ondragstart="return false" onselectstart="return false"

Friday, December 11, 2009

စစ်အစိုးရ၏ `လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု´ စစ်ဆေးရန် လုံခြုံရေး ကောင်စီကို တိုက်တွန်း

မုံပီး
သောကြာနေ့၊ ဒီဇင်ဘာလ 11 ရက် 2009 ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်သော ယမန်နေ့တွင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါလီမန်အမတ် ၄၄၂ ဦးက မြန်မာစစ်အစိုးရ၏ `လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ´ ကို စုံစမ်းစစ်ဆေးနိုင်ရန် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းပေးပါရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်သည်။

အဆိုပါစာတွင် အာရှ၊ ဥရောပ၊ မြောက်နှင့် တောင် အမေရိကတိုက်များမှ အမတ်များက ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ စာရေးသား ပေးပို့ပြီး စစ်အစိုးရ ကျူးလွန်နေသည့် `လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ´ ကို စုံစမ်းစစ်ဆေးနိုင်ရန် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းပေးရန်နှင့် စစ်အစိုးရအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ပင်ခြင်းကိုလည်း ပြုလုပ်ပါရန် တိုက်တွန်းလိုက်သည်။

ဂျပန်နိုင်ငံ ဒိုင်းယက်လွှတ်တော် အမတ်များဖြစ်သော အဇူးမားကွန်နို (Azuma Konno) နှင့် တာဒါရှီအီနူဇူကာ (Tadashi Inuzuka) က လက်မှတ်ရေးထိုး ပေးပို့ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတဝှမ်းလုံးမှ အမတ် ၄၄၂ ဦး၏ ထောက်ခံ လက်မှတ်များလည်း ပါဝင်သည်။ ယင်းစာကို ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ သံအမတ်ကြီး မီရှဲကာဖန်ဒို (Michel Kafando)၊ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များထံသို့ လိပ်မူပေးပို့ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရသည် ရာဇဝတ်မှုများကို ကျယ်ပြန့်စွာ စနစ်တကျ ကျူးလွန်နေပြီး ယင်းတို့တွင် ထောင်ပေါင်းများစွာသော နိုင်ငံသားများကို သတ်ဖြတ်နေခြင်း၊ တိုင်းရင်းသူ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ဒုက္ခသည်ပေါင်း တသန်းကျော်ကို အတွင်းအကျပ် ပြောင်းရွှေ့စေခြင်း၊ ပြည်တွင်း ဒုက္ခသည်များကို ပေါ်ပေါက်စေခြင်း၊ သောင်းနှင့်ချီသော ကလေးစစ်သားများကို စုဆောင်းခြင်း၊ ခေတ်သစ် ကျေးကျွန်စနစ်ကို ကျင့်သုံးခြင်းတို့ ပါဝင်သည်ဟု အဆိုပါ အမတ်များက ယင်းတို့ပေးပို့သော စာတွင် ရေးသားထားသည်။

စစ်အစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းပေါင်း များစွာက အသေအချာ အထောက်အထားဖြင့် မှတ်တမ်းတင်ခဲ့ပြီး ဖြစ်သည်။ ကုလ လုံခြုံရေး ကောင်စီက မြန်မာပြည်သူများ ခံစားနေရသော ဆင်းရဲဒုက္ခကို လျစ်လျူရှုခဲ့သည်ဟုလည်း အမတ်များက စွပ်စွဲ ရေးသားထားသည်။ ထို့ပြင် ဤကိစ္စရပ်များအပေါ် ကုလလုံခြုံရေး ကောင်စီက ရေငုံနှုတ်ပိတ်နေခဲ့ခြင်းမှာလည်း `တုန်လှုပ်´ စရာပင် ဖြစ်သည်ဟုလည်း ဆိုလိုက်သည်။

အဆိုပါ စာတွင် ကမ္ဘာ့ထိပ်တန်း ဥပဒေပညာရှင် ၅ ဦး ပါဝင်ရေးသား ပြုစုထားသည့် မကြာသေးမီက ထုတ်ပြန်ခဲ့သော ဟားဗတ်ဥပဒေ တက္ကသိုလ်၏ အစီရင်ခံစာကိုလည်း အမတ်များက ကိုးကား ရေးသားထားသည်။ အဆိုပါ အစီရင်ခံစာသည် ကုလသမဂ္ဂ အစီရင်ခံစာနှင့် မှတ်တမ်းမှတ်ရာများကို စုစည်း ရေးသားထားခြင်းဖြစ်ပြီး `နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေကို ချိုးဖောက်နေကြောင်း ကနဦး အထောက်အထားများ ရှိနေပြီဖြစ်ပြီး နောက်ထပ် ဆိုးရွားသော ချိုးဖောက်မှုများ ထပ်မံကျူးလွန်ခြင်း မရှိစေရန်အတွက် ကုလလုံခြုံရေး ကောင်စီက စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် အခြေအနေက တောင်းဆိုနေပြီ´ ဟု ကောက်ချက်ချထားသည်။

ထို့ပြင် အဆိုပါ ဥပဒေပညာရှင်များက သူတို့၏ အစီရင်ခံစာတွင် စစ်အစိုးရ ကျူးလွန်သော ချိုးဖောက်မှုများသည် `စစ်ရာဇဝတ်မှုမြောက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုလည်း မြောက်သည်´ ဟု ကောက်ချက်ချထားသည်။

`ဤသို့ အရေးယူ ဆောင်ရွက်သင့်သည်မှာ ကြာပြီဖြစ်သည်။ စစ်အစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာ မိမိတို့ ပြည်သူများကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့သည်´ ဟုလည်း အဆိုပါ စာက ဆိုလိုက်သည်။

ဂျပန်အမတ်များက နောက်ထပ် အစီရင်ခံစာတစောင်ဖြစ်သော ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်များနှင့် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များကို လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်နေသည့် ထိုင်း-မြန်မာနယ်စပ် ညွန့်ပေါင်းအဖွဲ့ (TBBC) က ပြုစုသည့် အစီရင်ခံစာကိုလည်း ကိုးကားဖော်ပြထားသည်။

ယခုနှစ် နှစ်ဆန်းတွင် ထုတ်ပြန်ခဲ့သော TBBC ၏ အစီရင်ခံစာတွင် စစ်အစိုးရသည် တိုင်းရင်းသား လူနည်းစုများကို ၁၉၉၆ ခုနှစ်နောက်ပိုင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ တိုင်းရင်းသား လူနည်းစုများ၏ ကျေးရွာပေါင်း ၃၅ဝဝ ကျော် ဖျက်ဆီးခံခဲ့ရပြီး ယမန်နှစ်တနှစ်ထဲတွင်ပင် လူပေါင်းအနည်းဆုံး ၇၅၀၀၀ မှာ မိမိတို့ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး လူပေါင်း ၅ သိန်းကျော်မှာ ပြည်တွင်းဒုက္ခသည်များအဖြစ် ရှိနေဆဲဖြစ်သည်ဟု ရေးသားထားသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ကဲ့သို့သော လက်နက်ကိုင် ဆန့်ကျင်ရေး အဖွဲ့အစည်းများ ရှိနေသည့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော စစ်ရေး ပဋိပက္ခများသည် `ဒါဖော အခြေအနေနှင့် နှိုင်းယှဉ်၍ ရနိုင်သည်´ ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

ဘရာဇီးမှ ပေါ်လိုဆာဂျီယိုပင်ဟဲရိုး (Paulo Sergio Pinheiro)၊ ဂျပန်မှ ယိုဇိုယိုကိုတာ (Yozo Yokota) အပါအဝင် ကုလ အထူးကိုယ်စားလှယ်များက ထိုသို့ စစ်အစိုးရ ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်းကို အသိအမှတ်ပြု ပြောကြားခဲ့ပြီးဖြစ်သည်ဟု အဆိုပါ အမတ်များက ပြောသည်။ `ထို့ကြောင့် ဤကိစ္စရပ်များအပေါ် အရေးယူနိုင်ရန် ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို အမြန်ဆုံးပြုစု၍ အဆိုပါ ဆုံးဖြတ်ချက်ကိုလည်း အမြန်ဆုံး ချမှတ်ပါရန် သင်တို့ကို ပြင်းထန်စွာ တောင်းဆိုပါသည်´ ဟု သူတို့ပေးပို့သော စာတွင် ရေးထားသည်။

`ကုလလုံခြုံရေးကောင်စီက အချိန်ကြာကြာ စောင့်နေလေ၊ မြန်မာနိုင်ငံမှ လူများ ထပ်သေရလေ ဖြစ်လိမ့်မည်´ ဟု အမတ်များက သူတို့စာ၏ နိဂုံးတွင် ရေးထားသည်။

စစ်အစိုးရ ကျူးလွန်နေသည့် `လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု´ နှင့် `စစ်ရာဇဝတ်မှု´ များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုသည် ကမ္ဘာတဝှန်းမှ လွှတ်တော်အမတ်များ ပါဝင်လာသည့်အတွက် အရှိန်အဟုန်ရလာပြီဖြစ်သည်။ သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တရားဝင် ကိုင်တွယ်ဆောင်ရွက်မည့် အလားအလာမှာမူ အလှမ်းဝေးနေဆဲရှိသည်။

ဗြိတိသျှ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ အငယ်တန်းဝန်ကြီး အိုင်ဗင်လူးဝစ္စ (Ivan Lewis) က ယမန်နေ့က ပါလီမန် အခြေအတင် ဆွေးနွေးပွဲတွင် ပြောကြားရာ၌ စစ်အစိုးရ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် ကုလလုံခြုံရေးကောင်စီကို တောင်းဆိုသည့် လှုပ်ရှားမှုကို သူတို့ထောက်ခံသော်လည်း ဆုံးဖြတ်ချက်တရပ်ပေါ် ထွက်လာသည်အထိ ဖြစ်လာရန်မှာမူ လုံလောက်သော ထောက်ခံမှုများ မရရှိသေးကြောင်း သိရှိပါသည်ဟု ပြောဆိုသွားသည်။

လောလောဆယ်တွင် ဗြိတိန်နိုင်ငံအနေဖြင့် ဤအဆိုကို မတင်ချင်သေးကြောင်းနှင့် အကယ်၍ လိုချင်သော ဆုံးဖြတ်ချက်မျိုး မရရှိခဲ့ပါက `စစ်အစိုးရအတွက် ဝါဒဖြန့်ချိရေးအောင်ပွဲတခု ဖြစ်သွားမည်´ ဖြစ်သွားမည့် အရေးကြောင့်ဖြစ်ကြောင်း လူးဝစ္စက ပြောသည်။

`စုံစမ်းရေးကော်မရှင်ကိစ္စကို ကျနော်တို့ သတိကြီးစွာထား ဆောင်ရွက်နေခြင်းမှာ ဤအချက်သည် မမှန်ကန်ဟု မူအရ ယူဆထား၍ မဟုတ်ဘဲ တင်လိုက်သော ဆုံးဖြတ်ချက် အဆိုပယ်ချခံရပါက လက်တွေ့နိုင်ငံရေးသဘောအရ ဆန့်ကျင်ဘက် အကျိုးရလဒ် ထွက်ပေါ်လာမည်ကို ထည့်သွင်းစဉ်းစားနေရခြင်းကြောင့်သာ ဖြစ်သည်ဟု ရှင်းလင်းပြောဆိုသွားသည်။

၂၀၀၇ ခုနှစ် နှစ်ဆန်းတွင်လည်း အမေရိကန်ပြည်ထောင်စုက အဆိုပြု၍ ပြင်သစ်နှင့် ဗြိတိန်က ထောက်ခံခဲ့သော အဆိုသည်လည်း ရုရှနှင့် တရုတ်တို့က ဗီတိုသုံးပယ်ချခဲ့သဖြင့် ပျက်ခဲ့ရသည်။ အဆိုပါ နှစ်နိုင်ငံသည် စစ်အစိုးရ၏ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံများ ဖြစ်သည်။

မြန်မာ့အရေး ထောက်ခံမှုရရန် ကမ္ဘာတဝှန်းရှိ လွှတ်တော်အမတ်များကို ဆွဲဆောင်စည်းရုံးမှုများ လုပ်နေသူ တဦးဖြစ်သည့် ဘားမားအင်ဖိုမှ ယူကီအာကီမိုတို (Yuki Akomoto) က ရုရှနှင့် တရုတ်တို့အနေဖြင့် သူတို့လုပ်ရပ်သည် မြန်မာပြည်သူပေါင်းများစွာ၏ ဘဝများကို ထိခိုက်စေခဲ့သည်ကို သိရှိနားလည်သင့်ကြောင်းနှင့် နောင်တွင် သူတို့အနေဖြင့် ထိုသို့ တာဝန်မဲ့ မပြုမူသင့်ကြောင်း ပြောဆိုသည်။

ကုလလုံခြုံရေးကောင်စီသို့ ပေးပို့သည့် အဆိုပါစာကို ပါလီမန်အမတ်များ ကမ္ဘာတဝှန်းမှ ကွန်ဂရက် လွှတ်တော်အမတ်များ လက်မှတ်ရေးထိုးထားကြရာ ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဘရာဇီး၊ မောလ်ဒိဗ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ သြစတြေးလျား၊ အင်ဒိုနီးရှားနှင့် နယူးဇီလန်နိုင်ငံတို့မှ လွှတ်တော်အမတ်များ ပါဝင်သည်။

တချိန်က အရှေ့တောင်အာရှ၏ စပါးကျီဟု သိခဲ့ကြသော မြန်မာနိုင်ငံကို စစ်အာဏာရှင်များက ၁၉၆၂ ခုနှစ်ကတည်းက စတင်အုပ်ချုပ်ခဲ့သည်။ ဟဲရီတေ့ခ်ျဖောင်ဒေးရှင်း (Heritage Foundation) ၏ လေ့လာချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဖိနှိပ်ဆုံး စီးပွားရေးရှိသည့် ၅ နိုင်ငံတွင် တနိုင်ငံအဖြစ် ပါဝင်နေပြီး ဗြိတိန်နိုင်ငံမှ Transparency International ၏ သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင် တတိယ ခြအစားဆုံး၊ အကျင့်ပျက်ဆုံးနိုင်ငံ ဖြစ်နေသည်။ နယ်စည်းမထား သတင်းထောက်များအဖွဲ့ (Reporters without Borders) ၏ သတ်မှတ်ချက်အရမူ ကမ္ဘာပေါ်တွင် သတင်းလွတ်လပ်ခွင့်ကို အဆိုးရွားဆုံး ချိုးဖောက်သည့် နိုင်ငံဖြစ်သည်။

No comments:

Post a Comment