပါသည်။ ဤသည်ကို ဇီယွန်ဝါဒီများက အတော်ပင် အသားယူကြသည်။ တကယ်တော့ ဤလုပ်ငန်းကြီးတခုလုံးကို ထိုစဉ်က ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် ဗြိတိန်က ဖက်စုံ ချယ်လှယ်လုပ်ကိုင်ပြီး အကာအကွယ်ပေးနေသောကြောင့်သာ ဖြစ်ပါသည်။ အင်္ဂလိပ်ကိုလိုနီဝါဒသမားများသည် သူတို့ဆွဲ သွင်းလာ သော ဂျူးအခြေချနေထိုင်သူများကို ၁၉၂ဝ ခုနှစ်တွင် စစ်လေ့ကျင့်ပေးခြင်း၊ စီးပွားရေးအထောက်အပံ့ပေးခြင်း၊ အာရပ်များ ထက်လစာ ပိုပေးခြင်း စသည်များပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ၁၉၃ဝ စုနှစ်များအတွင်း ပေါ်ပေါက်ခဲ့သောအာရပ်များ၏ လွတ်လပ်ရေးလှုပ် ရှားမှုများ ကို ယင်းအခြေချသူများဖြင့် ဖြိုခွဲခဲ့ပါသည်။

သို့ဖြင့်ပင် ကိုလိုနီများကိုစွန့်လွှတ်ရပြီးနောက် ရေနံပေါကြွယ်ဝသော၊ ဆူးအက်တူးမြောင်းအနားတွင်ရှိသော၊ လူ့ယဉ်ကျေးမှု သမိုင်း ရှည်ကြာသော၊ ဘာသာသုံးမျိုးတို့၏ အထွတ်အမြတ်နေရာဖြစ်သော၊ အနောက်တိုင်းလူဖြူများနှင့် သမိုင်းနှင့်ချီ ရန်စရှိခဲ့သော အာရပ် များ၏အရှေ့အလယ်ပိုင်းဒေသတွင် အနောက်အုပ်စုအတွက် စိတ်ချရသောခံကတုတ်တခု တည်ဆောက်ပြီး ဖြစ်သွားပါလေ တော့ သည်။

၁၉၅၆ ခုနှစ်။ အရှေ့အလယ်ပိုင်းဒေသတွင်ထူးခြားသောနှစ်၊ အင်္ဂလိပ်နှင့် ပြင်သစ်ကိုလိုနီသခင်များအဖို့ ဘယ်တော့မှမမေ့နိုင်သည့် နှစ်။ ဆူးအက်တူးမြောင်းကိုအီဂျစ်ကပြည်သူသိမ်းလိုက်သောနှစ်။ ဤနှစ်၊ ဤအရေးအခင်းမှစ၍ အမေရိကန်ကအင်္ဂလိပ်နှင့် ပြင်သစ် တို့ကို ဤဒေသမှမောင်းထုတ်ပြီး သူသည်ကမ္ဘာ့နံပတ်တစ်ဖြစ်ကြောင်း တံခွန်စိုက်ထူပြလိုက်သည်။ တဆက်တည်းမှာပင် အိမ်ဖြူ တော်သည် အစ္စရေးလ်ကို တိုက်ရိုက်သြဇာလွှမ်းသူဖြစ်လာလေတော့သည်။ ထို့နည်းတူ လှိုင်း (ပင်လယ်) များကိုစိုးမိုးသော ဗြိတိသျှ အင်ပါယာကြီးမှာလည်း ထိုအချိန်မှစ၍ စူးအက်တူးမြောင်း၏အရှေ့ဖက်ကို မျက်စောင်းပင်မထိုးနိုင်တော့ချေ။

ယင်းနောက်တွင် ၁၉၆၇ ခုနှစ် ဇွန်လက ၆ ရက်တာစစ်ပွဲ၊ ၁၉၇၃ ခုနှစ်က ‘အောက်တိုဘာစစ်ပွဲ’၊ ၁၉၇၈ ခုနှစ် ဂျော်ဒန်ကို ဝင်တိုက် သည့် စစ်ပွဲ၊ ၁၉၈၁ ခုနှစ်က ဆီးရီးယားနှင့်ဖြစ်သည့်စစ်ပွဲ၊ ၁၉၈၂ ခုနှစ် လီဘာနွန်ကိုဝင်တိုက်သည့်စစ်ပွဲ စသည့် အစ္စရေး၏ စစ်ပွဲ မှန် သမျှကို အမေရိကန်က စစ်ရေး၊ လျှို့ဝှက်သတင်း၊ ငွေကြေး စသဖြင့် အစစအရာရာ အထောက်အပံ့များ ပေးခဲ့သည်။ သို့ဖြင့် အစ္စ ရေးလ်သည် အာရပ်များအလည်တွင် ငပွကြီးလုပ်ရင်း အမေရိကန်အတွက်သတင်းရရှိရေးကိစ္စအပါအဝင် အလွန်အဖိုးတန်သော “မ ဟာမိတ်” ဖြစ်လာခဲ့ပါသည်။

သို့သော် စီးပွားရေးအရ၊ စစ်ရေးအရ၊ နိုင်ငံရေးအရအချက်အခြာကျလှသော ဤဒေသတွင်နိုင်ငံရေးအပြောင်းအလဲတွေ မြန်ဆန်၊ များ ပြား၊ ရှုတ်ထွေးလှသလို ဆန်းကြယ်မှုများလည်းတွေ့ရသည်။ ကိစ္စတခုကိုထောက်ပြရလျှင် အချက်အခြာအလွန်ကျသောနေရာတွင် ရောက်ရှိနေသော အစ္စရေးလ်ကို အမေရိကန်က အလုံးစုံချုပ်နိုင်စွမ်းလျော့ပါးလာခြင်း ဖြစ်သည်။ တဖက်တွင်လည်း အမေရိကန်၏ စီး ပွားရေးတွင် ဂျူးလူမျိုးများ၏ အခန်းကဏ္ဍကြီးမားလာသည်နှင့်အမျှ အမေရိကန်နိုင်ငံရေးကိုလည်း ဂျူးများက ချယ်လှယ်လာကြခြင်း ကရှိနေသည်။ ထို့ကြောင့်ပင် အိမ်ဖြူတော်မှာဘယ်သူပဲတက်တက် ဂျူးပြဿနာ၊ ပါလက်စတိုင်း ပြဿနာနှင့်ပတ်သက်လျှင် တစ်သံ တည်းလိုလို ထွက်ကြသည်။ အပြောင်းအလဲဟုကြွေးကြော်သော အိုဘားမားလည်း ချွင်းချက်မဟုတ်ပါ။

ရှေ့ကိုမျှော်ကြည့်လိုက်လျှင် ဤဒေသတည်ငြိမ်အေးချမ်းရေးမှာ အပုံကြီးဝေးနေသေးသည်ကို အလွယ်ပင်တွေ့မြင်နိုင်ပါသည်။ သမိုင်း ရာစုများက ဘီစီနှစ်များဟုခေါ်သော ခရစ်မပေါ်မီ နှစ်ထောင်နှင့်ချီသည့် ကာလများအထိဆက်စပ်လို့ရသည်။ ဘာသာရေး အာဃာတ၊ လူမျိုးရေးအာဃာတများလည်း ကြီးမားပါသည်။ ပို၍စိုးသည်မှာ ဤဒေသကို မိမိသြဇာခံနယ်မြေအဖြစ် ဖန်တီးလိုသည့် နိုင်ငံကြီးများ က လက်မလွှတ်လိုခြင်းပင် ဖြစ်ပါသည်။

ဖိုးသံချောင်း

photo by:
http://www.leicester-holyland.org.uk/George_Lydda.htm
http://desertpeace.wordpress.com
နေ့ သစ်သတင်းစာမျက်နှာမှပြန်လည်ကူးယူဖေါ်ပြသည်။

No comments:

Post a Comment