သူခိုးက နွားကောင်းရွေးသော နိုင်ငံရေးစနစ်
ခေတ်ပြိုင်မှပြန်လည် ကူးယူဖေါ်ပြသည်။
အယ်ဒီတာ့အာဘော် / ၀၂ ဇွန် ၂၀၁၀
နိုင်ငံရေးပါတီအများအပြား ပေါ်ထွက်လာပြီး စည်းမဲ့ကမ်းမဲ့ တာဝန်မဲ့ ပြုလုပ်မည်စိုးသဖြင့် လိုက်နာရမည့် စည်းကမ်းဥပဒေကို အစိုးရက ပြဋ္ဌာန်းလေ့ရှိ၏။ အထူးသဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးသောနိုင်ငံများ၌ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းကြသည်။ တင်းကျပ်သည့်ဥပဒေကို ပြဋ္ဌာန်းသောနိုင်ငံတွင် နိုင်ငံရေးပါတီအနေဖြင့် ပြည်သူ့အကျိုး ဆေင်ရွက်နိုင်မည့်အလားအလာ နည်းပါးသွားသည်ကို တွေ့ရ၏။ ဥပဒေမရှိပါက နိုင်ငံရေးပါတီများ တာဝန်မဲ့ပြုမူနိုင်မည့် အခွင့်အလမ်းရှိသဖြင့် မှန်ကန်သော နိုင်ငံရေးပါတီများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းရန် အလွန်အရေးကြီးသည်။
ဤနေရာတွင် “နိုင်ငံရေးပါတီများဆိုင်ရာဥပဒေ” နှင့် “နိုင်ငံရေးပါတီဥပဒေ” ကို ပြတ်သားစွာ ခွဲခြားသိမြင်နိုင်ရန်လိုသည်။ နိုင်ငံရေးပါတီဥပဒေဆိုသည်မှာ ပါတီအတွင်း၌ လိုက်နာကျင့်သုံးရမည့် ဥပဒေများပင်ဖြစ်သည်။ ဥပမာ ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီဝင်များ လိုက်နာရမည့်စည်းကမ်းသည် ပါတီဥပဒေဖြစ်သည်။ “နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေ” ဟူသည်မှာ နိုင်ငံရေးပါတီများအနေဖြင့် လိုက်နာရမည့် စည်းမျဉ်းဖြစ်သည်။ ဥပမာ ပါတီအချင်းချင်းဆက်ဆံရာ၌ လိုက်နာရမည့် စည်းကမ်းသည် နိုင်ငံရေးပါတီများ လိုက်နာရမည့်စည်းကမ်းဖြစ်သည်။ ဂျာမနီတွင် Law on Political Parties (နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေ) ဟု ခေါ်၍ တောင်ကိုရီုးယားတွင် Political Parties Act (နိုင်ငံရေးပါတီများအက်ဥပဒေ) ဟု အမည်တွင်သည်။
နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကိုလိုက်၍ နိုင်ငံရေပါတီပုံစံအမျိုးမျိုးပေါ်လာသည်။ သို့သော်လည်း အမေရိကန်နှင့် အနောက်ဥပဒေ၌မူ နိုင်ငံရေးပါတီမပေါ်မီကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေကြသဖြင့် နိုင်ငံရေးပါတီကိစ္စကို အခြေခံဥပဒေ၌ ဖော်ပြခြင်းမရှိပါ။ ဖွံ့ဖြိုးစနိုင်ငံအတော်များများတွင် အခြေခံဥပဒေအရ နိုင်ငံရေးပါတီဥပဒေ ရေးဆွဲကြ၏။ သို့သော်လည်း ပေါ်ထွက်လာသော နိုင်ငံရေးပါတီများတွင် လူပုဂ္ဂိုလ်များကသာ လွှမ်းမိုးသည်ကို တွေ့ရ၏။ အခြေခံဥပဒေ၌ ပြဋ္ဌာန်းခြင်းသည် ပြင်ဆင်ရန်ခက်ခဲသဖြင့် နိုင်ငံရေးပါတီများ ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲသည်ဟုဆိုသည်။ လွှတ်တော်၌ ဥပဒေပြု၍ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခြင်းသည် ပြင်ဆင်ရန် လွယ်ကူသဖြင့် လုပ်ကိုင်ရသည်မှာ ပို၍ အဆင်ပြေသည်ကို တွေ့ရသည်။
၂၀၀၈ နအဖအခြေခံဥပဒေ အခန်း (၁၀) သည် နိုင်ငံရေးပါတီများနှင့်သက်ဆိုင်၏။ အခန်း (၁၀) ကိုအသုံးပြု၍ နိုင်ငံရေးပါတီများ၏ ရပ်တည်ခွင့်ကို အစိုးရက အချိန်မရွေးပိတ်ပင်နိုင်သည်။ အားကောင်းသောနိုင်ငံရေးပါတီကို အခန်း (၁၀) က ရိုက်ချိုးပစ်နိုင်၏။ အစိုးရကို ဆန့်ကျင်သော ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်သည် (သို့မဟုတ်) အားပေးကူညီသည်ဆိုပါက နိုင်ငံရေးပါတီအဖြစ် ရပ်တည်ပိုင်ခွင့်မရှိဟု အခန်း (၁၀) ၌ ဖော်ပြထားသည်။ နိုင်ငံခြားအစိုးရ (သို့မဟုတ်) နိုင်ငံခြားအဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံခြားပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်းနှင့်အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲပါက နိုင်ငံရေးပါတီအဖြစ်မှ ရပ်တည်ခွင့် ဆုံးရှုံးသည်ဟုဆိုသည်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးပြုသောအခါတွင်လည်း ပါတီအဖြစ် ဆုံးရှုံးသည်ဟုဆိုသည်။
နိုင်ငံခြားနှင့် ဆက်သွယ်မှုများပြားနေသော ယခုခေတ်တွင် အလွယ်တကူအကြောင်းရှာ၍ နိုင်ငံရေးပါတီကို ပယ်ဖျက်နိုင်သော နည်းပင်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်၍ နိုင်ရန် အလားအလာရှိပါက အခန်း (၁၀) နှင့် ထိပ်တိုက် တွေ့ဖွယ်ရှိတယ်။ အခြေခံဥပဒေအရ နိုင်ငံရေးပါတီကို ပယ်ဖျက်နိုင်စွမ်းရှိသည့်အပြင် ပြည်ထောင်စုလွှတ်တော်ကလည်း နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် ဥပဒေများကို လိုအပ်သလို ပြဋ္ဌာန်းနိုင်သည်ဟု ပုဒ်မ (၄၀၉) ကဆိုသည်။ စည်းကမ်းဥပဒေ စိတ်ကြိုက်သတ်မှတ်ပြီး နိုင်ငံရေးပါတီများ၏လည်ပင်းတွင် ကြိုးကွင်းစွပ်ထားသည့် အခြေခံဥပဒေပင်ဖြစ်၏။
နအဖဖန်တီးလိုက်သော နိုင်ငံရေးလောကသည် နအဖစီးပွားရေးလောကနှင့် အတူတူပင်ဖြစ်၏။ နအဖနှင့် ပုလင်းတူဘူးဆို့ ကျိတ်ဝိုင်းလုပ်သော စီးပွားရေးသမားများ ချမ်းသာလာသကဲ့သို့ နအဖနှင့် ကျိတ်ဝိုင်းလုပ်နိုင်သော နိုင်ငံရေးပါတီများ ကြီးပွားချမ်းသာကြမည်ဖြစ်သည်။ နအဖအခြေခံဥပဒေပုဒ်မ (၄၀၅) တွင် ဖော်ပြထားသော “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ” ဟူသည်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဘ၀တွင် နအဖအာဏာပိုင်တို့၏ ညွှန်ကြားချက်ကို နာခံခြင်းပင်ဖြစ်သည်။ နိုင်ငံရေးပါတီကို အလွယ်တကူအပြစ်ပေး၍ ပယ်ဖျက်နိုင်သော နအဖအခြေခံဥပဒေကြောင့် လွတ်လပ်သော နိုင်ငံရေးပါတီထွက်လာရန် ခက်ခဲမည်ဖြစ်သည်။ ကန့်သတ်ချုပ်ချယ်မှုနည်းလေလေ နိုင်ငံရေးပါတီအနေဖြင့် တာဝန်သိစွာ ရှင်သန်ကြီးထွားရန် အခွင့်အလမ်းများလေလေဖြစ်သည်။
နအဖပြဋ္ဌာန်းသော နိုင်ငံရေးစနစ်သည် အနှစ်သာရအားဖြင့် တရုတ်ကွန်မြူနစ်အစိုးရ၏ နိုင်ငံရေးပါတီစနစ်နှင့်တူသည်။ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်၌ နိုင်ငံရေးပါတီများ ဆွေးနွေးတိုင်ပင်၍ ပူးပေါင်းဆောင်ရွက်ခြင်းသည် တရုတ်ပြည်၌ ကျင့်သုံးသော ပါတီစုံစနစ်ဟုဆိုသည်။ ပါတီချင်း ပြိုင်ဆိုင်ကြသော အနောက်တိုင်းစနစ်နှင့် ကွဲပြားခြားနားသကဲ့သို့ တပါတီစနစ်နှင့်လည်း ကွဲပြားသည်ဟု တရုတ်စာတမ်းတွင် ဖော်ပြသည်။ ပါတီစုံတိုင်ပင်ဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်သည့် နည်းသည် တရုတ်ပြည်နှင့် အသင့်တော်ဆုံးဖြစ်သည်ဟုဆို၏။ တရုတ်ပြည်တွင် ကွန်မြူနစ်ပါတီအပြင် အခြားပါတီ (၈) ပါတီ ရှိသေး၏။ ယဉ်ကျေးမှုတော်လှန်ရေးကာလ (၁၉၆၆-၁၉၇၆) ၌သာ ပါတီစုံစနစ် ရပ်ဆိုင်းခဲ့ပြီး ၁၉၇၈ တွင် ပြန်လည်ကျင့်သုံးသည်ဟု ဆို၏။ ၁၉၉၃ ၌ ကျင်းပသော (၈) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၌ ပါတီစုံပူးပေါင်း ဆောင်ရွက်ရေးနှင့် နိုင်ငံရေးဆွေးနွေးရေးမူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းလိုက်သည်ဟု ဆို၏။
ဗမာစစ်တပ်သည် တရုတ်ကွန်မြူနစ်ပါတီ၏ နေရာမျိုးကို ရယူထားခြင်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ကဲ့သို့ပင် ဗမာစစ်တပ်သည် ရာသက်ပန်အာဏာရှင်ဖြစ်နေ၏။ ဥပဒေပြုလွှတ်တော်တွင် စစ်ဗိုလ် (၂၅) ရာခိုင်နှုန်းယူ၍ ကျန် (၇၅) ရာခိုင်နှုန်းကို စစ်ဗိုလ်ဟောင်းနှင့် အရပ်သားများ ပြိုင်ဆိုင်ရမည်ဖြစ်သည်။ စစ်တပ်က ဦးဆောင်သည်ကို အရပ်သားများက ပူးပေါင်းဆောင်ရွက်ရသည့် နိုင်ငံရေးစနစ်ပင်ဖြစ်သည်။ နအဖ မကျေနပ်သော နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ ကြပ်ပြေးသန်းရွှေ စီစဉ်သော နိုင်ငံရေးစနစ်ပင်ဖြစ်၏။ ရွေးကောက်ပွဲသည် တဖက်သတ်အနိုင်ကျင့်သော လုပ်ရပ်ဖြစ်သဖြင့် နိုင်ငံခြားလေ့လာသူများကို ၀င်ခွင့်မပေးခြင်းပင်ဖြစ်သည်။
တရုတ်ဒီမိုကရေစီ စက္ကူဖြူစာတမ်းကို ၂၀၀၅ အောက်တိုဘာလ၌ ထုတ်ပြန်သည်။ အနှစ်သာရမှာ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်၌ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်၏။ ကွန်မြူပါတီ၏ အောင်မြင်မှုကို မှတ်တမ်းတင်သည့် စာတမ်းဖြစ်သဖြင့် ပြည်သူများ သိန်းချီသေဆုံးရသော အမှားမျိုးကို ကွယ်ဝှက်ထားသည်။ ဒီမိုကရေစီစနစ်မျိုးစုံတွင် တရုတ်ဒီမိုကရေစီသည် တရုတ်လူမျိုးနှင့် အသင့်တော်ဆုံးဟုဆိုသည်။ ဒီမိုကရေစီကိစ္စတွင် အတုယူစရာမလိုဟု တရုတ်ကွန်မြူနစ်က ယူဆသည်။ ဤပုံစံအတိုင်း နအဖကလည်း စစ်ဗိုလ်ဦးဆောင်မှုအောက်တွင် အားလုံးပူးပေါင်းဆောင်ရွက်သည်ကို ဒီမိုကရေစီအစစ်အမှန် ဖြစ်သည်ဟု အခြေခံဥပဒေ၌ ၀ါဒဖြန့်ထား၏။ တရုတ်ပြည်၏ ချို့ယွင်းချက်နှင့် အားနည်းချက်ကို ပါတီကေဒါများ သိကြသော်လည်း ကြားကာလပြဿနာအဖြစ် သဘောထားပြီး တိုးတက်ဖွံ့ဖြိုးလာပါက ဤပြဿနာများ ပျောက်သွားလိမ့်မယ်လို့ ယူဆကြ၏။ ခေါင်းဆောင်ကို အမှားကင်းသော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်သည့် ပါတီကေဒါနှင့် ၀န်ထမ်းသည် ဆွေးနွေးမှုကို နားမလည်ပါ။ ဤနေရာ၌လည်း တရုတ်ပါတီကေဒါနှင့် ဗမာစစ်ဗိုလ်သည် အသွင်တူကြပေသည်။
အဂတိလိုက်စား၍ အာဏာအလွဲသုံးစားလုပ်ရာ၌လည်း တရုတ်ကေဒါနှင့် ဗမာစစ်ဗိုလ်အသွင်တူကြသည်။ တရုတ်ပြည်နှင့် မြန်မာပြည်တွင် စီးပွားရေးလုပ်ပါက ကေဒါနှင့် စစ်ဗိုလ်ကို လာဘ်ထိုးရသည်မှာ ထုံးစံဖြစ်၏။ ဗမာစစ်ဗိုလ်နှင့် ဆွေမျိုးသားချင်းများ စီးပွားရေးသောင်းကျန်းသည့်ကိစ္စ၌ စာရင်းအင်းမရှိပါ။ တရုတ်ပြည်၌ စာရင်းလုပ်ထားသည်။ ၂၀၀၃ မှ ၂၀၀၈ အထိ အဂတိလိုက်စားမှုပေါင်း (၈၅၂,၀၀၀) ရှိပြီး ပါတီနဲ့အစိုးရ၀န်ထမ်း (၈၈၁,၀၀၀) အပြစ်ဒဏ်ခံရ၏။ နိုင်ငံပိုင်လုပ်ငန်းကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရာ၌လည်း ပါတီဝင်နှင့် စစ်ဗိုလ်အသိုင်းအ၀ိုင်းသာ အမြတ်ထွက်ကြသည်။ ဤသို့သော သူခိုးများဖြင့် တည်ဆောက်ထားသော နိုင်ငံရေးလောကို သူခိုးက နွားကောင်းရွေးသော နိုင်ငံရေးစနစ်ဟု ခေါ်ရပေမည်။
No comments:
Post a Comment