ဖူးဒေါန၏တိုက်ပွဲအတွေ့ အကြုံ အပိုင်း(၂)
စာဖတ်ပရိတ်သတ်များခင်ဗျား.....ဖူးဒေါန၏တိုက်ပွဲအတွေ့ အကြုံ အပိုင်း(၂) ကို တင်ပြပေးလိုက်ပါတယ်။
ဘော်သိုထာရွာရောက်မှဘဲ ကျနော်တို့ စစ်ကြောင်းသည် ရွာထဲတွင်စခန်းချတော့သည်။ ကျနော်နှင့် ရဲဘော်ဝါးဝါး၊ ရဲဘော် ဘောဂေး၊ ရဲဘော်အယ်ဒါး ( ကျဆုံး ) တို့ သည် ညီအစ်ကိုကဲ့သို့ ချစ်ခင်ကြသည်၊ အားလုံးလူပျိုများဖြစ်သောကြောင့် အပျိုမ အိမ်လည်ချင်သည် ထို့ ကြောင့်တပ်ခွဲမှူးကျော်ကို့ ထံတွင် ရွာထဲသွားရန်ခွင့်တောင်းပါသည်။
ခွဲမှူးကလည်း ရဲဘော်များအကြောင်း ကောင်းကောင်း သိထားသောကြောင့် ( မင်းတို့ လေးယောက်ထဲကဘယ်သူဒီရွာသားဖြစ်မလဲ ကြည့်တာပေါ့ ) ဆိုပြီး နောက်နောက်ပြောင်ပြောင် စ ရင်း ကျနော်တို့ လေးယောက်တို့ သည် ရွာလမ်းမအတိုင်းလမ်းလျှောက်လာရင်း ရွာရဲ့ သာယာမှူ လေးကိုတ၀ကြီး ခံစားရပါသည်။ အချို့ သောရဲဘော်များမုန့် ဆိုင်တွင် ဆေးလိပ်ဝယ်သူဝယ် မုန့် ဝယ်သူဝယ် ရွာသူရွာသားများနှင့် စလိုက် ပြောင်လိုက် နှင့်ပျော်စရာကောင်းပေသည်။ ရွာသူအပျိုမ တို့ သည်လည်း ရဲဘော်ချောချော တွေ့ ရင် အိမ်လာလည်ရန် ဖိတ်ခေါ်တတ်သည်၊ တခါတရံ အပျိုမအိမ် အလည်သွားသည့်အခါ လူငယ်သဘာဝ အတိုင်း ရင်ခုံစရာ ကြည်နူးစရာ များဖြစ်တိုင်း အိုးနင်းခွက်နင်း နှင့်ဟန်ချက်ပြက်တတ်ပါသေးသည်။
ကရင်မောင်မယ် တို့ ရဲ့ ခင်မင်ရင်းနှီးမှုတွင် မည်သည့်ဟန်ဆောင်မှုများမရှိပေ။ စာရေးသူကိုယ်တိုင် လူငယ်များနှင့်ရင်းရင်းနှီးနှီး နေသောကြောင့် လူပျိုခေါင်းလုပ်ရပါသည်။ ထိုကဲ့သို့ ကျနော့ရဲဘော် နှင့်ချစ်ကျွမ်းသော ရွာသူဆိုလျှင် ၄င်းတို့ ကိုယ်တိုင်ယက်လုပ်သော ကရင်လွယ်အိပ်ကို ချစ်သူအတွက်ယက်လုပ်ပေးလေ့ရှိပါသည်။ ထိုအပြုအမူတို့ သည်တော်လှန်ရေးရဲဘော်( လူပျို )တို့ အတွက်အားဆေးတခွက်ပေတည်း။
တော်လှန်ရေးရဲဘော်အများစုသည် မဟာ ဗမာဝါဒီတွေကို ကိုယ်တိုင် ချေမုန်းချင်သူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ ရင်နစ်ကြေကွဲစွာ ပေါက်ကွဲထွက်လာသော ခိုင်မာသည့်စိတ်ဓာတ်ဖြင့် လက်နက့်ဆွဲကိုင်ပြီး မဟာဗမာဝါဒ ကျဆုံးရေးအတွက် တိုက်ပွဲဝင်သူများဖြစ်ပါသည်။ အချစ်အတွက်တော်လှန်ရေးထဲ ရောက်လာသူများလည်းရှိပါသည်။ ( အချစ်အတွက်ဆိုသည်မှာ မိမိရဲ့ချစ်သူ ( ရည်းစား ) သို့ မဟုတ် မိမိရဲ့ဆွေမျိုး များထဲမှ ဗမာတို့ ရဲ့ လူမဆန်စွာ မုဒိမ်းကျင့်၊ သတ်ဖြတ်ခြင်း များအတွက် မခံနိုင်၍ လက်နက်ဆွဲတိုက်ပွဲဝင် သူများကိုဆိုလိုပါသည်။) KNU တော်လှန်ရေးရဲဘော်များ၏ဘ၀သည် ကျူးကျော်လာသောရန်သူများကို တိုက်ခိုက်ချေမုန်းရသည်မှာ ကရင်အမျိုးသားတရပ်လုံး ဗမာမဟာဝါဒီ ၏ဖိနှိပ်မှု အောက်မှလွှတ်မြောက်အောင် တန်ဖိုးကြီးလှသော မိမိ၏အသက်ကိုပင်ပဓာနမထားဘဲ အခမဲ့ ပေးဆပ်သူများသာ ဖြစ်ကြပါသည်။
ဘော်သိုထာတွင် နှစ်ရက် နေပြီး ၀င်းမောင်းရွာသို့ စစ်ကြောင်းချီခဲ့ပါသည်။ ရည်ရွယ်ချက်မှာ စည်းရုံးရေးဆင်းခြင်းဖြစ်ပါသည်။ တပ်မဟာ(၁) ဘီးလင်းခရိုင်တွင်ရှိသော ၀င်းမောင်း၊တအုနီး၊တအုခီး၊ နတ်ကြီး အစရှိသော ရွာများသို့ စည်းရုံးရေးဆင်းခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ စစ်ကြောင်းထွက်ရာတွင် ကျောက်ဖျာဟုခေါ်သော နေရာတခုရှိပါသည်။ မည်သည့်စစ်ကြောင်းမဆို ဤ လမ်းကိုသာအသုံးများသည်။ ကျောက်ဖျာဆိုသည်မှာ ရေတံခွန်စီးဆင်းသော တောင်ခါးပန်း ဖြစ်သည့်အလျောက် လမ်းကျဉ်းလေးလဲဖြစ်သည်။
ထိုကျောက်ဖျာကိုဖြတ်ကူးရမည်မှာ အန္တရယ်ကြီးမားလွန်းပါသည်။ မတော်တဆ ချေ ခြော်ကျလျင် ချောက်ကမ်းပါး ထဲကျမည်။ ကူးရန်ကျောက်တုံးများသည်လည်း ရေညှိများနှင့်ချောနေသည်။ ဤလမ်းကိုဖြတ်ကူးသည့်အခါတွင် ရှေ့ သို့ ကြည့်၍မရပါ၊ အောက်သို့ ကြည့်၍ သွားရပါသည်။ ထိုကဲ့သို့ ဖြတ်ကူးနေချိန်တွင် တဖက်ကမ်းမှ ရန်သူကစောင့်ပစ်လျှင် လွယ်ကူပေသည်။ ထိုအခြေအနေကို သိသော ပဒိုအေးဖေါသည် စစ်ပရိယယ်ကို ရိုးရိုးလေးသာ သုံးသွားသည်။ ဤ ကျောက်ဖျာကို ကူးပြီးပါက ၂နာရီခရီးဆိုရင် သတ်မှတ်ထားသော ၀င်းမောင်းရွာသို့ ရောက်မည်ဖြစ်ပါသည်။ ၀င်းမောင်းရွာ အနီးအနားတွင်လှုပ်ရှားသော တော်လှန်ရေးရဲဘော်များနှင့် ရန်သူ့ အခြေအနေသိရန် ဆက်သွယ်ပါသည်။ ကြိုတင်တွက်ဆထားသည့် အတိုင်း ရန်သူ သည်ဤ ကျောက်ဖျာနားတွင် ကင်းပုန်းဝပ်နေကြောင်း သတင်းရရှိပါသည်။ ထို့ ကြောင့်ရွေးစရာလမ်းဟူ၍ ရန်သူသည် မည်သည့်နေရာတွင် ကင်းပုန်းဝပ်သနည်း ဟူသောအဖြေကို ရှာရပါတော့သည်။
ကျနော်တို့ စစ်ကြောင်းထဲတွင် ဤဒေသ၏ရွာခံလူများလည်းရှိသည်။ ထို့ ကြောင့်ရွာခံ တော်လှန်ရေးရဲဘော်များကို အရပ်သား အသွင် သစ်ခုတ်သား၊ ၀ါးခုတ်သား၊အသွင်မျိုးဖြင့် ၄င်းကျောက်ဖျာကို ကူးစေပါသည်။ ၄င်းတော်လှန်ရေးရဲဘော်တို့ သည် အမိန့် နာခံခြင်း၊မိမိလုပ်ရမည့်တာဝန်ကိုသိခြင်းတို့ ကြောင့် ရှည်ရှည်ဝေးဝေး ပြောစရာမလိုဘဲ စစ်ကြောင်းမှနေရာယူခြင်း၊ ပတ်ဝန်းကျင်လေ့လာမှုလုပ်ပြီး ရန်သူအားတိုက်ခိုက်ရန် အသင့်အနေအထားဖြင့် စောင့်နေပါသည်။ ၄င်းတော်လှန်ရေးရဲဘော်၂ယောက်သည် ကျောက်ဖျာတဖက်ကမ်းအရောက်တွင် “ ဟေ့ ရပ်….မင်းတို့ ဘယ်သူလဲ လက်မြှောက်” ဟု သေနတ်နှင့်ချိန်ပြီး ဖမ်းဆီးစစ်ဆေးသည့်အခါတွင် တော်လှန်ရေးရဲဘော် ၂ဦးမှာ ကြောက်လန့် ခြင်းမရှိဘဲ “ ကျနော်တို့ ဝင်းမောင်းရွာကပါ ဗိုလ်မှူးခိုင်းလို့ ဝါးလာခုတ်တာ လို့ ” အတည်ပေါက်နှင့် ပြောလိုက်သည်။ ရန်သူတို့ ကလည်း ဗိုလ်မှူးလို့ ကြားလိုက်တာနဲ့ စစ်ဆေးမေးမြန်းချင်းမရှိဘဲ နေသည်။
ရန်သူတို့ သည်လည်း ထုံးစံအတိုင်း ငပွေးရှိလား လို့ တော့မေးသည်၊ တော်လှန်ရေးရဲဘော်သည်လည်း တယောက်စ နှစ်ယောက်စ တွေ့ တယ်လို့ ပြန်ပြောသည့်အခါမှာ….
ရန်သူ…..ဘာသေနတ်ကိုင်လဲ
တော်လှန်ရေးရဲဘော်……ဘာသေနတ်လဲ မသိဘူး တစစီ ဖြုတ်ထားပြီး ပုဆိုးထဲထည့်လွယ်ထားတာတွေ့ တယ်၊
ရန်သူ…… ဘယ်မှာတွေ့ လဲ
တော်လှန်ရေးရဲဘော်……ဟိုဖက်ကမ်းမှာတွေ့ တယ်
ရန်သူ……အင်အားဘယ်လောက်ရှိလဲ
တော်လှန်ရေးရဲဘော်…..ကျနော်တို့ အဲဒီမှာဝါးခုတ်နေတာ အဲဒီနှစ်ယောက်ဘဲတွေ့ တယ် ခုဏမှဖြတ်လာတုံး ရှိနေသေးတယ် လို့ ပြောပြီး ဗိုလ်မှူးဆီကိုဝါးခုတ်ပြီးကြောင်း သတင်းပို့ ရဦးမယ် လို့ ပြောပြီး ရန်သူ့ လက်ထဲမှ လှလှပပ ထွက်လာနိုင်ခဲ့ပါသည်။
တော်လှန်ရေးရဲဘော်၂ယောက်သည်လည်း ၀င်းမောင်းရွာအနီးတွင်လှုပ်ရှားနေသော အဖွဲ့ များနှင့် အမြန်ဆက်သွယ်ပြီး ကျနော်တို့ ဆီကိုရန်သူ ကူးလာနိုင်ဖွယ်ရှိကြောင်းနှင့် အင်အား၁၃ ယောက်ရှိကြောင်း သတင်းပေးပါသည်။ ထိုသို့ ရန်သူအလာကိုစောင့်နေရင်း မှတပ်ခွဲမှုးကျော်ကို့ မှ( ကတော) ဆိုပြီးအမိန့် ပေးလိုက်ပါသည်။ အသင့်ဖြစ်ရန်အမိန့် ပေးခြင်းဖြစ်ပါသည်။ မကြာပါ ရန်သူဖက်မှ ထိုကျောက်ဖျာကို ဖြတ်ကူး၍ ပွိုင့်ထွက်လာသော ရန်သူတယောက်သည် သေနတ်ကို ဟိုချိန်ဒီချိန်နှင့် ကမ်းပါးနားတွင် လာကပ်နေသည်ကို တွေ့ လိုက်ရသည်။ အခြေအနေ အကဲခတ်ပြီး ခဏကြာမှ လက်ပြအချက်ပေးပြီး ကျန်သူများကိုကူး စေပါသည်။
ထိုသို့ ရန်သူတို့ ကျောက်ဖျာကိုကူးနေချိန်တွင် ကျနော်က ခွဲမှုးကိုကြည့်လိုက်သည်။ ခွဲမှုးကလက်ကာပြသည်၊ ဆိုလိုသည်မှာ ရန်သူဘယ်နှယောက်ရှိမလဲ ဆိုတာ ကြည့်တဲ့သဘောနှင့် လက်ကာပြခြင်းဖြစ်ပါသည်။ ရန်သူများ ကူးလာပါပြီ ရှေ့ သို့ ကြည့်၍မရပါ။ လမ်းကကျဉ်း ကျောက်ကလည်းချောသည် ချောက်ကမ်းပါးလည်း နက်သည်။ ထို့ ကြောင့်ကျနော်တို့ စစ်ကြောင်းကလည်း လွယ်လွယ် မကူးရခြင်းဖြစ်သည်။ သတ်ကွင်းကောင်းသောနေရာဖြစ်သောကြောင့် အင်မတန်သတိထားရပါသည်။
အပိုင်း(၃)ကို ဆက်လက်ဖေါ်ပြသွားပါမည်။
No comments:
Post a Comment