ondragstart="return false" onselectstart="return false"

Saturday, December 26, 2009

မြန်မာ့တပ်မတော်တွင်းက ဆရာများရဲ့ အခန်းကဏ္ဍ အပိုင်း - ၁

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (မဇ္ဈိမ ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။)

ဒီဆောင်းပါးမှာတော့ တပ်တွင်းအောက်ခြေက ဆရာလို့ အခေါ်ခံရတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ်နဲ့ တပ်ကြပ်ကြီးတွေ အကြောင်းကို စုံစုံလင်လင် တင်ပြသွားပါမယ်။ ရဲဘော်တွေအထက် တဆင့်မြင့်သူတွေဟာ ဒုတပ်ကြပ်နဲ့ တပ်ကြပ်တွေ ဖြစ်ကြပြီး သူတို့ကို တပ်မတော်ရဲ့ အငယ်ဆုံး တပ်မှူးငယ်တွေ၊ တပ်စိတ်မှူးတွေလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ သူတို့ဟာ ထမင်းဟင်းချက်ရတဲ့ ဘဝက ကင်းလွတ်သွားပြီး ဆရာလို့ အခေါ်ခံရတဲ့ ဝိသေသ ဂုဏ်ထူးနဲ့အတူ တန်းစီနေရာပေးရင် တောင်မှ ရဲဘော်တွေထက် အခွင့်အရေး အနည်းငယ် ပိုရလာပြီ ဖြစ်ပါတယ်။

ဆရာဖြစ်လာပြီ ဆိုကတည်းက ပေါ့ပါးတဲ့ သေနတ်ကို ကိုင်ရတာကအစ ကွာခြားသွားပြီး ကင်းဇယားတွေ ကြီးကြပ် ရေးဆွဲရကာ ကင်းစောင့်ရင်တောင် စိတ်ကြိုက်ရွေးချယ်ခွင့် ရသွားကြပါတယ်။ ရှေ့တန်းတိုက်ပွဲတွေမှာ ဘယ်လောက်ပဲ အင်အားထုထည် ကြီးမားစွာဖြင့် တိုက်ခိုက်ပါစေ၊ နောက်ဆုံး တိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ပေးတာကတော့ တပ်စိတ်ကသာ ဖြစ်ပြီး အဓိက အရေးပါတာကလည်း တပ်စိတ်မှူး ဆရာတွေဖြစ်ကြတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ် (Corporal) တွေပဲ ဖြစ်ကြ ပါတယ်။

တပ်စိတ်မှူး ဆရာတွေဟာ ရိက္ခာဝေငှရင်ဖြစ်ဖြစ်၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ခွဲဝေရင်ဖြစ်ဖြစ်၊ ကင်းပုန်းဝပ်ရင် ဖြစ်ဖြစ်၊ လှည့်ကင်းထွက်ရင်ဖြစ်ဖြစ်၊ လူနာနဲ့ရိက္ခာ ပို့ကြိုလုပ်ရင်ဖြစ်ဖြစ်၊ လမ်းကြောင်း လုံခြုံရေးယူတဲ့အခါဖြစ်ဖြစ်၊ အခြေခံ အကျဆုံးဖြစ်လို့ အရေးပါတဲ့ ကဏ္ဍတရပ်မှာ ပါဝင်ပါတယ်။ တချို့ တပ်ရင်းမှူးတွေဟာ စစ်ဆင်ရေး အရေးကြီးလာရင် အရာရှိတွေနဲ့ ဆရာကြီးတွေကိုသာမက တပ်စိတ်မှူးဆရာတွေ အဆင့်ထိ ခေါ်ယူကာ Briefing လုပ်တာ တွေ့ရပါတယ်။

ဒုတပ်ကြပ်၊ တပ်ကြပ် ဖြစ်လာပြီဆိုရင် တပ်စိတ်မှူးသာမက လစာကြပ်တာဝန်၊ ဆက်သွယ်ရေးတာဝန်၊ လက်ဖြောင့် တပ်စိတ်မှူးတာဝန်၊ တပ်ရင်းမှူးရဲ့ အနီးကပ် လူယုံတော်တာဝန်၊ စိုက်ပျိုးရေး မွေးမြူရေးတာဝန်၊ မော်တော်ယာဉ် ယာဉ်မောင်းတာဝန်၊ စရဖ အကြပ်တာဝန် စသဖြင့် လိုင်းများစွာ၊ ရာထူးဌာနများစွာ ပွင့်သွားပြီး မိမိရဲ့ ကြိုးစားအားထုတ်မှု၊ အထက်လူကြီးတွေရဲ့ ယုံကြည်မှုနဲ့ သစ္စာရှိမှုအပေါ် မူတည်ကာ တက်လမ်းများစွာလည်း ရှိနေပါတယ်။

အကြပ်တွေအတွက် သင်တန်းများစွာ ခေါ်ယူလို့ တက်ရောက်သင်ကြားခွင့်ရှိပြီး သင်တန်းမှာ ထူးချွန်ပါက ပညာသည် တပ်ဖွဲ့တွေဖြစ်ကြတဲ့ ဆက်သွယ်ရေးတပ်ဖွဲ့၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ခွဲ၊ အမြောက်နဲ့ သံချပ်ကာ တပ်ဖွဲ့တွေအပြင် စစ်ဖက်လုံခြုံရေးရာ တပ်ဖွဲ့တွေကလည်း ခေါ်ယူလေ့ ရှိပါတယ်။ ဒါ့အပြင် တပ်ကြပ်အဆင့်ကို ရောက်ရင် ဗိုလ်လောင်း သင်တန်းသို့ တက်ရောက်ခွင့် လိုင်းကိုလည်း ဖွင့်ထားတာမို့ မျှော်လင့်ချက် ရောင်ခြည်လည်း ရှိလာပါတယ်။

တချို့ အကြပ်တွေဟာ မိမိတို့ရဲ့ မူရင်း ရဲဘော်ဘဝကို မေ့ပြီး ဘဝင်မြင့်ကာ ဆရာကြီးတွေရဲ့ စည်းစိမ်ဥစ္စာကို အားကျနေတာလည်း တွေ့ရပါတယ်။ တချို့အကြပ်တွေကျတော့ ကံကောင်းပြီး အမြန်ဖြစ်လာရာ အောက်သက် မကျေကြတာမျိုးလည်း တွေ့ရှိရပါတယ်။ အကြပ်ထဲမှာ ရေပန်းစားတာကတော့ လစာကြပ်ဖြစ်ပြီး စစ်သည်တွေရဲ့ လစာငွေနဲ့ ရိက္ခာစိုငွေတို့ကို ကိုင်တွယ်ရတာမို့ တပ်ခွဲမှူးရဲ့ ယုံကြည်စိတ်ချရမှုနဲ့ အားအထားရဆုံးသူ ဖြစ်ပါတယ်။ ဖျတ်လတ်မှု၊ ပညာအရည်အချင်း အနည်းဆုံး ၈ တန်း ရှိမှု၊ ရိုးသားမှု၊ ရုံးလုပ်ငန်း ကျွမ်းကျင်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု စတာတွေနဲ့ ပြည့်စုံရပါမယ်။

တပ်ရင်းတွေ ရှေ့တန်းထွက်ပြီဆိုရင် လစာကြပ်ဟာ သက်ဆိုင်ရာ မိမိတပ်ခွဲက အရာရှိ စစ်သည်တွေရဲ့ သာရေး၊ နာရေး ကိစ္စတွေကို အကုန်လုံး သိမ်းကျုံးလုပ်ပေးရတဲ့အပြင် အိမ်ထောင်သည်လိုင်းကိုလည်း ကြီးကြပ်ရသူ ဖြစ်ပါတယ်။ လုပ်ငန်းဆက်စပ်မှုအနေနဲ့ တပ်ရေးဗိုလ်ကြီးဆိုသူကို ခစား နှစ်ပါးသွားရပါတယ်။ လစာကြပ်ဟာ မကြာခဏ ခွင့်မဲ့ ပျက်ကွက်ဖြစ်နေတဲ့ စစ်သည်တွေရဲ့ လစာ၊ ရိက္ခာ၊ စစ်ဝတ်ပစ္စည်းတွေကို အပြန်အလှန် “ဗုန်း” ကြတဲ့ C.Q လို့ ခေါ်တဲ့ တပ်ခွဲတပ်ကြပ်ကြီး၊ တပ်ခွဲမှူးနဲ့ တပ်ရေးဗိုလ်ကြီးတို့ အကြားမှာ ကြားညှပ်ရတဲ့ တရားခံလည်း ဖြစ်ပါတယ်။ လစာတွေကို ထုတ်ယူပေးတဲ့ တပ်ရေးဗိုလ်ကြီးက မသမာမှု လုပ်လို့ ငွေလိုရင်လည်း လစာကြပ်အနေနဲ့ စိုက်လျော်ရသလို C.Q နဲ့ တပ်ခွဲမှူးတို့အကြား ကြားညှပ်ရတဲ့ အဖြစ်မျိုးတွေကိုလည်း သူတို့ ကြုံတွေ့ရတတ်ပါတယ်။ သူတို့ကို ကြည့်လိုက်ရင် ဗလာစာအုပ်၊ ဘောပင်နဲ့ အလုပ်ရှုပ်နေတတ်သလို ကပျာကယာ သွားလာရင်း ပါးစပ်က ပွစိပွစိနဲ့ ရေရွတ်ကာ ခေါင်းရှုပ်နေတာကိုလည်း တွေ့ရှိရပါတယ်။
လက်နက်တိုက်တာဝန် ယူရတဲ့ အကြပ်ကတော့ လက်နက်၊ ခဲယမ်းပစ္စည်းတွေကို ထိန်းသိမ်းရပြီး စစ်ခုံရုံးက သူ့ကို အမြဲတမ်း ကြိုဆိုရလောက်အောင် အန္တရာယ်များလှပါတယ်။ သူဟာ စစ်သည်တွေ ရှေ့တန်းက ပြန်လာရင် ပျောက်ရှတဲ့ လက်နက်ခဲယမ်း မှန်သမျှကို C.Q နဲ့ တပ်ခွဲမှူးထံ အမြဲတမ်း တင်ပြရပြီး တာဝန်ယူကာ ဖြေရှင်းပေးနေရပါတယ်။ လက်နက်တိုက် တာဝန်ခံဟာ ဒုတပ်ရင်းမှူးနဲ့ တပ်ရင်းမှူးတို့ ရှောင်တခင် ဝင်စစ်လိုက်လို့ စာအုပ်စာတမ်းပါ အချက်အလက်တွေနဲ့ မြေပြင်စာရင်းဇယား မကိုက်ညီရင် အချုပ်ခန်းထဲသို့ ဈေးဦးပေါက် ဝင်ရတဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို အမြဲတမ်း သောကတောင်တန်း ဗျာပါလွှမ်းနေတာ တွေ့ရပါတယ်။

ဒုတိယ ဆဲဆိုအခံရဆုံး သူကတော့ ဗဟိုကင်း ကင်းမှူးတာဝန်ယူရတဲ့ အကြပ်ဖြစ်ပြီး လူကြီးတွေလာတိုင်း အမြဲတမ်း အပြစ်မရှိ အပြစ်ရှာ ငေါက်ငမ်းဆဲဆိုသွားတာ အခံရဆုံးသူ ဖြစ်ပါတယ်။ ကျည်လွတ်မြေမှာ နေရပေမယ့် အမြဲတမ်း လေ့ကျင့်ပြင်ဆင်နေရပြီး စိတ်သောက ဖိစီးစွာနဲ့ နေရသူ ဖြစ်ပါတယ်။ အချုပ်သားတွေကို လုပ်အားပေး လုပ်ခိုင်းရင်ဖြစ်စေ၊ အိမ်သာ သွားခိုင်းရင်ဖြစ်စေ၊ ထွက်ပြေးမှု မကြာခဏ ရှိတာကြောင့် အရင်ဆုံး ဈေးဦးပေါက် အချုပ်ခန်းဝင်ရတဲ့ ဗဟိုကင်း ကင်းမှူးဘဝဟာလည်း သနားစရာ ဖြစ်ပါတယ်။

အကြပ်ထဲမှာ အရေးပါဆုံး နောက်အမျိုးအစား တခုကတော့ စရဖ အကြပ်ဖြစ်ပြီး တပ်ရင်းရုံးရဲ့ စစ်ဦးစီးပိုင်းဆိုင်ရာ အမြင့်ဆုံးနေရာကို ရထားသူပီပီ ဘဝင်လေဟပ်ကာ ဘဝတူ ရဲဘော်တွေနဲ့ ဆရာအချင်းချင်းကို ကြည့်ရင်တောင် အပေါ်စီးမှ ကြည့်တတ်သူ ဖြစ်ပါတယ်။ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေ၊ မြေပုံ အတိုဝှက်၊ ကြေးနန်းစာတွေ ကိုင်ရသူပီပီ အရာရှိတွေရဲ့ မျက်နှာသာပေးခြင်း ခံရလို့ အထူးအခွင့်အရေး ရကာ တန်းစီခြင်း၊ လုပ်အားပေးခြင်းတို့မှ ကင်းလွတ်ခွင့် စတဲ့ အခွင့်အရေးတွေကို ရရှိသူတွေ ဖြစ်ကြပါတယ်။

အပိုင်း (၂) ကို တနင်္လာနေ့တွင် ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment