ဗိုလ်ကတော်တွေ ဘာလုပ်ခဲ့လဲ၊ ဘာလုပ်နေလဲ
၈ ဒီဇင်ဘာ ၂၀၀၉
မေစိုးဝေ
စစ်တပ်က နိုင်ငံကို နှစ်ပေါင်း (၂၀) ကျော် အာဏာသိမ်းထားတဲ့ကာလမှာ သူတို့ ဇနီးမယား ဗိုလ်ကတော်တွေ ဘာတွေ လုပ်နေကြပါသလဲ။ဗိုလ်ကတော်တွေဟာ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ကို ဖွဲ့ပြီး ခေါင်းဆောင် နေရာယူကြပါတယ်။ တဗိုလ်တက် တဗိုလ်ဆင်းစနစ်နဲ့ပါ။ တပ်ချုပ်ကြီးကတော်အပါအ၀င် ဗိုလ်မောင်အေး ကတော်တို့ အုပ်စုတွေက နာယက၊ ကျန်တဲ့ အစိုးရ အဖွဲ့ဝင်တွေ ကတော်တွေက အကြံပေး အဲလိုပါ။
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် စဖွဲ့စမှာ ဗိုလ်မှူးချုပ်ပြည့်စုံက နာယကလုပ်ခဲ့လို့ ပြောစမှတ် တွင်သွားပါသေးတယ်။ ထိန်းသိမ်းခံ စစ်ခေါင်းဆောင် ဗိုလ်ခင်ညွန့်က အဲဒီအချိန်က ၀န်ကြီးချုပ်ဆိုတော့ သူ့မိန်းမ ဒေါက်တာ ခင်ဝင်းရွှေက ဥက္ကဋ္ဌနေရာယူပါတယ်။ ၂၀၀၄ ခုနှစ်မှာ ထိန်းသိမ်းခံလိုက်ရပါတယ်။ အဲဒီအချိန်ကစလို့ ၀န်ကြီးချုပ်နေရာကို စင်တော်ကောက်ခံရသူ ဗိုလ်ချုပ်ကြီးတွေရဲ့ ကတော်တွေက အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနေရာကို ရယူကြပါတော့တယ်။
ဒီဥက္ကဋ္ဌနေရာကို ရယူခဲ့သူတွေကို ကြည့်ရင် ကံကောင်းခဲ့တဲ့သူ မရှိပါဘူး။ ဒေါ်ခင်ဝင်းရွှေကလည်း အထိန်းသိမ်းခံရတယ်။ သူ့နောက် ဒေါ်သန်းသန်းနွယ်ကလည်း ယောက်ျားဖြစ်သူ ဆုံးပါးသွားတယ်။ အခု ဗိုလ်သိန်းစိန် ကတော် ဒေါ်ခင်ခင်ဝင်းကတော့ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနေရာကို လွှဲပြောင်းပေးလိုက်ရပါတယ်။ ဒေါက်တာ ဒေါ်မြင့်ကြည်ကိုပါ။ သူက ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး အငြိမ်းစားဌာနမှူးပါ။ ဗိုလ်ကတော်တွေမှ လုပ်ခွင့်ရတဲ့နေရာကို အရပ်သား အပျိုကြီး တယောက်ကို ပထမဦးဆုံးအကြိမ်အဖြစ် ခန့်အပ်လိုက်တာပါ။
စစ်အစိုးရက ဒီ အမျိုးသမီးအဖွဲ့ချုပ် ဥက္ကဋ္ဌနေရာကို မပြောနဲ့၊ မြို့နယ်အဖွဲ့ခွဲလေးတွေရဲ့ ဥက္ကဋ္ဌနေရာကိုတောင်မှ အိမ်ထောင်မရှိသူ အပျိုကြီးတွေကို ခန့်အပ်တာ မဟုတ်ပါဘူး။ အခုလို အရပ်သား အပျိုကြီးတယောက်ကို ဥက္ကဋ္ဌနေရာ ဘာလို့ခန့် တာလည်းဆိုတော့ စစ်အစိုးရက ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်တော့မှာမို့ သူတို့ ချုပ်ကိုင်ထားတဲ့ အမျိုးသမီးရေးရာအဖွဲ့ချုပ်ကို နိုင်ငံရေး အရအသုံးချဖို့ နိုင်ငံရေးပါတီတခုအဖြစ် အသွင်ပြောင်းဖို့၊ ကြိုးဆွဲရာ ကမယ့် ရုပ်သေးရုပ်ကို ကောက်တင်လိုက်တာပါ။
အမျိုးသမီးရေးရာအဖွဲ့ချုပ်ကို မြန်မာအမျိုသမီးတွေရဲ့ ကိုယ်စားပြုအဖွဲ့အဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုထားပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ကတော်တွေ ဦးဆောင်ခဲ့တဲ့ အမျိုးသမီးရေးရာအဖွဲ့ချုပ်က ဘာတွေ လုပ်ဆောင်ခဲ့ပါသလဲ။ ဒီကာလတွေ အတွင်းမှာ မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးတိုးတက်လာတာကို မတွေ့ရပေမယ့် ကမ္ဘာ့အလယ်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာတွေတော့ အများကြီးပါ။
၂၀၀၅ ခုနှစ်က ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ ညီအစ်ကို ဗိုလ်မှူးကြီး စိုးရီအိမ်က အိမ်ဖော်မလေးကို သူ့မိသားစုက သတ်ပြီး အလောင်း ဖျောက်ဖျက်ခဲ့ပါတယ်။ ဒီအမှုဟာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တဲ့ အမှုပါ။ ဒီပြစ်မှုကြီးအတွက် ဗိုလ်မှူးကြီး စိုးရီ မိသားစုက ဘာပြစ်ဒဏ်မှ မခံရပါဘူး။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီး ရဲမြင့်ကတော် ဒေါက်တာ တင်လင်းမြင့်ဟာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယကဖြစ်ပါတယ်။ မြန်မာအမျိုးသမီးရေးရာ အဖွဲ့ချုပ်ကလည်း ဒီကိစ္စကို လျစ်လျူရှုခဲ့ပါတယ်။
နောက် ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုကိစ္စပါ။ မိုးကုတ် ဦးမြမောင်ရဲ့ သမီးမိသားစု အသတ်ခံရပါတယ်။ ဒီအမှုမှာ အမျိုးသမီး (၄) ယောက်ပါပါတယ်။ ဒီအမှုကို စစ်အစိုးရကလည်း မဖော်သလို အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကလည်း အသံတောင် မဟခဲ့ပါဘူး။
နောက်တခု အဆိုးရွားဆုံးကိစ္စကတော့ နာဂစ်မုန်တိုင်း ဒဏ်သင့်ခံရတုန်းကပါ။ လင်ယောက်ျား ဆုံးပါးသွားခဲ့တဲ့ မိဘမဲ့ ဖြစ်သွားတဲ့ အမျိုးသမီးကြီးငယ်ပေါင်းများစွာဟာ ဘ၀ရှင်သန် ရပ်တည်ဖို့ အခုချိန်ထိ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ပံ့ပိုးပေးခဲ့တာ မတွေ့ရပါဘူး။ အဲဒီအချိန်က အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်သိန်းစိန်ကတော် ဒေါ်ခင်ခင်ဝင်းဟာ နာဂစ်ဒေသကို ခြေဦးတောင် မလှည့်ခဲ့ပါဘူး။
နာဂစ်ကိစ္စပြီးတော့ ဆန္ဒခံယူပွဲ ကြီးကြပ်ရေး ကော်မရှင်မှာ အမျိုးသမီး တယောက်မှ မပါခဲ့ပါဘူး။ လင်ယောက်ျားတွေ လုပ်သမျှ ကြံရာပါ ဖြစ်နေတဲ့ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဟာ ပုတ်သင်ညိုတွေလိုပဲ ခေါင်းညိတ်လိုက်၊ ဖုံးဖိလိုက်နဲ့ မြန်မာအမျိုးသမီးတွေကို ပေလျာလကန် ပြုထားပါတယ်။
အခုလက်ရှိ မြန်မာအမျိုးသမီးတွေဟာ ဒေသတွင်းမှာ ဘယ်လိုအခြေအနေ ရပ်တည်နေရပါသလဲ။ အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံကို လူကုန်ကူးခံနေရတယ်။ ထိုင်းနိုင်ငံတွင်းမှာ လိင်လုပ်သားများအဖြစ် အလုံးအရင်း လုပ်ကိုင်နေကြတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံမှာလည်း တရားဝင်သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတွေ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ အကာအကွယ် တစုံတရာ မရရှိဘူး။ မလေးရှား လူမျိုးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကို ခံနေရပါတယ်။
ဒီဒေသတွင်း ပြသနာတွေအပြင် ယခု လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေလည်း ရှိနေပါသေးတယ်။ လိင်ဖျော်ဖြေရေးလုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့် မရှိတဲ့ မြန်မာနိုင်ငံမှာ လိင်လုပ်သားတွေဟာ ရောဂါကာကွယ်ရေး အပါအ၀င် တခြားရပိုင်ခွင့်ဆိုင်ရာ ကာကွယ်မှုကို မခံရပါဘူး။
အစိုးရအဖွဲ့အတွင်းရော ပြည်သူ့ဝန်ထမ်း လောကမှာပါ အဆင့်မြင့် အရာရှိနေရာတွေကိုလည်း ပေးမထားပါဘူး။ စစ်တက္ကသိုလ် တက်ရောက်ခွင့်၊ ရေကြောင်းတက္ကသိုလ် တက်ရောက်ခွင့် စတဲ့ အဆင့်မြင့် ပညာရေးကိုလည်း ပိတ်ပင်ထားပါတယ်။ ရေကြောင်းပညာတက္ကသိုလ်ကို ယခင်နှစ်ကမှ အမျိုးသမီး တက်ရောက်ခွင့်ရပါတယ်။
သက်မွေးဝမ်းကျောင်း ပညာရေး ရရှိဖို့ မလွယ်ကူခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်း ထူထောင်လုပ်ကိုင်ခွင့် နည်းပါးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းတို့ကြောင့် အမျိုးသမီးအချို့ဟာ ဖျော်ဖြေရေး အယောင်ပြ ဖွင့်လှစ်ထားတဲ့ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေထဲကို ရောက်ရှိလာကြပါတယ်။
နာဂစ်နောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ ဒီအမျိုးသမီးတွေဟာ ဥပဒေအရရော၊ လူမှုရေးအရရော ဘာအကာအကွယ်မှ မရှိပါဘူး။ မြန်မာပြည်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း ကျန်းမာရေး စောင့်ရှောက်မှုလေးတောင် ပေးခွင့်ရအောင် မလုပ်နိုင်ကြပါဘူး။
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကတော့ သူတို့အတွက် မထူးဆန်းတဲ့ လုပ်ငန်းတခုလိုများ သဘောထားသလားတော့ မပြောတတ်ပါဘူး။ လှည့်တောင်မကြည့်ပါဘူး။ ဒီမှာလည်း ပြဿနာက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းက ထိုးကျသွားတဲ့အခါ ပြည်တွင်းစားသုံးသူသာ ရှိတော့တာကြောင့် များလှတဲ့ လိင်ဖျော်ဖြေရေး လုပ်သားတွေရဲ့ ဈေးနှုန်းထိုးကျသွားပါတယ်။ ဖျော်ဖြေရေး အယောင်ပြ လိင်ဖျော်ဖြေရေးလုပ်ငန်တွေ လုပ်ကိုင်လာတာကြောင့် အစစ်အမှန် ၀န်ဆောင်မှုပေးတဲ့ အမျိုးသမီးတွေပါ ထင်ယောင်ထင်မှား ဖြစ်ခံလာရပါတယ်။
မီးယောင်မှိန်မှိန်ထွန်းထားတဲ့ မိုးလင်းပေါက်ဖွင့်တဲ့ အနှိပ်ခန်းတွေ၊ အသက်အရွယ်မရွေး လာရောက်တဲ့ နိုက်ကလပ်တွေ၊ ကာရာအိုကေ ခန်းတွေ၊ စင်တင် တေးဂီတနဲ့ တွဲဖက်ထားတဲ့ စားသောက်ဆိုင်တွေအပြင် ဆံပင်မညှပ်ဘဲ ခေါင်းလျှော်ပေးတဲ့ ဆိုင်တွေထိ အယောင်ပြဆိုင်တွေဖွင့်ပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းတွေကို လုပ်ကိုင်လာပါတယ်။
တချို့ကလည်း လမ်းတွေပေါ်မှာ၊ ကားမှတ်တိုင်တွေမှာ မှောင်ရိပ်ခိုပြီး ရောင်းချကြပါတယ်။ ဒီအမျိုးသမီးတွေဟာ မြန်မာပြည် ဥပဒေနဲ့ဆိုရင် ဒုစရိုက်မှုကို ကျူးလွန်သူတွေပါ။ သူတို့မှာ ဘ၀အာမခံချက် ဘာမှ မရှိပါဘူး။ ရဲစီမံချက်နဲ့ ဖမ်းဆီးခံလိုက်ရပြီ ဆိုရင်လည်း အာမခံရဖို့အရေး ရဲတွေနဲ့ပင်းပြီး ကြိုးစားကြရပါတယ်။ နောက် ၀င်ငွေနည်းအောက်ခြေရဲတွေရဲ့ နိုင်ထက်စီးနင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကိုလည်း ခံရပါတယ်။
ပြီးခဲ့တဲ့နှစ်ကစပြီး နိုင်ငံတကာ အန်ဂျီအိုတခု ဖြစ်တဲ့ CARE International က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အောက်ခြေ၀န်ထမ်းများကို HIV/ AIDS ပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ရသည်အထိ ရဲတပ်ဖွဲ့အတွင်း HIV ကူးစက်ခံရမှု များလာတာပါ။ ဒါကို ကြည့်ရင် ရဲတပ်ဖွဲ့အတွင်း လိင်လုပ်သားတွေဆီက အာဏာသုံးပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ဘယ်လောက်ရှိနေတယ်ဆိုတာ ခန့်မှန်းလို့ ရနေပါတယ်။
ဒီနှစ်ထဲမှာပဲ ရန်ကုန်တိုင်း ရဲမှူး အဖမ်းခံရပြီးနောက်ပိုင်းမှာ သူတို့ စစ်အုပ်စု လုပ်ကိုင်နေတဲ့ ရန်ကုန်မြို့ပေါ်က အနှိပ်ခန်းတွေ ခေတ္တပိတ်လိုက်ရပါတယ်။ အများစုသော အနှိပ်ခန်းဆိုတာက အယောင်ပြ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေပါ။ ဒီအနှိပ်ခန်းတွေက စစ်အုပ်စု ကျွန်ပြုထားတဲ့ အမျိုးသမီးတွေ အဖမ်းမခံရရေးကို အာမမခံနိုင်လို့ပါ။ အဖမ်းမခံရရေး ဆိုတာကလည်း ဒီအမျိုးသမီးတွေကို ကာကွယ်ချင်လွန်းလို့ မဟုတ်ပါဘူး။ ဒီအမျိုးသမီးတွေ အဖမ်းခံရရင် မီဒီယာတွေမှာ ပေါက်ကြားပြီး စစ်အုပ်စုရဲ့ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုမှုတွေ ကမ္ဘာ့အလယ် ဟိုလေးတကျော် ဖြစ်မှာကို စိုးရိမ်တာပါ။
ဒီကိစ္စတွေကိုကြည့်ရင် နိုင်ငံတွင်းက အမျိုးသမီးတွေ အခွင့်အရေး ဘယ်လောက်ချိုးဖောက်ခံနေရတယ်ဆိုတာ သိသာနိုင်ပါတယ်။ အမျိုးသမီးတွေ လုံခြုံရေး ကင်းမဲ့မှုနဲ့ အဆိုးဆုံးကတော့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ဖြစ်ပါတယ်။
ဒါတွေ အားလုံးကို ဗိုလ်ကတော်တွေ မောင်ပိုင်စီးထားတဲ့ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က တစိုးတစိမျှ လုပ်ကိုင်ခဲ့တာ ဆောင်ရွက်နေတာ မရှိပါဘူး။ တယောက်ယောက် အဖွဲ့အစည်းတခုခုက ထောက်ပြရင်လည်း မူလတန်းကျောင်းသားအဆင့် စာစီစာကုံးတွေ ရေးပြီ ကြေညာစာထုတ်တာလောက်ပဲ ရှိပါတယ်။ ဒီလို ကြေညာချက် ထုတ်တာတောင် ၂၀၀၅ ခုနှစ်နောက်ပိုင်း လုပ်နိုင်တာ မတွေ့တော့ပါဘူး။
ဗိုလ်ကတော်တွေရဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကြီး (MWFA) ဘာလုပ်နေပါသလဲ။ ယောက်ျားများဖြစ်သူ စစ်အာဏာရှင်တွေက ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ ဒီရွေးကောက်ပွဲမှာ ဘယ်သူတွေကို လက်ကိုင်တုတ်လုပ်လို့ ရမလဲ။ ယောက်ျားတွေက ကြံ့ဖွံ့ဆိုပြီးထောင်တယ်။ မိန်းမတွေက အမျိုးသမီး အဖွဲ့ချုပ်ဆိုပြီး နေရာယူတယ်။ နိုင်ငံရေးလောကကို အတွဲလိုက်ကြီး ပြုံလုပ်ကြဖို့ မဖြစ်တဲ့ အချိန်မှာ လူရိုသေ ရှင်ရိုသေလို့ သူတို့ ယူဆတဲ့ လူတွေ၊ နောက် သူတို့ အာဏာစက် သက်ရောက်နိုင်မယ့် သူတွေကို နေရာပေးထားဖို့ လိုလာပါတယ်။
ဒီနှစ် ၂၀၀၉ ခုနှစ်မှာ နိုင်ငံတကာ ဆက်ဆံရေးဌာနက အငြိမ်းစားဌာနမှူးတဦးကို မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒီအမျိုးသမီးကြီးဟာ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာ ဌာနမှူးပါ။ ဒေါက်တာ ဒေါ်မြင့်ကြည်ပါ။ သူ့ကို မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် စစ်အစိုးရက သူတို့ ဇနီးမယားတွေကို ဖယ်ပြီး ခန့်အပ်လိုက်တာပါ။ သူတို့ ဇနီးမယားများကတော့ နာယက နေရာ၊ အကြံပေးနေရာတွေကို ယူထားတုန်းပါ။
ဒါဟာ မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးကို တိုးတက်အောင် ဆောင်ရွက်ဖို့လား။ ဒါမှမဟုတ် နိုင်ငံရေးအပြောင်းအလဲမှာ ထည့်သွင်း အသုံးချလို့ ရမယ့်၊ သူတို့ ကြိုးဆွဲရာ ကမယ့် ရုပ်သေးရုပ်တရုပ်ကို ခန့်လိုက်တာလားဆိုတာ ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။
ခောတ်ပြိုင်မှ
No comments:
Post a Comment