ondragstart="return false" onselectstart="return false"

Friday, December 4, 2009

ဖါးကပ်တိုက်ပွဲ - အပိုင်း (၃)

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

ရန်သူကို ဆေးကုပေးရန် လိုအပ်နေပြီဖြစ်၍ ရဲဘော်နှစ်ဦးအား ရွာတွင်းသို့ခေါ်သွားရန် ညွန်ကြားလိုက်သည်။ “ဒီရန်သူကို ရွာထဲခေါ်သွား၊ ဆေးမှူး ဆရာသာလေးဒေး ကျွန်တော်နဲ့လိုက်ခဲ့”----ရန် ပြောပြောဆိုဆို ရွာထဲသို့ ခေါ်သွားတော့သည်။ ဒဏ်ရာရ ရန်သူသည် သွေးထွက်များလို့ထင်သည် မျက်နှာဖြူဖတ် ဖြူယော်နှင့် အားငယ်နေသည့် အသွင်ပေါက်နေသည်။

ကျည်ကွယ်ရသော ထင်းပုံများကြား၌ ဆေးမှူး ဆရာသာလေးဒေး (ယခု တပ်ရင်း (၂၄) ဒုတိယတပ်ခွဲမှူး ဗိုလ်သာလေးဒေး) သည် လုပ်စရာ ကိုင်စရာများ လုပ်နေသည်။ သွေးများကို ဆေးကြောနေသည်၊ ဆေးထိုးပေးနေသည်၊ ပတ်တီးစည်း နေသည်၊ စိတ်ရှည်လက်ရှည် ကိုင်တွယ်နေသည်။ ကုသနေသည်။ (စစ်မြေပြင်မှာ စစ်သားစုဆောင်းရေး စနစ်ရှိသည်)၊ သုံ့ပန်းပေါ်လစီအရ ဖမ်းမိရန်သူကို မသတ်ရ၊ မနှိပ်စက်ရ၊ ယဉ်ကျေးစွာ ဆက်ဆံပါ၊ ဒဏ်ရာရ ရန်သူကို ဆေးကုသမှုပြုပါ ဆိုသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ သုံ့ပန်းပေါ်လစီကို ကျွန်တော့်ဆေးမှူး နားလည်သိရှိ ထားပြီးဖြစ်သည်။

ဆေးမှူး၏စိတ်ရှည် လက်ရှည် မေတ္တာစိတ်ဖြင့်ကုသမှုကြောင့် ဒဏ်ရာမှ သွေးတိတ်သွားတော့သည်။ ဆေးမှူးသည် မိမိအား မော့ကြည့်ကာ “ရန်သူအသက် စိုးရိမ်စရာ မရှိတော့ကြောင်း၊ အခြေအနေကောင်းသွားပြီဖြစ်ကြောင်း” မျက်ရိပ်ပြလိုက် သဖြင့် မိမိဝမ်းသာမိသည်။ လူသားတစ်ယောက်ကို အသက်ရှင်နိုင်အောင် ရန်သူ - မိတ်ဆွေ မခွဲခြားဘဲ စစ်မြေပြင်မှာ ကယ်တင်နိုင်မိသဖြင့် ဝမ်းသာမိခြင်းဖြစ်သည်။



မိမိတို့ ကရင်တမျိုးသားလုံးကို ကျွန်ပြု သတ်ဖြတ်နေသည့် ရွာဖျက်၊ မီးရှို့၊ မုဒိန်းကျင့်၊ ပေါ်တာဆွဲ၊ လူမဆန်တဲ့၊ သိက္ခာမဲ့တဲ့အလုပ် အကုန်လုပ်တဲ့ ရန်သူကို ဘာကြောင့် ဆေးကုပေး နေရတာလဲဟု အာဃာတတရား၊ အမုန်းတရားများကို သင်ပုန်းချေ ပစ်လိုက်သည်။

အခြေအနေ ကောင်းလာပြီဖြစ်သော ရန်သူသည် ဘာတွေ တွေးကြောက်နေမှန်းမသိ -

“အဘ အဘ၊ ကျွန်တော့်ကို သတ်မလား”--- တဲ့။

ထိုအခါ သမယ၌ မိမိ ပုံသဏ္ဍာန်သည် တောပုန်းကြီးစံဖဲပုံ ပေါက်နေသလားမသိ၊ လူသတ်သမားပုံများ
ပေါက်နေသလားမသိ။ “ကျွန်တော့်ကို သတ်မလား” တဲ့။ အမေရိကန် ဗိုလ်ချုပ်ကြီး ဝက်စ်မိုးလန်း (West Moland) ယူနီဖေါင်း၊ စစ်ဘိနပ်၊ သံခမောက်၊ မုတ်ဆိတ် ပသိုင်းမွေး ထူလဗြစ်နှင့်ဖြစ်နေသည်။

“မင်းကိုသတ်မယ်ဆိုရင် ဒီအထိ ခေါ်လာပြီး ဆေးကုပေးပါ့မလား” ဟု အားပေးစကား ပြောလိုက်ရသည်။
စစ်သုံ့ပန်း ရန်သူသည် မိမိအား ကြောက်နေပုံရသည်။ ၄င်းတို့တက်ခဲ့ရသော အခြေခံစစ်သင်တန်းကျောင်းများ၌ စစ်မြေပြင်မှာ KNU က ဖမ်းမိခဲ့ရင် ဆိုးသွမ်းကြောင်း၊ ရက်စက်ကြောင်း၊ ဖမ်းမိရင် ဝါးကြောပြားနဲ့ လည်ပင်းကို လှီးသတ်ကြောင်း၊ ဝက်တုတ် တုတ်ပြီး ထုတ်မှာဆွဲ၊ ဝါးရင်းတုတ်နဲ့ ရိုက်သတ်ကြောင်း အမျိုးမျိုး သွားပုတ်လေလွင့် ပြောထား သင်ထားမည်ကို သိလိုက်ရသည်။

ထို့ကြောင့် ကျွန်တော်က လိုတိုရှင်း ပြောလိုက်ရသည် -

“မင်းကိုသတ်ရင် ကရင်ပြည်ရလာမှာမှ မဟုတ်တာ”

“သူသတ်၊ ကိုယ်သတ်ဆိုရင် ဒီအမုန်းသံသရာကြီး ဘယ်တော့အဆုံးသတ်တော့မှာလဲ”


“ခုခံစစ်ကိုဆင်နွဲနေတဲ့ တို့တပ်မတော်ဟာ တို့အမိမြေထဲ ကျူးကျော်လာတဲ့ ရန်သူကို စစ်မြေပြင်မှာ ခြေမှုန်းရမယ်၊ ဖမ်းမိတဲ့ ရန်သူ့စစ်သုံ့ပန်းကို တို့တပ်မတော်ရဲ့ (သုံ့ပန်းပေါ်လစီ) အတိုင်းကျင့်သုံးရမယ်၊ စစ်ဖြစ်နေတဲ့ နှစ်ဘက်စစ်တပ်ဟာ ပြည်ထောင်စုဘွား ညီနောင်တွေဖြစ်တယ်။ နိုင်ငံခြားသား ကျူးကျော်လာသူတွေ မဟုတ်ဘူး၊”

“တို့ညီနောင်များအကြား ဖြစ်ပွားနေတဲ့ ပြသနာတွေကို စစ်နဲ့ဖြေရှင်းတဲ့နည်းဘဲ ရှိသလား။ အခြားနည်း မရှိတော့ဘူးလား။ ၁၉၄၈ ခုနှစ်က ဒီနေ့အထိ စစ်ဖြစ်နေတယ်၊ သတ်နေကြတယ်၊ အပစ်မဲ့ ပြည်သူတွေ သောက်သောက်လဲ သေကြတယ်”

“သွေးပင်လယ်ထဲ လူ့အလောင်းတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်ဖြစ်နေပြီ” စိတ်မကောင်းစရာ ဖြစ်ခဲ့ရတယ်လို့ ပြောလိုက်ပါသည်။


ဆက်လက်ပြီး ကြောက်လန့်နေတဲ့ရန်သူ စိတ်ငြိမ်သွားစေရန် ဆေးလိပ်တိုက်ခိုင်းလိုက်ပါသည်-
“ဆေးလိပ်သောက်တတ်သလား” ဟုမေးရာ “သောက်တတ်ကြောင်း” ဖြေသဖြင့် ဆေးမှူးဆရာ သာလေးဒေးမှ ညဈေးက ဝယ်လာသော စီးကရက်တလိပ် ထုတ်ပြီး မီးညှိ ပေးလိုက်သည်။ဆေးလိပ်သောက်ပြီး စိတ်ငြိမ်သွားပုံရသဖြင့် -

“မင်းနံမယ်” မေးလိုက်ရာ၊
“ကြည်အေး”
“ကိုယ်ပိုင်အမှတ်”
“၅၆၅ ၅၆၄”
“အဆင့်”
“တပ်သား”
“တပ်ဖွဲ့”
“အမှတ် - ၃ ခြေမြန်တပ်ရင်း (ခမရ - ၃)”

“လူမျိုး”
“ဗမာ”
၎င်းကိုမေးနေစဉ် မိမိအတွေး၌ “ဒဏ်ရာရ ရန်သူသည် မိမိတို့ ကရင်လူမျိုးကို သတ်ချင်လို့၊ မုန်းတီးလို့ စစ်ထဲဝင်ခြင်း မဖြစ်နိုင်၊ စစ်အာဏာရှင်များ၏ စစ်တပ်ကြီးစိုးရေး၊ အာဏာတည်မြဲရေးစနစ်ဆိုးကြောင့် လူနေမှု အဆင့်အတန်း နှိမ့်ကျပြီး စားရမဲ့၊ သောက်ရမဲ့ ဘဝရောက်နေကြသဖြင့် စစ်ထဲဝင်လာခြင်း ဖြစ်မည်”၊ “အထက်အမိန့်အရ ကျားတက်ထိုးခြင်း” ဖြစ်မည် ဟု တွေးတောနေမိပါသည်။

ကျွန်တော်သည် သွေးထွက်လွန်နေသဖြင့် မျက်နှာဖြူဖတ်ဖြူယော် ဖြစ်နေသော တပ်သားကြည်အေးကိုကြည့်ပြီး မိမိဖခင် (မန်းဘဇန်) ၏ သြဝါဒကို ကြားယောင်လာသည် - “စစ်မြေပြင်မှာ ရန်သူကိုဖမ်းမိရင် မသတ်ရ၊ မနှိပ်စက်ရ၊ ကောင်းစွာဆက်ဆံပါ၊ ဒဏ်ရာနဲ့ဆိုရင် ဆေးကုပေးပါ” “စစ်သားစုဆောင်းရေးဟာ စစ်မြေပြင်မှာရှိတယ်” မိမိယုံကြည်ကိုးကွယ်တဲ့ သခင်ခရစ်တော်က “Love your enemy - သင့်ရန်သူကိုချစ်ပါ” လို့သွန်သင်ခဲ့သည်။
မိမိဖခင်ရဲ့သွန်သင်မှုနဲ့  သခင်ခရစ်တော်ရဲ့ သြဝါဒကို လက်တွေ့အကောင်အထည်ဖေါ်ခွင့် ရလိုက်တဲ့အတွက် မိမိကြည်နူးမိသည်။



ထိုအချိန်၌ သေနတ်သံများ ပြန်လည်ပေါ်ထွက်လာသည်။ တပ်သားကြည်အေးအား ဆေးမှူးနှင့်ထားခဲ့ပြီး မိမိတပ်ရှိရာ ပြန်လာသည်။ တိုက်ပွဲများပြင်းထန်စွာ ပြန်လည် ဖြစ်ပွားလာသည်။ သေနတ်သံမျိုးစုံ ပေါ်ထွက်လာသည်။ မိမိတို့နှင့် ထိတွေ့မှုဖြစ်နေသော (ခမရ - ၃) မှ ၄င်း၊ (ဖွေးထောရူ)မှ ပိတ်ဆို့မှုယူထားသော (ခမရ - ၅) မှ လက်နက်ကြီးများ နှင့်၎င်း စုပုံပစ်ခတ်လာပါတော့သည်။

“လောကွားမှ တာဖ၊ ကစိုမှာ (ခလရ - ၂၈) စစ်ကူအဖြစ် ထပ်မံရောက်လာ၊ နောက်ကြောက ပိတ်ဝိုင်းဘို့ရှိ၊ ဒါကြောင့် အစီအစဉ် အတိုင်း ဆက်လုပ်” ရန် မိမိ စစ်ကြောင်းမှူးက ညွန်ကြားလာသဖြင့် တပ်ခွဲအား ပြင်ဆင်ခိုင်းပါတော့သည်။

ထို့နောက် မိမိလည်း ရန်သူလူနာရှိရာသို့ ပြန်လာပြီး၊ (ခမရ - ၃) တပ်ရင်းမှူးထံ စာတိုလေး ရေးခဲ့သည်။ ကြည်အေး စစ်ခုံရုံးမရောက်ရန်နှင့် ထောင်မကျ ရန်အတွက် စေတနာ အရိုးခံဖြင့် “တပ်သားကြည်အေးကို ဒဏ်ရာနှင့် ဖမ်းမိ၊ ဆေးကုသမှုပြုခဲ့၊ အသက်အန္တရာယ် မစိုးရိမ်ရတော့၊ မိမိတို့ ဘာကြောင့် စစ်တိုက်နေလဲ ဆိုတာ နားလည်ပါဗျား” ဟု ရေးသားခဲ့ပါသည်။

တပ်ခွဲ (၃) မှ ဗိုလ်ကူသေး (ကျဆုံး)အား အစီအစဉ်အတိုင်း စတင်ဆုတ်ခွာရန် ထပ်ဆင့် ညွန်ကြားလိုက်သည်။ မိမိတို့ တပ်ခွဲ - ၄ လည်း ရဲဘော်ကြည်အေးကို ထင်းပုံကြား၌ ထားခဲ့ပြီး အစီအစဉ်အတိုင်း(ဖါးအီး)သို့ ဆုတ်ခွာလာတော့သည်။
မိမိတပ်ခွဲသည် (ခမရ - ၃) မှ ကျဆုံး တပ်စုမှူးနှစ်ဦးဖြစ်သော ဗိုလ်မြင့်အောင်နှင့် ဒုတိယဗိုလ်မြင့်ဝင်းကြူထံမှ သိမ်းပိုက်ရရှိလိုက်သော Browning ပစ္စတိုနှစ်လက်နှင့် ကျန်အခြားလက်နက် (၆) လက်ကို ယူဆောင်၍ စုရပ်သို့ ပြန်လည် ထွက်ခွါလာတော့သည်။

တိုက်ပွဲတစ်ပွဲကတော့ ပြီးသွားပါပြီ။ အချိန်တိုအတွင်း ရန်သူ့လက်နက် (၈) လက် ရရှိလိုက်ပါသည်။
မိမိဘက် ဒဏ်ရာရ (၂) ဦး၊ မိမိကျည်သုံးစာရင်း ထောင်ဂဏန်းမျှသာရှိသည်၊ မိမိအောင်ပွဲကား ဒဏ်ရာနှင့်ဖမ်းမိသော ရန်သူစစ်သုံ့ပန်းကို မိမိတို့တပ်မတော်၏ သုံ့ပန်းပေါ်လစီအရ တိကျစွာ ကျင့်သုံးနိုင်ခဲ့သဖြင့် ဝမ်းမြောက်ပီတိ ဖြစ်ရပါသည်။ အကယ်၍သာ တပ်သားကြည်အေးတစ်ယောက် အသက်ရှင်နေသေးပါက အမိပြည်ထောင်စုတဝှမ်း ငြိမ်းချမ်းသာယာဝ ပြောရေး၊ လူမျိုးစုံ သွေးစည်းချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်နိုင်ပါစေဟု ဆုတောင်းလိုက်ပါသည်။

ဖိုးတရုတ်ဘလော့မှပြန်လည်ကူးယူသည်။

No comments:

Post a Comment